ကောင်းကင်က ကျနော့်ရှေ့မှာပဲ တအိအိ ပြိုကျလို့နေသည်။
သိမ်းထားသည့်စာအုပ်အဟောင်းများကို ကျနော် လွှတ်ပစ်လိုက်တော့မည်ဟု ပြောလိုက်တော့ သူက ခြောက်ကပ်ကပ်ရယ်နေသည်။ ထိုစာအုပ်အဟောင်းများထဲတွင် စာဖြင့် ရေးမထားသော မှတ်ဉာဏ်တချို့ပါဝင်နေသည်ကိုတော့ ပြောပြဖို့ရန် မလိုလောက်ပါ။ ထိုမှတ်ဉာဏ်များကို မီးရှို့လိုက်လျှင် စိမ်းညှို့ညှို့အနံ့ထွက်နေမည်ဟု သူနှင့်ကျနော် သဘောတူခဲ့ဖူးကြသည်။
စာအုပ်တွေမှိုတက်သလို မှတ်ဉာဏ်တွေကကော မှိုတက်က်သလားတော့ ကျနော်မသိပါ။ သူကော သိပါလိမ့်မည်လားလည်း ကျနော်မသိပါ။ ကျနော် မသိသည့်အကြောင်းကို သူသိမသိကိုလည်း ကျနော် မသိပါ။ ကျနော် မသိသည့်အရာများ မည်မျှများနေလည်း ကျနော် မသိပါ။ ထိုအကြောင်းကို သူ သိမသိလည်း ကျနော်မသိပါဟုသာ ဝန်ခံရပါမည်။ မသိခြင်းတံတိုင်းကြီးက သူနှင့်ကျနော်၏နယ်စပ်မျဉ်းကြီး ဖြစ်နေနိုင်သည်။
ကျနော် မိုးပေါ်မော့ကြည့်လိုက်တော့ ကောင်းကင်ကြီးက ကျန်သင့်သလောက်တော့ ကျန်နေပါသေးသည်။
မနေ့က အဖြစ်အပျက်များကိုတော့ မေ့၍မရနိုင်သေး။ ကျနော်က ဒီနေ့အတွက် ရှင်သန်ဖို့ မေ့နေသော မနေ့ကအိပ်မက်အဟောင်းတခုဟု သူ ပြောဖူးခဲ့သည်ဟု ထင်သည်။ သူကတော့ ဆန့်ကျင်ဘက်ပဲဟု သူကိုယ်တိုင်ကလား ကျနော်ကပဲလား ပြောခဲ့ကြဖူးသည်။
အဖြစ်အပျက်ဆိုသည်များက ဖြစ်လိုက်ပျက်လိုက်နှင့် တရိပ်ရိပ်ပြောင်းလဲနေသည်။ နေကြောင့်စောင်းသွားသော အရိပ်များထဲတွင် သူနှင့်ကျနော်၏ အဖြစ်အပျက်များ ပါနေပါလိမ့်မည်။ ညရောက်တော့လည်း အရာအားလုံးက အရိပ်ပါဘဲဟု ကျနော်ပြောလိုက်တော့ သူဘယ်လို ဖြစ်သွားသည်လည်း ကျနော် မမြင်လိုက်ရတော့။ အမှောင်က ကျနော်တို့ဘဝများကို အားရပါးရ ဝါးမျိုသွားခဲ့ပြီး ဖြစ်နေသည်။
ကျနော်က 'နေ' မဖြစ်ချင်ခဲ့သူပေမယ့် တခါခါ ပူလောင်နေတတ်သည်။ လောင်ကျွမ်းနေတတ်သည်။ အထီးကျန်နေတတ်သည်။ သို့သော်လည်း အလင်းတော့ ကင်းမဲ့နေတတ်သေးသည်။
မနက်ဖြန်ဆိုသည်များ ရှိသေးလျှင်တော့ ကောင်းကင်က ကောင်းကောင်မြင်နိုင်လောက်စရာ ရှိနိုင်ပါလိမ့်မည်။
ကျနော်ကတော့ ညမှာယစ်မူးပြီး မနက်တွေကို အိပ်စက်လိုက်ခြင်းဖြင့် မနက်ဖြန်များကို ကျပျောက်ပစ်လေ့ရှိသည်။ မှတ်ဉာဏ်အဟောင်းများ ပါဝင်ခွင့်မရှိသော မနက်ဖြန်ဆိုသည်က မည်သူမှမဖတ်ချင်တော့သော စာအုပ်အဟောင်းတအုပ် ဖြစ်နေနိုင်သည်။
ကျနော်က စာအုပ်အဟောင်းများကို လွတ်ပစ်တော့မည်ဆိုတော့ သူ ခြောက်ကပ်ကပ်ရယ်ပြီး ကျနော့်မနက်ဖြန်များကလည်း ခြောက်ကပ်ကပ်ဖြစ်သွားတော့သည်။
ကောင်းကင်က အမှောင်ထဲထိုးကျသွားတော့ ကျနော့်နေ့ရက်များကလည်း အမှောင်မှာပဲ ယစ်မူး ပျော်ပါးနေတော့မည်။
#ခရမ်းသစ်အိမ်

Comments
Post a Comment