ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။
အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။
တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။
ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပြီ။ တရိပ်ရိပ်နဲ့နီးလာတဲ့ ကျောင်းဆင်းခေါင်းလောင်းသံကို နေမထိထိုင်မသာနဲ့ စောင့်နေရတဲ့အချိန်တွေပဲ။ ခေါင်းလောင်းသံကလွဲရင် ဘာကိုမှ မကြားချင်တော့တဲ့ အဲဒီညနေတွေက နားရွက်တွေ ကျွန်တော့်ဆီကို ခုန်ပေါက်ပြီး ရောက်လာကြတော့တယ်။ ကျောင်းဆင်းရတော့မယ် ကျောင်းဆင်းရတော့မယ်လို့ ပြောနေလားမသိတဲ့ ခေါင်းလောင်းတွေက ရင်ကွဲလောက်အောင် အော်မြည်တီးလို့ နေပြီ။
စားပွဲဆီက ရွှေ့မရတဲ့စိတ်နဲ့ကိုယ်ကို ကျွန်တော်တဟေးဟေးနဲ့ အော်ခေါ်နေမိတယ်။ ဘယ်သူကမှ ကြားပုံမရတဲ့ ကျွန်တော့်အသံတွေက ငယ်ငယ်တုန်းကနေ့တွေမှာ အော်မိနေတာများလား။ ဒါဟာ အိမ်ဆီကို ပြေးကြဖို့ ပထမဆုံးအဆင့်အဖြစ် လွယ်အိတ်ထဲကို စာအုပ်တွေ အလျင်စလိုထိုးထည့်ရတော့မဲ့ အချိန်ပဲဖြစ်မှာပေါ့။ ကျွန်တော် ဝေ့ဝဲပြီးတက်လာတဲ့ စာအုပ်တွေနဲ့ လွယ်အိတ်တွေကို ကြည့်နေမိတယ်။ ဒါဟာ အနာဂတ်ဆီကို လွင့်ပျံတက်သွားဖို့ ခုကတည်းက အားယူနေပြီလားပေါ့။
အားလုံးမတ်တပ်ရပ်လို့ အော်ရမဲ့အချိန်က ရောက်လာပြီလေ။ ဟိုကောင်ဆိုရင်တော့ သူ့အသံဗြဲကြီးနဲ့ အဲဒါကို အားရပါးရ ကြုံးအော်လိုက်တော့မယ်ဆိုတာကို ကျွန်တော်တွေးမိတယ်။ ကျွန်တော် လှမ်းပြီးအော်ဖို့ အားထုတ်နေမိပေမဲ့လည်း အချည်းနှီးပဲ။ နံပါတ်တစ်က ကျွန်တော့်ရဲ့အသံတွေက ဘယ်ရောက်သွားလဲ ကျွန်တော် မသိတော့ဘူး။ နံပါတ်နှစ်ကတော့ မတ်တပ်ရပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ တုန်ခါမြည်ဟီးနေတဲ့ မြေသားပြင်ကြီးနဲ့ ကျောင်းခန်းဆောင်ကြီးက ကျွန်တော့်ရှေ့မှာ တစစီဖွာလန်ကျဲပြီး လေထဲလွင့်ဝဲလို့နေပြီ။
ဟိုကောင်ကတော့ အားလုံးမတ်တပ်ရပ်ဆိုပြီး ‘ကမ္ဘာမကြေ’ လို့ အသံရှည်ကြီးနဲ့ ဆွဲပြီးအော်လိုက်ပြီ။ ကျွန်တော်တို့လွယ်အိတ်တွေကလည်း ခေါင်းပေါ်ကကျော်ပြီး ကျောနောက်မှာ နေသားတကျယူလိုက်ကြပြီ။ ပြီးရင်တော့ ထွက်ပေါက်ကို မျက်စောင်းထိုးရင်း ကျွန်တော်တို့ အာပြဲလျှာပြဲနဲ့ ကမ္ဘာမကြေကြပြီလေ။
အခုကလည်း ကမ္ဘာမကြေရဦးမဲ့ အချိန်ပေါ့။ လွင့်ဝဲနေတဲ့ လွယ်အိတ်တွေက နောက်ကျောဆီကို ရောက်မလာကြတော့ဘူး။ လက်တွေက လှမ်းပြီးလိုက်ဆွဲထားကြရင်းနဲ့ သွေးကဖြစ်သောအသားဟာ အသားကဖြစ်သောသွေးတွေနဲ့ စိုရွှဲလို့သွားတယ်။
ဟေး ဟေးလို့အော်လိုက်ပေမဲ့ တအားအားအော်မြည်သံပဲ ကျွန်တော့်နှုတ်ခမ်းဖျားက ထွက်လာတယ်။ ဟိုကောင်က ကျွန်တော့်ကို ပြုံးကြည့်နေမှာပဲ။ ဘယ်တော့မှ သူ့ထက်အသံကျယ်အောင် ကျွန်တော် မအော်နိုင်ခဲ့ဖူးကိုး။ မင်းပြုံးနေမှာမလား၊ မင်းငါ့ဆီ အရောက်ပြန်လာဦးမှမလားလို့ ကျွန်တော့်စိတ်ထဲကနေပဲ ခပ်တိုးတိုးလှမ်းပြောလိုက်တော့တယ်။ ကျွန်တော့်အသံတွေကို သူ မကြားနိုင်တော့ဘူးလေ။ တခြားဘယ်သူကမှလည်း မကြားနိုင်လောက်တော့ဘူး။ ကျွန်တော့်လည်ချောင်းတွေက ခြောက်ကပ်ကွဲရှလို့နေပြီ။ ဒါပေမဲ့ အားကုန် အော်နေမိတုန်းပဲ။ မကြားတာကတော့ ကျွန်တော့်နားတွေကနေတောင်မှ မကြားနိုင်တော့ဘူး။
ကျွန်တော့်နားထဲမှာတော့ ကမ္ဘာမကြေသီချင်းသံက နားစည်တွေ ပေါက်ကွဲထွက်စေနိုင်မဲ့ ကျယ်လောင်စူးရှမှုမျိုးနဲ့။
ဘယ်သူအိမ်အရင်ရောက်လဲ ပြေးကြမှာမလားဆိုတဲ့ အနားကတစ်ယောက်ရဲ့အသံကို ကြားတော့ ဒါက သေသွားပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ပဲဆိုတာကို ကျွန်တော် ချက်ခြင်းသိလိုက်တယ်။ ဘယ်သူက အရင်ရောက်မှာလဲလို့ ကျွန်တော်တို့ တပ်အပ်မပြောနိုင်ကြတော့ဘူး ထင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က လေထဲမှာ ထိုးခွဲပျံသွားဖို့ တောင်ပံတွေတောင် မလိုတော့ဘူး။ အမြင့်ဆုံးခုန်တက်ပြီး ကျောင်းတံခါးပေါက်ဆီကို တိုးထွက်လို့နေကြပြီ။
ဟိုကောင်ကောလို့ လမ်းမှာ ကျွန်တော် မေးလိုက်မိတယ်ထင်တာပဲ။ သူ့အသံကျယ်ကျယ်က ကျွန်တော်တို့ဆီ ရောက်မလာတော့ဘူးလေ။ ငါတို့ ကမ္ဘာမကြေသီချင်းကို ကမ္ဘာမကြေသီချင်းလို့ပဲ ခေါ်ခဲ့ကြတာမှတ်မိတယ်မလားတဲ့။ ကျွန်တော် ခေါင်းပဲ ညိတ်ပြလိုက်တယ်။ အေး အာကာသထဲသွားချင်တဲ့ ဟိုကောင်က ခုတော့ ‘နိုင်ငံတော် သီချင်း’ လို့ပဲ ခေါ်တော့တယ်ဟ ဆိုတဲ့ အသံမူးမူးကြီးအောက်မှာတော့ ကျွန်တော်တို့အသည်းတွေ ကွဲကြေသွားတော့တာပဲ။ အာကာသထဲမရောက်တောင်မှ လေထဲမှာ ဝဲပျံနေတာ့မှာပါကွာလို့ ကျွန်တော်တို့ ပြောဖြစ်ကြသေးလား မသိနိုင်တော့ဘူး။
ဒီကောင် ပြန်လာဦးမှာကွ။ ငါတို့အတွက် လက်ဆောင်တွေနဲ့ ပြန်လာဦးမှာကွလို့ ကျွန်တော် ပြောလိုက်တော့ သူက ရယ်တယ်။ အစောနက ပေါင်ငါးရာလက်ဆောင်ထုပ်ကြီးက ဟိုကောင်ပို့လိုက်တာလေတဲ့။
ပြုတ်ထွက်သွားတဲ့ ခေါင်းက ဘယ်တွေးတတ်တော့ပါ့မလဲ။ အိမ်ပြန်ဖို့ပဲ တွေးနေကြတာလေ။
ဟိုကောင်လည်း အိမ်ပြန်ရောက်ပြီး သူ့ရဲ့ ‘နိုင်ငံတော် သီချင်း’ ကို ပျော်ပျော်ကြီး ဆိုနေလောက်ရောပေါ့။
မည်းမှောင်ကျသွားတဲ့ အရိပ်တွေက ကျွန်တော်တို့စိတ်တွေထဲအထိ တဒုန်းဒုန်းပြိုကျစူးဝင်သွားပြီး ငါ-ိုးမ နိုင်ငံတော် လို့ ကျွန်တော်တို့ အားရပါးရ အော်ပစ်လိုက်ကြတယ်။ ခုတော့ အဲဒါက ကျွန်တော်တို့ရဲ့ ကမ္ဘာမကြေသီချင်း ဖြစ်သွားကြပြီ။ ဒါမှမဟုတ်လည်း နိုင်ငံတော်သီချင်းပေါ့။
“ငါ-ိုးမ နိုင်ငံတော်”
“ငါ-ိုးမ နိုင်ငံတော်”
“ငါ-ိုးမ နိုင်ငံတော်”

Comments
Post a Comment