Skip to main content

ရောမလက်ကျန် လဗန်ဒါ

(၁) အစီအစဉ် 

Do I really look like a guy with a plan? ဆိုတဲ့ ဂျိုကာရဲ့စကား ကြားဖူးလိုက်တဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုလည်း အဲဒီစကား ပြန်ပြန်သုံးမိတယ်။ တခြားလူတွေကို မပြောဖြစ်ပေမယ့် ကိုယ့်ဖာသာပြန်သုံးသပ်ချက်အရတော့ သေချာအစီအစဉ်ဆွဲပြီး လုပ်တတ်တဲ့လူမျိုး မဟုတ်တာပဲ။ အစီအစဉ်တကျစဉ်းစားထားတာမဟုတ်ဘဲ ကြုံသလိုလုပ်သွားခဲ့မိတာက များများလို့ ကိုယ့်ဘာသာတော့ ထင်တာပဲ။ မဟုတ်ရင်လည်း အစီအစဉ်တွေချနေရင်တောင်မှု တကယ်လုပ်ဖြစ်တဲ့အချိန်ကျရင် လတ်တလောဖြစ်တဲ့နောက် ယောင်ပြီး ပါသွားတတ်တယ်။ အဲလိုဆိုလို့ ပြုလွယ်ပြောင်းလွယ်ဆိုလားဆိုတော့လည်း မဟုတ်ပြန် ဘူး။ ခေါင်းမာတတ်တာလည်း တော်တော်များပြီး အခြေအနေအရ ပြောင်းလုပ်တာမျိုးလုပ်ဖို့ အတော်ခက်တယ်။ တခုခုဖြစ်လာရင် ဘာမှ သေချာ မတွေးမိတော့ဘဲ လုပ်ပစ်တတ်မိတာပဲ။ အဲလိုရှိလို့လည်း အစီအစဉ်သေချာဆွဲဖို့ ပိုလိုတယ်ဆိုပေမယ့် အစီအစဉ်တွေယောင်းဝါးဝါးဆွဲထားပြီး ကြုံလာတော့ ကြုံသလိုလုပ်မိနေတာချည်းပဲ။ အဲ ဘဝကလည်း ဘယ်လိုပဲ ကြိုစဉ်းစား စဉ်းစား ဖောက်ပြီးတော့ ဖြစ်ချင်တာလည်း ဖြစ်ရတာပဲ။

ခုတခေါက်တော့ ခရီးထွက်မယ်လုပ်ကြတော့ အရင်တခေါက် အူဗာသွားကြတုန်းက သွားမယ့်နေရာပဲစဉ်းစားပြီး စားမယ့်နေရာမပါခဲ့တာကြောင့် နီးရာဝင်စားတာကို အကြောင်းပြုလို့ ဘယ်ကနေဘယ်သွားလို့ ဘယ်မှာစားမယ် ဘာစားစရာတွေရသလဲကိုပါ လင်မယားနှစ်ယောက် အသေးစိတ်စီစဉ်ဆွဲကြတယ်။ ဒါပေမယ့်လည်း ထုံးစံကတော့ မပျက်ဘူးဆိုတာကို တွေ့ရမှာပါ။

တကယ်တမ်းက ခုခရီးစဉ်ဆွဲတာကိုက စီစဉ်ထားတဲ့ရက်မျိုးမဟုတ်ဘူးလို့ ပဲဆိုရမယ်။ လဗန်ဒါခင်းတွေဆီသွားချင်တယ် သြဂုတ်မတိုင်ခင်သွားမှ ရမယ်ဆိုတော့ ဇူလိုင်လလယ်လောက်လို့ လျာထားကြတာ။ ဗီဇာသက်တမ်းတိုးဖို့ ရက်ချိန်းက ၁၅ရက်နေ့ဖြစ်လာတော့ ဘယ်တော့ဖြစ်မလဲဆိုတာက ဝေဝေဝါးဝါး ဖြစ်သွားပြန်ရော။ အဲလိုနဲ့ သွားမယ့်အကြောင်း အသိတယောက်နား ပြောကြည့် မေးကြည့်တာတောင်မှ ရက်တော့ မသေချာသေးဘူးဆိုတာလောက်ပဲ ပြောဖြစ် တယ်။ သူတို့ကလည်း မြန်မာအသိထဲကပဲ ခရီးတွေသွားနေကြ စီစဉ်ပေးနေကြလူနဲ့ တွေ့ပေးဖို့လုပ်တာ အကြောင်းကြောင်းကြောင့် မဆုံဖြစ်လိုက်ဘူး။ အဲဒီအထိလည်း ဒီနှစ်မဖြစ်ရင် နောက်နှစ်ဆိုပြီးပဲနေနေလိုက်တယ်။ 

အစကတော့ မာဆေးလ်တွေကော လိုင်ယွန်တွေကောဆိုပြီး တပတ်လောက် အထိတောင် စဉ်းစားမိနေတာကိုး။ ပြင်သစ်အစိုးရကနေပြီးတော့ အိမ်ငှားနေတဲ့ ဝင်ငွေနည်းတွေအတွက် ထောက်ပံ့ကြေးပေးတာကလည်း လျှောက်ထားတာ ကြာနေပေမယ့် ခုထိကို ဟိုစာရွက်ပေးဦးဆိုတာရယ် နာမည်ကမှားပြီးဝင်နေလို့ စာရွက်ပေးတာနဲ့ မကိုက်တာရယ်ကြောင့် ခုထိမရသေးတော့ အဲလောက်ရက်ရှည်နဲ့ ဆို မသွားနိုင်သေးဘူး ပိုက်ဆံမရှိသေးဘူးက ဖြစ်နေတယ်။ နေ့ချင်းပြန် မဟုတ်တောင်မှ တညအိပ်လောက်ပဲ သွားမှဖြစ်မယ်ဆိုပြီး စန့်မစ်ရှယ်ဘုရားကျောင်းကြီးဖက်သွားမလား ရှာကြည့်တယ်။ ပြန်စဉ်းစားကြည့် တော့ အဲဒီဖက်ကိုသွားဖို့က ဘွဲ့ယူရရင် အဲဒီနဲ့အနီးနားက ရန်းစ်မှာဖြစ်မှာဆိုတော့ အဲဒီတော့မှ သွားတာ ပိုအဆင်ပြေမယ်လို့ တွေးမိတယ်။ စရိတ်သက်သာသွားမယ်လေ။

တဖက်ကလည်း လဗန်ဒါခင်းတွေ့ရဖို့က သြဂုတ်ဆိုရင် တွေ့နိုင်ခြေ နည်းသွားပြီမလို့ ဒီလထဲမှ မသွားနိုင်ရင်တော့ နောက်နှစ်မှပဲ ဖြစ်တော့မယ်လို့ပဲ စိတ်လျှော့ထားလိုက်ကြတယ်။ အနီးနားက ဗာဆိုင်းနန်းတော်လောက်ပဲ ဒီလထဲ သွားကြတာပေါ့လို့ လုပ်လိုက်ကြတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ပြောသာပြောတယ် မကျေနပ်နိုင်ကြဘူး။

နောက်တော့ ကိုဗစ်လွန်ခါစာမလို့ စျေးသက်သာတဲ့ Ouigo ရထားလက်မှတ်တွေကို စီးသမား နည်းနေသေးတာကြောင့် စျေးလျှော့တဲ့ကြော်ငြာကိုတွေ့တော့မှ ဘယ်သွားရင် ဘယ်လောက် ဘာညာတွေ့ပြီး လိုက်ရှာမိတယ်။ အဲဒီကြော်ငြာကြောင့် Application ကို ဆွဲပြီး ကြည့်လိုက်တာ Avignon ဆိုတဲ့နေရာကို တွေ့လိုက်မိတယ်။ စျေးကလည်း တယောက်ကိုမှ ၂၅ ယူရိုပဲဆိုတာရယ် လဗန်ဒါခင်းတွေနဲ့နီးတဲ့နေရာရယ်ဆိုတော့ ဘယ်လိုလဲဆိုပြီး ပြန်စဉ်းစားကြတယ်။ မာဆေးလ်ကို သွားစရာမလိုတော့ အာဗီညွန်ကို တညအိပ်ပဲဆိုရင်လည်း လဗန်ဒါမြင်ရနိုင်တာဆိုတော့ လင်မယား နှစ်ယောက် မျက်လုံးတွေ အရောင်လက်လာကြတယ်။ နောက်နှစ်ဆိုတာက ကလေးနဲ့ဆိုရင် ဘယ်လိုဖြစ်မလဲ မသိသေးဘူးလေ။ နောက်မှလို့ ပြောပြီးချန်ထားလိုက်တဲ့ အရာတွေက ဖြစ်မလာတတ်တာလည်း ခဏခဏကြုံရတတ်တာကိုး။

ဒါနဲ့ပဲ ဘယ်နေရာတွေ သွားလည်ရမလဲ တည်းခိုဖို့ ဘာရှိလဲ လိုက်ရှာလိုက်တော့ ၅၀ ယူရိုလောက်နဲ့ တည်းစရာတွေ့ပြီးတော့ လဗန်ဒါခင်းတွေဆီ နေ့တဝက် အသွားအပြန်ကားခက ၅၅ ယူရိုဆိုတာ တွေ့သွားတယ်။ တနေ့လုံးစာ ခရီးတွေရှိပေမယ့် ပိုထူးမယ်မထင်တာနဲ့ စရိတ်တက်လာမှာတွေကြောင့် နေ့ဝက် ခရီးက အကောင်းဆုံးပဲလို့ သတ်မှတ်လိုက်တယ်။ ဒီလိုနဲ့ ရထားလက်မှတ်၊ ဟိုတယ်နဲ့ နေ့ဝက်ခရီးကို အွန်လိုင်းက ဝယ်လို့ရနိုင်တာ သေချာသွားတော့ () ရက်နေ့သွားပြီး နောက်ရက်မနက်မှာ လဗန်ဒါခင်းသွားလို့ ညနေဖက်ရထားနဲ့ ပြန်လာမယ်ဆိုတဲ့ ခရီးကို နှစ်ဦးသဘောတူပြီး ဖြတ်လိုက်ကြတယ်။ ရထား လက်မှတ်နဲ့ ဟိုတယ်ခကတော့ တခါတည်းပေးလိုက်ရပြီးတော့ နေ့ဝက်ခရီးကိုတော့ lonely planet နဲ့တွဲပြထားတဲ့ Viator ဆိုတဲ့ဆိုဒ်မှာ နေရာမှာထားလိုက်တယ်။ ဘဏ်ကဒ်တွေက တလကို ဘယ်လောက်ပဲသုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတော့ မသွားခင် နှစ်ရက်အလိုမှာဆိုရင် ပိုက်ဆံပြန်ပြည့်မယ်ဆိုပြီးတော့ ချက်ခြင်းမပေးသေးဘဲ နေရာပဲကြိုမှာထားလိုက်တယ်။

တကယ်တော့ အဲဒီလဗန်ဒါခင်းတွေရှိတဲ့နေရာတွေက ဘယ်နားမှာလဲဆိုတာနဲ့ ရထား ဘတ်စ်ကားတွေက ဘယ်လိုရှိသလဲကို ရှာကြည့်သေးတယ်။ တိုက်ရိုက် ရောက်တာမရှိလို့ နှစ်ဆင့်လောက်စီးရမယ့်အပြင် အချိန်တွေက အကန့်အသတ်နဲ့ပဲ မလို့ အဆင်အပြေဆုံးဖြစ်မယ့် နေ့တဝက်ကို လူရှစ်ယောက်အများဆုံးထိ ဖြစ်နိုင်မယ့်ဟာကိုပဲ ရွေးလိုက်ရတယ်။ တကယ်လည်း အဲလိုကပဲ အဆင်အပြေဆုံး ဖြစ်နိုင်တာကို သွားရင်းနဲ့လည်း တွေ့လာရတယ်။ သေချာအောင်လို့ တရားဝင် ဝဘ်ဆိုဒ်လိုမျိုး tourism office ဆိုတာမှာ ရှာကြည့်သေးပေမယ့် အဲဒီနေ့ အတွက်ခရီးစဉ်က မရတော့ဘူးပဲ ပြနေလို့ ရှာရင်းနဲ့မှ lonely planet နဲ့တွဲထားတာဆိုတော့ အမှန်အကန် ဖြစ်လောက်တယ်ဆိုပြီး ယူလိုက်တယ်။

စီစဉ်တဲ့အတိုင်း မဖြစ်ဘူးဆိုတာက ခရီးသွားမှ တွေ့ရမလား မှတ်ပေမယ့် မသွားခင်မှာဘဲ ကြုံပါလေရော။ မသွားခင်တရက်မှာမှ အဲဒီနေ့ဝက်ခရီးအတွက် ဘဏ်ကဒ်ထဲကနေ ပိုက်ဆံဖြတ်ဖို့ လုပ်တာမှာ တလထုတ်ဖို့ သတ်မှတ်ငွေထက် ကျော်နေလို့ ထုတ်မရဘူးဆိုပြီး ဘဏ်ကစာတို ဖုန်းထဲဝင်လာတယ်။ ပြင်သစ်လို ပို့တာမလို့ Google translate ပြန်လုပ်တော့မှ ထုတ်တဲ့သတ်မှတ်ချက်ကိုမြှင့်လို့ရ တယ်ဆိုတာပါ သိလိုက်ရလို့ အသည်းအသန်လုပ်လိုက်ရတယ်။ အရေးထဲမှာ ဘဏ်က Application နဲ့ပဲ ဝင်နေကြဆိုတော့ ဝဘ်ကဝင်ဖို့ အကောင့်နံပါတ်ဆိုတာကို ဘယ်ကရှာရမှန်းမသိ တိုင်ပတ်နေရင်းနဲ့မှ မေ့သွားလို့ဆိုပြီး email နဲ့ ပြန်ပို့ခိုင်း ဘာညာလုပ်နေရတော့ ကြာသွားတယ်။ ဒါပေမယ့် လုပ်ပြီးမကြာခင်မှာပဲ ဘဏ်ကနေပြီးတော့ မကြာမီမှာရမယ်လို့ စာတိုဝင်လာတယ်။ Aviator ကနေလည်း လက်မှတ်ဆိုပြီး email ဝင်လာတယ်။

စိတ်ထဲက သံသယနည်းနည်းရှိလို့ Viator ရဲ့ account ထဲကို ဝင်ကြည့် လိုက်တော့ လက်မှတ်က cancel ဖြစ်သွားတယ်ဆိုပြီး ပြနေတယ်။ လက်မှတ်က လည်း ရနေပြီဆိုတော့ ဘယ်ဟာကို ယုံရမှန်းမသိ ဖြစ်နေတယ်။ ရပြီးသားပဲ လေတွေးပြီး ဒီအတိုင်းထားဖို့လုပ်ပေမယ့် နောက်တော့ မယုံမရဲဖြစ်လာလို့ ဘယ်မှာ မေးရပါ့မလဲ ရှာရတော့တယ်။ 

Viator ဝဘ်ဆိုဒ်မှာပဲ တခါတည်း စာတိုနဲ့လှမ်းဆက်သွယ်လို့ ရတာကို တွေ့လိုက်လို့ တော်သေးတယ်။ အဲဒီကနေလှမ်းမေးတော့ ပထမဆုံး အော်တို ပြန်ဖြေ ပေးပြီး နောက်မှ လူတယောက်ကဝင်ဖြေဖို့ ဝင်လာတယ်။ ဘိုကင်နံပါတ်တွေ ပြောတော့မှ လက်မှတ်ကို ဟိုဖက်ခရီးသွားဝန်ဆောင်ပေးမယ့်သူဖက်က ဖျက်လိုက်ပြီလို့ သေချာသွားတယ်။ အဲဒီတော့ ကိုယ့်ပိုက်ဆံက ပါသွားပြီလား အသည်းအသန် ပြန်ရှာတော့ ပိုက်ဆံကတော့ မထွက်သေးဘူး။ သေချာအောင်တော့ သူတို့ကိုလှမ်းမေးလိုက်တယ်။ မလွှဲရသေးကြောင်း ပြန်ပြောပြီးတော့ email ပါ ပို့ပေးရမလားဆိုတော့ ပို့ထားပေးပါပေါ့။ ချက်ခြင်းလိုပဲ ဝင်လာတယ်။ သူက အဲဒီခရီးပျက်သွားတော့ ဘာကူရှာပေးရမလဲဆိုတော့ ကိုယ်ကလည်း တခြားဟာတွေ ရှာနေပြီမလို့ ရပါတယ်ပဲ ပြောလိုက်တော့တယ်။

အဲဒီလိုနဲ့ နေ့တဝက်ခရီးကို ပြန်ရှာရပြန်တယ်။ တရားဝင်လို့ထင်ရတဲ့ Avignon-tourisme.com မှာပဲ ဝင်ရှာဖြစ်တယ်။ (အဲဒီဆိုဒ်မှာပြထားတဲ့ လိပ်စာ အတိုင်း Google map မှာရှာပြီးတော့ လမ်းဓာတ်ပုံနဲ့ရှာပြီး ဟုတ်မဟုတ်ပါ စစ်ထား ရသေးတယ်။) အဲဒီထဲမှာပြထားတဲ့ ခရီးသွားလုပ်ငန်းတခုကိုတွေ့တော့ ဝင်ကြည့်တာ ဘိုကင်လုပ်ဖို့ကို တခါတည်းကြည့်လို့မရဘဲ ရက်စွဲနဲ့ လူအရေ အတွက်ဖြည့် ဖုန်းနံပါတ်နဲ့ email ထည့်ပြီး ထားခဲ့လိုက်ရတယ်။ အဲလို မတင်မကျ ဆိုတော့ ဆက်ရှာရင်းနဲ့မှ နောက်ထပ်ခရီးသွားလုပ်ငန်းတွေလည်း ရှိသေးမှန်း ရှာတွေ့သွားတယ်။ တခုကတော့ တရုတ်လိုတောင်ဖြစ်တဲ့အထိ တရုတ်တွေ လာကြတဲ့ပုံရတယ်။ အင်္ဂလိပ်စာ ပြန်ပြောင်းကြည့်လို့ မရတာနဲ့ စိတ်ရှုပ်ပြီး ပိတ်လိုက်ရတယ်။ အသိတယောက်က မိတ်ဆက်ပေးမယ်လို့ ပြောရင်းနဲ့ တရုတ်ခရီးသွားလုပ်ငန်းတွေ ရှိတယ်လို့ ပြောခဲ့တာကို ပြန်သတိရမိတယ်။

နောက်တခုကတော့ ပိုအဆင်ပြေသွားတယ်။ စျေးနှုန်းကလည်း တယောက် ကို ၅၅ ပဲ။ ရက်နေ့ နေ့လယ်ပိုင်းရတယ်ဆိုတော့ ပြန်မယ့်နေ့မှ သွားတာထက် ပိုကောင်းလို့ တခါတည်း ဖြတ်လိုက်တယ်။ ချက်ခြင်း email ဝင်လာပေမယ့် အဲဒါက လက်မှတ်မဟုတ်သေးဘူး နောက်ထပ်တစောင်ကျမှ လက်မှတ်လို့ ပါလာတယ်။ စိတ်အေးရပြီ ထင်ပေမယ့် နောက်တစောင်ဆိုတာက ပေါ်မလာတော့ဘူး။ အဲဒီတစောင်ထဲကနေတဆင့်ပဲ account ထဲ ဝင်ကြည့်တော့မှ ဘောက်ချာရတယ်။ ဘောက်ချာမပါရင် မရဘူးဆိုတာတွေ့လို့ ပရင့်ထုတ်ထား လိုက်တယ်။

နေ့လယ် ထမင်းစားချိန်ကျတော့ ဖုန်းဝင်လာတယ်။ ပုံမှန်ဆို ကြော်ငြာလုပ်တာတွေပဲ ခေါ်တဲ့သူရှိတဲ့ဖုန်းမလို့ မကိုင်ဖြစ်ပေမယ့် ခုတော့ မှာထားတာလက်စတွေနဲ့မလို့ ကိုင်လိုက်တယ်။ ပြင်သစ်လိုပဲ ပြောလာလို့ အင်္ဂလိပ်လိုရမလားဆိုတော့ ပြောင်းပြောပေးတယ်။ အလုပ်တွေများလို့ အခုမှ ခေါ်ရကြောင်း ဘာညာနဲ့ စတယ်။ ပထမဆုံးဘိုကင်တင်ဖို့လုပ်ထားတဲ့ဆီက ဖြစ်နေတယ်။ ဟိုဖက်မှာက ပိုက်ဆံပေးပြီးသားဆိုတော့ တခြားတယောက်နဲ့ ပြောပြီးသားမလို့ သေချာမှ ပြန်ဆက်ပါမယ်ဆိုတော့ ရတဲ့အကြောင်းနဲ့ အနည်းဆုံးနှစ်ယောက်ရှိရင်ကို စီစဉ်ပေးတယ်ပြောပြီး ဖုန်းချလိုက်တယ်။

ဟိုဖက်ကလက်မှတ်က သေချာနေပြီဆိုတော့ ပထမဆွဲထားတဲ့ အစီအစဉ်ကို ပထမရက်နေ့လယ်ပိုင်းကဟာနောက်ရွှေ့ပြီး အပြောင်းအလဲလုပ်လိုက်ရတယ်။ အဲဒီနေ့လယ်အတွက်ဟာကလည်း ဘယ်သွားမလဲဆိုတာကို မြေပုံထောက်ပြီး ပတ်ရှာတယ်။ ပထမတော့ အူဗာကအပြန် ဗင်ဂိုးလက်စက မကုန်သေးလို့ သူ့ခြေရာ ထပ်လိုက်မလား ရှာသေးတယ်။ အားလ်စ်နဲ့ စန့်ရီမီကို သွားဖို့လုပ်ပေမယ့် ဘာမှ အထူးတလည် ရှိမနေဘူး။ ဒါနဲ့ အရင်ကတပတ်ဆွဲထားတဲ့ထဲပါတဲ့ ရောမမြို့ဟောင်း နင်းမ်စ်ကို သွားမယ်ဆိုပြီး ဖြစ်သွားတယ်။ စုကတော့ သွားရမယ့်နေရာတွေကို လမ်းလျှောက်ရင် ဘယ်လောက်ကြာတယ်ကအစ မှတ်ပြီးတော့ တဆင့်ပြီးတဆင့် မှတ်တယ်။ အထာက မသိတာရယ် မြေပုံကြည့်တာတောင် အရှေ့အနောက်မခွဲ တတ်တာရယ်နဲ့ ပိတ်ထားတဲ့လမ်းကို သွားမိတတ်လို့ အချိန်ပို တွက်ထားဖို့တော့ နှစ်ယောက်လုံး သဘောညီကြတယ်။ ကြုံဖူးနေကြတွေမလို့ပဲ။

ဆိုတော့ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ အိမ်ကနေ ရထားဘူတာရုံသွားဖို့နဲ့ နင်းမ်စ်ကိုအသွားအပြန်ရထားချိန်တွေပါ ရှာထားရတယ်။ အာဗီညွန်အထိ ရထားက လည်း မြို့ထဲထိ မရောက်လို့ တဆင့်ထပ်စီးဖို့လည်း ရှာရတယ်။ အချိန်မှန်ပဲထွက်တဲ့ ရထားတွေမလို့တော့ တခုခုမှမဖြစ်ရင် ပုံမှန်ထွက်နေကြအတိုင်းပဲမလို့ အဆင်ပြေတယ်။ 


(၂) ထွက်ခွာ

Sur le pont d'Avignon

On y danse, On y danse

စုကတော့ အာဗီညွန်တံတားပေါ်မှာ ငါတို့ကနေကြတယ်ဆိုပြီး အစချီတဲ့ သီချင်းလေးကို ရှာပြီး ဖွင့်နားထောင် လိုက်ဆိုနေပြီ။ အဲဒီသီချင်းက နေရာတော်တော်များများမှာပေါက်တဲ့ ကလေးသီချင်းဖြစ်ပြီးတော့ စာသားမတူကြ တာတွေ ရှိပေမယ့် အပေါ်က အပိုဒ်ကတော့ အားလုံးတူကြတယ်။ အဓိပ္ပာယ်ကတော့ အာဗီညွန်တံတားပေါ်မှာ ငါတို့ကနေကြတယ်၊ ငါတို့ကနေကြတယ်တဲ့။ အာဗီညွန်တံတားနဲ့ပတ်သက်ပြီးတော့ ၁၅ ရာစုလောက်ကတည်း သီချင်းတွေ တော်တော်များများ ရှိခဲ့ပြီးတော့ အဲဒါတွေကနေ အာရုံယူပြီး Certon Pierre ဆိုတဲ့ သူက သီချင်းရေးခဲ့တယ်။ ခုကြားနေရတဲ့ သံစဉ်အတိုင်းတော့ မဟုတ်သေးဘူး။ ခုကြားရတဲ့ သံစဉ်မျိုးကတော့ ၁၈၇၆ ပြဇာတ်ထဲမှာထည့်တာက စခဲ့တယ်လို့ ဆိုတယ်။ သီချင်းက တံတားပေါ်ဆိုပေမယ့်လည်း တံတားကခပ်ကျဉ်းကျဉ်းမလို့ တကယ်တမ်းကခဲ့ကြတာက တံတားအောက်မှာလို့လည်း သိရတယ်။ အခန်းထဲမှာနဲ့ ခရီးတလျှောက်မှာတော့ နှစ်ယောက်သား အဲဒီသီချင်းစာသားလေးတကြောင်းကို ဆိုဆိုနေခဲ့တယ်။ တကယ့်တံတားနားရောက်တော့ ကလေးတွေက ဆိုဆိုသွားတာကို နှစ်ခါသုံးခါ ကြားလိုက်ရတယ်။

ခရီးစတော့ ရထားအချိန်က မနက် ခြောက်နာရီမထိုးခင်ဖြစ်နေတယ်။ ကိုယ့်အကြောင်းကိုယ်သိလို့ ရွာလည်ဦးမှာ ထည့်တွက်တော့ ငါးနာရီလောက် ရောက်နိုင်ဖို့ဆိုပြီး အိမ်ကနေ သုံးခွဲလောက်ကတည်းက ထွက်ကြရတယ်။ မြေအောက်ရထားတွေက ညတနာရီလောက်အထိနဲ့ မနက်ကိုတော့ ငါးနာရီခွဲမှ ဆိုတော့ ညဖက်ထွက်တဲ့ဘတ်စ်ကားစီးရတယ်။ ပုံမှန်စီးနေကြလိုင်းတွေ မရှိဘဲ ညလိုင်းကသတ်သတ်မလို့ လမ်းကြောင်းရှာပြီး ပိုက်ဆံဘယ်လိုပေးရမလဲဆိုတာပါ ရှာရတယ်။ ပုံမှန်နေ့ခင်းဆို ဘတ်စ်ကားလက်မှတ်က လိုင်းမတူဘူးဆိုရင် တနာရီခွဲထိသုံးလို့ရပေမယ့် ညဖက်ကိုတော့ တစီးပြောင်းတာနဲ့ အသစ်ထပ်ထည့်ရ တယ်။ ဇုံသတ်မှတ်တာကျော်သွားရင်လည်း နောက်တစောင်လို့ဆိုတယ်။ လပေး သမားတွေကတော့ ဘာမှမထူးပေမယ့် ပုံမှန်သွားနေတာမရှိလို့ တကြောင်းစာ လက်မှတ်သမားတွေကတော့ သတိထားရတယ်။ လက်မှတ်စစ်မိသွားရင် ဒဏ်ကြေးက မနည်းဘူးလို့ ဆိုကြတယ်။

နှစ်ဆင့်စီးရဖို့ ရှိပြီးတော့ အနီးဆုံးမှတ်တိုင်ကတောင် ၁၇ မိနစ်လောက် လျှောက်ရမယ်။ လူပြတ်တတ်ပြီးတော့ စိတ်ချရတဲ့ ရပ်ကွက်မျိုးမဟုတ်လို့ လူပြတ်နိုင်ခြေနည်းတဲ့ လမ်းကြောင်းကိုပဲ ရွေးပြီးတော့ မှောင်မှောင်မည်းမည်းထဲ ထွက်လာခဲ့ကြတယ်။ ညဖက် ဘတ်စ်ကားတွေက နောက်ကျတတ်တယ်လို့ သိထားရလို့ ကွက်တိရောက်မှာကို မတွက်ဘဲ တစီးစာစောတာကို ရွေးလို့လည်း ပိုစောထွက်လိုက်ရတယ်။လမ်းမှာ လမ်းပြင်နေကြတဲ့သူတွေကို တွေ့လိုက်တော့ စိတ်အေးသွားသလို ညဖက်ကျမှလုပ်ကြတာလားလို့လည်း တွေးမိတယ်။ လူနေအိမ်တွေနားမဟုတ်ဘဲ စျေးဆိုင်တွေနဲ့ ဂိုထောင်တွေပဲရှိတဲ့နေရာမလို့ပဲ အဲဒီအချိန် ရွေးသလားတော့ မသိဘူး။ 

ညကားမလို့ လူရှင်းမလား ထင်မိပေမယ့် ကိုယ့်လိုပဲ ခရီးသွားမယ့်သူ အလုပါသွားကြတဲ့သူတွေ များပုံပဲ။ ပထမတဆင့်က ခုံအပြည့်လောက်ပါပြီးတော့ နောက်တဆင့်မှာတော့ ရပ်ပြီး စီးလိုက်သွားရတယ်။ ပထမတဆင့်ကားက အမှန်ဆိုရင် ဇုံကျော်လို့ နှစ်ခါပေးရမှာမျိုး ဖြစ်ပေမယ့် ကိုဗစ်ကြောင့် ကားသမားနား အကပ်မခံသေးတာနဲ့ လက်မှတ်ကို သွားထည့်ပြီး တံဆိပ်ထုလို့မရဘူး။ တချို့ကားပေးတက်ပြီး တချို့ကား မရတာက ဘာကြောင့်လဲတော့ မသိဘူး။

ဘူတာရုံရောက်တော့ နာရီဝက်ကျော်လိုနေသေးတာမလို့ ဘယ်မှာစီးရမလဲ ရေးမထားသေးလို့ လုံခြုံရေးကို သွားမေးရသေးတယ်။ လုံခြုံရေးကို ဖုန်းပြပြီး ဘယ်မှာစီးရမလဲဆိုတော့ ခဏနေဦးဆိုပြီး အိပ်ကပ်ထဲက စာကြည့်မျက်မှန် ကောက်ထုတ်ပြီးမှ ဖတ်ကြည့်ပြီး သေချာပြန်ဖြေပေးတယ်။ ရထားပေါ်တက်လို့ရတော့ လက်မှတ်ကို scan ဖတ်ပြီး လျှောက်လမ်းထဲဝင်တဲ့အချိန် ဒုက္ခရောက်လိုက်သေးတယ်။ e-ticket ရတယ်ဆိုလို့ ဖုန်းကိုဖွင့်ပြီးဖတ်တာ မရလို့ ဘေးခဏထွက်ပြီး ပရင့်ထုတ်လာတဲ့စာရွက် ပြန်ထုတ်ရတယ်။ ကိုယ်တယောက်တည်းမဟုတ်ဘဲ တချို့လည်း ဖုန်းနဲ့ဝင်မရလို့ ဝန်ထမ်းကိုလှမ်းပြောနေပေမယ့် ကိုယ်ကတော့ မပြောတတ်တာရော အဲလိုအခြေအနေမျိုးက ကြုံဖူးနေကျမို့ ပြင်ဆင်ထားပြီးသားမလို့ရော ဘာမှမပြောဘဲ ရထားပေါ်တက်လိုက်တယ်။

ရထားက ရှစ်တွဲမှာ နောက်ဆုံးတွဲမှာ လက်မှတ်ရထားလို့ ရှာပြီးတက်တော့ အပေါ်ထပ်မှာ ဖြစ်နေတယ်။ တက်ပြီးကာမှ မီးပိတ်သွားပြီး ကျေညာသံ ထွက်လာတယ်။ ပြင်သစ်လိုက မတတ်တတတ်နဲ့ပေမယ့် နှစ်ခါလောက်ကျေညာ အပြီးမှာတော့ အဲဒီရထားက ကိုယ်စီးရမယ့်ဟာ မဟုတ်မှန်းသိပြီး ပြန်ဆင်းရတယ်။ ကိုယ်စီးဖို့က ပလက်ဖောင်းရဲ့ တခြားတဖက်မှာ ခဏနေမှ ရောက်လာတယ်။ စောထွက်မယ့်ရထားက နောက်မှရောက်လာလို့ တော်တော်များများ မှားတက်မိကြ ပုံပဲ။ တကယ်ကတော့ ပလက်ဖောင်းတူပေမယ့် လမ်းကြောင်းမတူတာကို ရေးထားပေမယ့် သတိမထားမိဘဲ ရှိတဲ့ရထားပေါ်တက်ခဲ့မိတာ။ အပြည့်အဝ နားမလည်ပေမယ့် သိလိုက်လို့ တော်သေးတယ် ပြောရမယ်။

(၃) အာဗီညွန်

ရထားပေါ်ရောက်ပြီး သိပ်မကြာဘူး၊ အိပ်ရေးမဝခဲ့တဲ့ လင်မယားနှစ်ယောက် အိပ်ပြီး ပါသွားတာ ရောက်ခါနီးနာရီဝက်လောက်အလိုမှ နိုးပြီး ဘေးကရှုခင်းတွေ ကြည့်နိုင်တယ်။ အိပ်ပျော်မှာသိလို့ ဖုန်းနဲ့ alarm ပေးထားပေမယ့် မမြည်ခင်ဘဲ နိုးလာခဲ့တယ်။ ဘူတာရုံမှာကျတော့ နောက်တဆင့်ထပ်စီးဖို့ လက်မှတ်ဝယ်ရ မယ့်စက်ကို ဟိုရှာဒီရှာနဲ့ပဲ ရောက်သွားတယ်။ ဝယ်လိုက်တော့ လက်မှတ်က တယောက်ကိုမှ . ယူရိုဆိုတော့ အသေးလေးပဲ ထွက်မယ်မှတ်တာ မြန်မာကလေယာဉ်တက်ဖို့ပေးတဲ့ လက်မှတ်ထက်တောင် နည်းနည်းကြီးနေသေးတယ်။ ပြီးတော့ ဘယ်နားစီးရမလဲ မသိလို့ မသန်စွမ်းများအတွက် အကူအညီဆိုတဲ့နေရာက အားနေတာနဲ့ သွားမေး တော့မှ ဘယ်နားမှာရေးထားတာကို ဘယ်လိုကြည့်ရမလဲ သိသွားတော့တယ်။

အူလည်လညဖြစ်နေတုန်းမှာ ဖုန်းဝင်လာတော့ ကိုင်လိုက်တာ ပြင်သစ်လိုပဲ နားလည်လိုက်တာက ဒီနေ့နဲ့ အာဗီညွန်ပဲပါတယ်။ အင်္ဂလိပ်ပြန်ပြောပေးပါဆိုမှ ဒီနေ့သွားဖို့ပြောထားတဲ့ ကားက ဖြစ်နေတယ်။ ကိုးနာရီလေ မရောက်သေးဘူး လားတဲ့။ ကိုယ်ဖြတ်ထားတာကလည်း မနက်ခင်းခရီးဆိုပြီးနာမည်ပေးထားပေမယ့် နေ့လယ် :၃၀ မှဆိုတာက အသေအချာမလို့ နေ့လယ်လို့ ပြန်ပြောတော့ သေချာရဲ့ လား လုပ်နေသေးတယ်။ အေးဂျင့်ကို ပြန်မေးဦးမယ်ဆိုပြီး ဖုန်းချသွားပေမယ့် မမီဘူးဆိုပြီး ပိုက်ဆံပေးထားရတာများ ဆုံးတော့မလား စိတ်ပူသွားတယ်။

သွားရမယ့်ပလက်ဖောင်းဆီရောက်တော့ ရထားကရပ်နေတာ တစီးရှိတာ ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်လှည့်ပြီး တီဗီမှာ သွားပြန်ကြည့်ရသေးတယ်။ သေချာတော့မှ တံခါးဖွင့်ပြီး တက်သွားတော့ ဘယ်မှာထိုင်ရမလဲ မသိဘူး။ Classe 2 ဆိုပြီး ရေးထားတော့ 1 လည်း ရှိနိုင်လို့ သေချာကြည့်ပေမယ့် မတွေ့ဘူး။ ထိုင်ခုံကတော့ နံပါတ်မပါလို့ ကြိုက်တဲ့နေရာစီးပဲ ဖြစ်မယ်ဆိုပြီး စိတ်မချတချနဲ့ ထိုင်လိုက်ရတော့တယ်။ အနီးလေးမလို့ ငါးမိနစ်ကြာတော့ ရောက်သွားတယ်။

ဘူတာကထွက်လိုက်တာနဲ့ မြို့ရိုးနဲ့ ဝင်ပေါက်ကိုတွေ့လိုက်ရတော့တာပဲ။ ဘယ်မှမသွားကြသေးခင် ဘူတာရှေ့ကကွက်လပ် ထိုင်ခုံပေါ်မှာ ပါလာတဲ့မုန့်ထုတ်ပြီး မနက်စာစားကြတယ်။ ကိုးနာရီခွဲခါနီးပြီ။

အာဗီညွန်မြို့က ပုပ်ရဟန်းမင်းကြီးတွေ နိုင်ငံရေးမှာတန်ခိုးထွားပြီး အုပ်ချုပ်ခဲ့စဉ်က အခြေချနေခဲ့တဲ့နေရာပဲ။ ဒါကြောင့်လည်း ကက်သလစ် ဘုရားရှိခိုးကျောင်း တော်တော်များများရှိပြီးတော့ ပြင်သစ်တော်လှန်ရေးဖြစ်တဲ့ အချိန် ၁၇၉၁ ကျမှ ပြင်သစ်နိုင်ငံထဲပါလာတယ်လို့ ဆိုတယ်။ ပုပ်မတိုင်ခင်တော့ ခြောက်ရာစုလောက်ကတည်းက မြို့နာမည်ကို ညွှန်းဆိုတဲ့ စာတချို့တွေ့ရတယ်လို့ ဆိုပါတယ်။ အလယ်ခေတ်အစောပိုင်းကာလတွေမှာ ဟိုလူအုပ်စိုးလိုက် ဒီလူ အုပ်စိုးလိုက်နဲ့ သတ်ကြဖြတ်ကြမလို့ အာဗီညွန်သမိုင်းရဲ့ အမှောင်မိုက်ဆုံးကာလလို့ သတ်မှတ်ကြတယ်။ သီးခြားနိုင်ငံကျေညာလိုက် ပြင်သစ်ဘုရင်ဆီ ပြန်ရှုံးသွား လိုက်တွေလည်း ဖြစ်ခဲ့တယ်။ ၁၃၀၉ ကစလို့ ပုပ်ရဟန်းမင်း ကလီးမန့် () က ရောမအစား အခြေချနေထိုင်လိုက်ပြီးတော့ နောက်ပိုင်းမှာ မြို့ရိုးတွေနဲ့ နန်းတော်ကြီးကို ဆောက်ခဲ့တယ်။

စားပြီးတာနဲ့ လက်မှတ်ဝယ်ထားတဲ့ တိုးရစ်ရုံးကို အရင်ဆုံးသွားဖို့ လုပ်ရတာပဲ။ ရောက်သွားတော့ တယောက်နဲ့လုပ်နေလက်စမလို့ စောင့်နေရတယ်။ ရုံးကတယောက်ကတော့ တရုတ်မျက်နှာမျိုးပဲ။ ပြင်သစ်လိုပဲ ရှင်းပြ ပြောပြနေတယ်။ နောက်မှ တခြားတယောက်ထပ်လာလို့ မနက်ဖုန်းခေါ်ခံရလို့ နေ့လယ်သွားမှာက သေချာသေးရဲ့လား မေးတယ်။ ဘယ်ခရီးသွားလုပ်ငန်းနဲ့လဲ ဆိုတော့ မမှတ်မိတော့ဘူးဆိုတော့ ရှာပေးတယ်။

နံပါတ်ကိုတောင်းကြည့်ပြီး လိုက်ရှာတယ်။ ရှာတာမတွေ့တော့ နောက်ထဲက တခြားတယောက်ကို လှမ်းမေးနေတော့ စိတ်ထဲမှာ မရတော့ဘူးများ ပြောခံရမလား ထင်လိုက်တယ်။ ခဏနေတော့ ထသွားပြီးတနေရာက လက်ကမ်းစာစောင် ယူလာ တယ်။ ပြီးမှ ဒီအဖွဲ့နဲ့ပဲ၊ ဖုန်းဆက်ပြီး မေးပေးမယ်လို့ ပြောတယ်။ ဖုန်းဆက်ရင်း ရယ်ရယ်မောမောပြောကြတော့မှ အဆင်ပြေပုံပဲလို့ သိလိုက်တယ်။ အချိန်မှား သွားပြီး ဖုန်းဆက်တာလို့ ပြန်ပြောပြီး ရုံးရှေ့မှာပဲ နေ့လယ်လာစောင့်ဖို့ ပြောတယ်။

ပြီးတာနဲ့ ဘေးက လက်ဆောင်ပစ္စည်းရောင်းတဲ့အခန်းထဲဝင်ကြည့်ပြီး ဘာတွေရှိလဲ ကြည့်ကြတယ်။ လဗန်ဒါရောင်တွေပဲ။ အစေ့ကိုထုတ်ထားတဲ့ အိတ်လေးတွေ ပုံစံပေါင်းစုံ၊ နံရံကပ်သံလိုက်အသေးပေါင်းစုံ၊ ပုံ ပို့စကတ်နဲ့ စာအုပ်တွေ အင်္ကျီတွေအပြင် စုံစုံလင်လင်ကို ဆိုင်ခန်းကျဉ်းလေးထဲမှာ ရှိနေတယ်။ ပြန်ခါနီးမှ ဝယ်ကြဖို့ ကြည့်ရုံပဲ ကြည့်ပြီး ထွက်သွားလိုက်ကြတယ်။ ဘေးကပ်ရပ်မှာ တော့ ပန်းခြံနဲ့ဘုရားကျောင်းအဟောင်းတွေ့လို့ ခဏတော့ ဝင်ကြည့်လိုက်ကြသေး တယ်။ နောက်တော့မှ နေ့လယ်ပြန်လာမှပဲဖြစ်ဖြစ် ရောက်ဦးမှာရယ် နာမည်ကြီး နေရာမဟုတ်တာရယ်ကြောင့် နောက်မှသေချာကြည့်တာပေါ့ဆိုပြီး ပြန်ထွက်လို့ ဆွဲထားတဲ့ အစီအစဉ်အတိုင်း ဆက်သွားကြတယ်။ တကယ်တမ်းကျတော့ နောက်တော့လို့ပြောခဲ့တာတွေက ထင်ထားသလို ဖြစ်မလာတတ်ကြဘူး။

(၄) ရောမလက်ကျန်

မြို့ထဲကလမ်းတွေနဲ့ အဆောက်အဦတွေက ထင်ထားသလို ဖြစ်မနေဘူး။ ထင်ထားတာက ထင်ရှားတဲ့နေရာကြီးတွေက ရင်ပြင်ကျယ်ကြီးတွေနဲ့ သိသိသာသာဖြစ်နေမယ်ပေါ့။ တကယ်တမ်းကျတော့ ပထမဆုံးရှာတဲ့ ဘုရားကျောင်း Église Saint Didier ဆိုရင် ဘယ်ဟာကရှေ့လဲ၊ ဟုတ်ကောဟုတ်ရဲ့လား ထင်မိတယ်။ လမ်းတွေကလည်း ကျဉ်းကျဉ်းလေးနဲ့ ကွေ့ကွေ့ကောက်ကောက်တွေပဲ။ ဘေးတွေမှာက အဆောက်အဦအမြင့်တွေဆိုတော့ မြင်ကွင်းရှင်းရှင်းကြီးရယ်လို့ကို မရှိဘူး။ အလယ်ခေတ်ကတည်းက ပုံစံလို့ ဆိုကြတော့ အတိုက်အခိုက်များတဲ့အချိန်တွေမလို့ နန်းတော်ဆီ အလွယ်တကူမရောက်အောင် တမင်ကွေ့ကောက်ပြီး မျက်စိလည်စရာလုပ်ထားလား ထင်မိတယ်။

ပြီးတော့ စျေးကိုဆက်သွားတယ်။ စျေးက ဟင်းလင်းပြင်မဟုတ်ဘဲ အလုံပိတ် အဆောက်အဦကြီးပဲ။ ဒေသထွက်စားစရာတွေနဲ့ ပုံမှန်မြင်နေကြ စျေးမျိုးပဲ။ ရာသီဥတုအေးတာကြောင့်များ အလုံပိတ်စျေးရုံတွေနဲ့ ရောင်းတဲ့ဓလေ့ ရှိကြသလားပဲ။ အစတုန်းကတော့ စျေးမှာ အဆာပြေတခုခုစားဖို့ဆိုပေမယ့် တကယ်တမ်းကျတော့ ဘာမှမစားဖြစ်ဘဲ ဆက်သွားကြတယ်။ စျေးရှေ့ဖက်မှာတော့ အဟောင်းပစ္စည်း လက်မှုပစ္စည်းတွေ ရောင်းနေကြတာ အစုံအလင်ပဲ။ အရုပ်ဟောင်းတွေပါရောင်းကြသလို အိမ်ခေါင်မိုးတစက်မြိတ်နားက သစ်သား အဟောင်းကို ရှင်းပြနေပုံရတဲ့ ရောင်းသမားကိုတွေ့ရတယ်။ ရောင်းတဲ့သူကော ဝယ်တဲ့သူတွေပါ သက်ကြီးပိုင်းတွေချည်း ဖြစ်နေတာ သတိထားမိတယ်။ ခွေဆိုင်တဆိုင်လည်း ပါသေးတယ်။

Basilique Saint-Pierre ဆိုတဲ့ ဘုရားကျောင်း ကို ဆက်သွားလိုက်ကြတယ်။ အတွင်းထဲတော့ ဝင်မကြည့်တော့ဘဲနဲ့ အပြင်ကပဲ ကြည့်လိုက်ကြတယ်။ လမ်းဆုံလိုနေရာလေး ဖြစ်နေပြီးတော့ ထိုင်ဖို့အတွက် လုပ်ထားပေးတာတွေ ရှိနေလို့ အညောင်းဖြေရင်း ခဏထိုင်နားကြတယ်။

ပြီးတာနဲ့ မြေပုံကြည့်ပြီးတော့ ပုပ်ရဟန်းမင်းရဲ့နန်းတော်ဟောင်းကို ရှာကြတယ်။ လမ်းသင့်တဲ့အတိုင်း သွားလိုက်ကြတော့ နောက်ကျောဖက်က သွားသလို ဖြစ်သွားပြီးတော့ ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့ သံသသယတွေနဲ့ လျှောက်နေရတယ်။ လျှောက်ရင်းနဲ့ မြေပုံကိုပြန်ကြည့်တော့ လမ်းက ပန်းခြံဆီဦးတည်တယ်ဆိုတော့ အဲဒီသွားပြီး ခဏနားကြမယ် စဉ်းစားကြတယ်။ နေကပူတော့ ရေကလည်းဆာနေကြတယ်။ စိတ်ထဲမှာ မှန်းထားတာက ပါရီကနန်းတော်တွေလိုပဲ ရှေ့မှာပန်းခြံကျယ်ကြီးနဲ့ပေါ့။ လမ်းအတိုင်းလျှောက်ကြ ရင်းက အတက်လမ်းတွေချည်း ဖြစ်နေတော့ ဟုတ်ရဲ့လား ဖြစ်လာတယ်။ မြေပုံကြည့်တော့လည်း ဟုတ်လောက်တယ်ပေါ့။

လေ့ကျင့်ခန်းလုပ်ပြီး ဆင်းလာကြတဲ့သူတချို့နဲ့ ဆုံသလို ကိုယ့်လိုပဲ မြေပုံကြည့်လိုက် လျှောက်လိုက်လုပ်နေတဲ့ အန်တီကြီးတယောက်နဲ့လည်း တွေ့တယ်။ အတက်က တော်တော်ကို တက်လာရတော့ စုက တော်တော်မောလာပြီ။ မနက်စာကလည်း နည်းနည်းပဲ စားထားတော့ ဗိုက်ဆာလို့ဆိုတာနဲ့ ရောက်ခါနီပါပြီ ပြောပြီး အားတင်းထားခိုင်းရတယ်။ အဲလိုနဲ့တက်လာရင်းမှ အပင်အောက်မှာ ထိုင်စရာတွေ့တော့ ဆက်မတက်သေးဘဲ အရင်ထိုင်နားပြီး မုန့်စားမယ်လုပ်တယ်။ မုန့်စားနေတုန်းမှာ လေကတော်တော်လေးတိုက်ပြီး တကျွီကျွီမြည်လွန်းနေလို့ မော့ကြည့်မိတော့မှ လန့်သွားတယ်။ ထိုင်မိတဲ့နေရာက အပင်ကို သစ်လုံးကြီးတွေနဲ့ ထောက်ထားတဲ့ အောက်တည့်တည့်ဖြစ်နေတယ်။ ကျိုးမကျဘူးလို့ထင်ရလောက် အောင် တောင့်တောင့်တင်းတင်းပေမယ့်လည်း တကျွီကျွီမြည်နေတဲ့ အဆက်နားက အသံတွေကြောင့်တော့ ဆက်မထိုင်ရဲဘူး ဖြစ်နေတယ်။ အပေါ်နည်းနည်း တက်ကြည့်တော့ ကလေးကစားကွင်းလေး လုပ်ထားပေးတာတွေ့လို့ အဲဒီဘေးက ခုံတွေမှာ ထိုင်ရအောင် တက်သွားကြတယ်။

အပေါ်ရောက်တော့ နည်းနည်းဆက်တက်ရင် ရှုခင်းပါမြင်ရမယ့်နေရာရှိပြီး အရိပ်လည်း ရှိလို့ ဆက်တက်မယ်ဆိုပြီး တက်ကြပြန်တယ်။ ကွင်းပြင်ကျယ်လေး ဖြစ်နေတော့ ထိုင်လို့ကောင်းလောက်တယ် ထင်မိပေမယ့် လေကို လျှော့တွက်မိ လိုက်တယ်။ အကာလုပ်ထားတဲ့ ရင်လောက်မြင့်တဲ့ အုတ်တံတိုင်းနားကနေ မြို့ရဲ့ရှုခင်းကို မြင်နေရပေမယ့် လေကြမ်းချက်ကတော့ တော်တော်ပြင်းတယ်။ ဖုန်တွေလည်း ဝေ့ခနဲ ဝေ့ခနဲတက်နေတာကို လှမ်းမြင်နေရတယ်။

နောက်မှ သိရတာက အဲဒီလေကို Le mistral ခေါ်ကြတဲ့ အနောက် ဒါမှမဟုတ် နောက်မြောက်ဖက်က လာလေ့ရှိတဲ့ လေအေးတွေလို့ ဆိုတယ်။ ပူအိုက်တဲ့ အချိန်မှာတိုက်တဲ့ အဲဒီလေကြောင့် အပူသက်သာတာအပြင် တိမ်တွေကိုဖယ်ထုတ် ပေးလို့ ရာသီဥတုကြည်လင်စေတယ်။ ခြောက်သွေ့တဲ့လေဖြစ်လို့ စိုထိုင်းမှုလျော့ သွားစေပြီးတော့ မှိုမတက်စေလို့ စိုက်ပျိုးရေးအတွက်ကောင်းတယ်လို့ သိလိုက်ရတယ်။ နာမည်ကို တည့်တည့်ပြန်ရရင်တော့ ဆရာကျတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ ဒီဒေသဖက်ပိုင်းမှာတော့ တော်တော်လေးအရေးပါတဲ့ အလေးထားကြတဲ့လေမျိုးပဲ။

လေတဟူးဟူးကြားကနေ မြို့ကိုအပေါ်စီးက ကြည့်နေရတာကတော့ မသက်သာလှပေမယ့် မြို့ရဲ့ပုံစံကိုမြင်နေရတာ စိတ်ဝင်စားစရာပဲ။ Games of thrones ဇာတ်ကားထဲက မြင်ကွင်းမျိုးကို မြင်နေရသလိုပဲ။ အလယ်ခေတ်ရဲ့မြင်ကွင်းကို မြင်နေရတယ်လို့ ထင်မိတာပဲ။ အုတ်ကျွပ်မိုးအိမ်တွေနဲ့ ကွေ့ကွေ့ကောက်ကောက်လမ်းလေးတွေ။

ရုန်းမြစ်ကိုဖြတ်တဲ့ အဲဒီတံတားကို ၁၂ ရာစုလောက်ကတည်းက ဆောက်ခဲ့ပြီးတော့ ရေစီးကြောင့် ပြိုကျလို့ အခါအခါပြင်ခဲ့ရတယ်။ နောက်တော့ အန္တရာယ်ပိုများတဲ့အတွက်ကြောင့် ၁၇ရာစုကစပြီး မသုံးတော့ဘဲ လက်ရှိမြင်နေရတဲ့အတိုင်း မြစ်ထဲနည်းနည်းထိုးထွက်နေသလောက်ကိုပဲ ထိန်းသိမ်းထားကြတယ်။ မြို့ရိုးနဲ့အဆက်မှာတော့ ဇာတ်ကားတွေထဲကလိုပဲ ဆွဲတင်လို့ရတဲ့ အဆက်နဲ့ ဆက်ထားတယ်။ 

အဲဒီကနေမှ နောက်ဆုံးကျန်နေတဲ့ ဘုရားကျောင်းကြီးနဲ့ နန်းတော်ကြီးဆီသွားကြဖို့ လုပ်တယ်။ မြစ်ပြင်ဖက်ထွက်ပြီး ထိုင်ချင်သေးပေမယ့် လေကြမ်းလွန်းလို့ လက်လျှော့လိုက်ရတယ်။ တံတားအပေါ်တက်ဖို့ကျတော့လည်း ဒီအတိုင်း တက်လျှောက်ရုံပဲမလို့ တယောက်ကိုငါးယူရိုပေးဖို့ မတန်ဘူးဆိုပြီး မတက်ဖြစ်တော့ဘူး။ ကွေ့တိကွေ့ကောက်လမ်းကျဉ်းလေးတွေကနေပဲ မှန်းပြီး လျှောက်လာရင်းက လက်ဆောင်ပစ္စည်းအမျိုးမျိုးရောင်းနေကြတဲ့ ဆိုင်တွေကို ကြည့်ရင်း လျှောက်လာခဲ့ကြတယ်။

လဗန်ဒါအရောင်နဲ့ အရုပ်လေးတွေက တော်တော်လူကြိုက်များလို့လား တော့မသိဘူး၊ အရွယ်ပေါင်းစုံနဲ့ ဆိုင်တိုင်းမှာ ရှိကြတယ်။ လဗန်ဒါအဆီ ဆပ်ပြာခဲနဲ့ အဖူးထုပ်တွေကလည်း ပုံစံပေါင်းစုံ အရွယ်ပေါင်းစုံနဲ့ ရှိကြတယ်။ ပုစဉ်းရင်ကွဲပုံစံလုပ်ထားတဲ့ ကြွေထည်တွေလည်း တော်တော်ပေါလို့ ဂူးလ်ဂဲမှာ ရှာကြည့်မိတယ်။ ဒီ Provenance ဒေသဖက်ရောက်ရင်တော့ မကြုံမနေ ကြုံရမယ့်ဟာပဲလို့ ဆိုကြတယ်။ သူတို့အယူအရတော့ လယ်သမားတွေ နေ့ခင်း ဖက်ပျင်းပြီးအိပ်မနေအောင်လို့ ဘုရားသခင်ကဖန်ဆင်းပြီး လွှတ်ထားတယ်လို့ ဆိုကြတယ်။ အပူချိန် ၂၂°စင်တီဂရိတ်အောက်မှာတော့ အဲဒီအကောင်လေးတွေရဲ့ ရင်ဝမ်းခြားအမြေးက မလှုပ်နိုင်လို့ ပူတုန်းပဲကြားနေရတဲ့ ကျယ်ကျယ်လောင်လောင် အင်းဆက်မျိုးပေါ့။ ပုစဉ်းရင်ကွဲက ဆူညံပေမယ့် အဲဒီလိုချိတ်ဆက်ပြီး အမှတ်ရစရာလုပ်ပြထားတော့ သဘာဝနဲ့လူတွေ ချိတ်ဆက်ပြီးနေကြတဲ့ပုံက စိတ်ဝင်စားစရာပဲ။

ဆိုင်တွေမှာပတ်ငေးရင်းနဲ့ သူတို့ရိုက်ထားကြတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့ ဘယ်ကနေလှမ်းရိုက်တာလဲ မှန်းကြည့်မိတယ်။ မြေပုံထုတ်ကြည့်တော့ ရုန်းမြစ် အလယ်က ကျွန်းကနေပဲဖြစ်ဖြစ် တဖက်ကမ်းကုန်းမြင့်ကနေပဲဖြစ်ဖြစ် လှမ်းဆွဲပြီး ရိုက်ထားတာလို့ပဲ ကောက်ချက်ချလိုက်တယ်။ ကိုယ်သွားဖို့မပါ ရောက်ဖို့မရှိတဲ့ နေရာကနေမလို့ သူများရိုက်ထားတဲ့ပုံတွေကိုပဲ ပြန်ပြီးရိုက်ခဲ့လိုက်တော့တယ်။

ရောမရဲ့လွှမ်းမိုးမှုတွေ ရှိခဲ့တဲ့ဒေသဖြစ်နေတော့ ရောမခေတ်စစ်ဝတ်စုံပုံစံ ဓါးပုံစံ ကစားစရာတွေလည်း တော်တော်လေး ရောင်းကြတယ်။  ချည်ထည် အဝတ်အစားတွေလည်း ရောင်းနေကြတာ စျေးကတော့ တော်တော်လေး ကြီးတယ်လို့ ဆိုရမယ်။ အဝတ်အစားဆိုတော့မှ ဒီဖက်ဒေသကို လာလည်ကြတဲ့သူ တွေက ခရမ်းရောင်ဖျော့ဖျော့လေးတွေ ဝတ်ကြတာကို တွေ့ရတယ်။ လဗန်ဒါနဲ့ လိုက်ဖက်တဲ့အရောင်မလို့လို့ စုကသူ့အင်္ကျီအရောင်ရွေးတာမှန်တဲ့အကြောင်း အဲဒီလူတွေကပြပြီး သက်သေထူသေးတယ်။

ပုပ်ရဟန်းမင်းရဲ့နန်းတော်ဆိုတော့ ဘုရားကျောင်းနဲ့ နန်းတော်ကတော့ ကပ်ရပ်ပဲ။ ကုန်းမြင့်ထိပ်မှာရှိနေတာကတော့ ကာကွယ်ရေးအမြင်ဆိုတဲ့ဟာနဲ့ အဝေးကမြင်နေရအောင်လို့ ဖြစ်လိမ့်မယ်။ နန်းတော်ကြီးကတော့ တော်တော့်ကိုကျယ်ပြီးတော့  စတုရန်းပေ ၁၆၀၀၀ ကျော်ကျယ်တယ်လို့ဆိုတယ်။ စဆောက်တာက ၁၂၅၂ ခုနှစ်ကတည်းကဆိုတော့ ပုပ်ရဟန်းမင်းစနေတဲ့ ၁၃၀၉ ထိဆိုရင် နှစ်ငါးဆယ်ကျော်များ ဆောင်ခဲ့ရတာလား၊ တခြားဘာအကြောင်းတွေ ကြောင့် အဲလောက်ဟနေသလဲတော့ မသိဘူး။ အထဲဝင်ကြဖို့ လူတွေက တန်းစီနေတာရယ် စီစဉ်ထားတာက ပြန်မယ့်ရက်ကျမှ မပြန်ခင် ဝင်ဖို့ရယ်မလို့ အပြင်ကနေပဲ ဓာတ်ပုံတွေရိုက်လိုက်ကြတယ်။ အထဲဝင်ဖို့က ဝင်ကြေးက တယောက် ၁၂ယူရိုပေးရပြီးတော့ လမ်းညွှန်နဲ့သွားချင်ရင်တော့ တဖွဲ့ကို ၁၂၀ ယူရိုလမ်းညွှန်ခကျမယ်။ ကိုယ်ကတော့ သွားလေရာမှာ လမ်းညွှန်နဲ့ စနစ်တကျကြည့်ပြီးသွားတာထက် ကိုယ်ကြည့်ချင်ရာကြည့် ထင်ချင်ရာထင် ရောက်ချင်ရာရောက်တာကို သဘောပိုကျတော့ အကုန်အကျသက်သာသားပဲလို့ တွေးမိတယ်။

ဘုရားကျောင်းပေါ်တက် အထဲကိုဝင်ကြည့်ပြီးတော့နေ့လယ်စာစားဖို့ စီစဉ်ထားတဲ့ဆိုင်ကိုပဲ သွားလိုက်ကြတယ်။ ဘုရားကျောင်းထဲမှာတော့ တိုးတိုးနေခိုင်းတာ အသံနည်းနည်းထွက်လာတာနဲ့ လမ်းပတ်လျှောက်နေတဲ့ သီလရှင်ကြီးက တရှူးရှူးလုပ်တာပဲ။ စိတ်ထဲမှာ မစိုးရိမ်ကျောင်းတိုက်ကိုလာတဲ့ ဧည့်သည်တချို့က ဆူလွန်းတယ်ဆိုတာကို ပြန်သတိရမိတယ်။ သူတို့ကိုလည်း အားနာမနေဘဲ ခုလိုမျိုးတရှူးရှူးလိုက်အော်မယ့်သူ ထားထားရမယ်လို့ တွေးရင်း ပြုံးမိတယ်။ ဘုရားကျောင်းအတွင်းထဲကတော့ ထူးပြီးဆန်းပြားနေတာမျိုး မတွေ့ခဲ့ရဘူး။

နေ့လယ်စာဆိုင်ရောက်တော့ ရယ်စရာကြုံရတာက ဆိုင်ရှင်ဦးလေးကြီးက သူ့မိန်းမရောက်လာမှ မှာလို့ရမယ်ဆိုတာနဲ့ အူဗာတုန်းကရေသောက်မယ်ဆိုတာ စျေးကြီးတဲ့အက်ဗီယန်ရေသန့်လာချလို့ ရေယူမလားကိုတောင် ငြင်းနေမိတဲ့ ကိုယ့်ကိုယ်ကိုပဲ။ နေရိပ်ဖက်မှာ နှစ်ယောက်ဝိုင်းရှိပေမယ့် နေပူတဲ့ဖက်ပဲ ပေးလာ တော့ ဘာမှမပြောဘဲထိုင်ရတာပဲ။ ပြင်သစ်စကားသင်ရတော့လည်း စားသောက်ဆိုင်သွားတယ်ဆိုရင် နှစ်ယောက်အတွက်စားပွဲပေးပါလို့ပြောပြီး သူတို့ပေးတဲ့ထဲကမှ ရွေးရတာကို တမျိုးတွေးမိတာပဲ။ ဆိုင်တွေမှာ လေးယောက်ထိုင်ဖို့တွေလွတ်နေပြီးတော့ ကိုယ်ကြိုက်တဲ့နေရာမလို့ ရွေးချင်ပေမယ့် နှစ်ယောက်ထဲမရဘူးဆိုပြီး ပြန်ပြောင်းခိုင်းတာမျိုးကို ကြုံခဲ့ဖူးသလို အဲဒီဆိုင်မှာ လည်း တွေ့လိုက်ရသေးတယ်။ ကိုယ်တွေကတော့ ဆိုင်ရှင်အန်တီကြီးလာတဲ့ အချိန်မှာ နေရိပ်ဖက်ကို ပြန်ပြောင်းပေးလို့ အဆင်ပြေသွားတယ်။ ကိုယ်တွေက လည်း စားပွဲရွေးမရလို့ ထိုင်ခုံတွေကို နေရိပ်ရသလောက်မှာ ရွှေ့ထိုင်နေတာကိုး။ ပြောင်းပြီးတော့မှ မိန်းမသဘောမတူရင် မလုပ်ရဲတာ ကိုယ့်အတိုင်းပဲလို့ စုက ရယ်သေးတယ်။

ထိုင်စားကြတဲ့သူထဲမှာတော့ ကိုယ်တွေက အစောဆုံးလိုပဲ။ အန်တီကြီး တယောက်နဲ့ သူ့မြေးမလေးကတော့ နေရိပ်ဖက်မရလို့ တခြားဆိုင်သွားတယ်။ တကယ်က နေရိပ်ဖက်မှာ လေးယောက်ထိုင်ဖို့နဲ့ ခြောက်ယောက်ထိုင်ဖို့ စားပွဲခင်းထားတာတွေ ရှိတယ်။စားပွဲတွေက အသေးတွေကို ဆက်ထားတာမလို့ ရွှေ့ပေးလိုက်လည်းရတာပဲလို့ နောက်တဖွဲ့မှာ နေပူထဲရွှေ့ခိုင်းတော့ မြန်မာလို ပြောဖြစ်ကြတယ်။ ကြားသွား နားလည်သွားသလိုပဲ ခုံခင်းတာ ပြန်ပြင်ပေးပြီးတော့ အဲဒီနှစ်ယောက်ကို နေရိပ်ထဲ နေရာပေးတယ်။ တရုတ်နှစ်ယောက်လို့ ထင်ထားတဲ့ အဲဒီကျောင်းသားနှစ်ယောက်မှာ တယောက်ကဖုန်းပြောလိုက်တော့မှ ထိုင်းကပါလား လို့ သိသွားပြီး ရယ်လိုက်ကြသေးတယ်။ 

စားနေတုန်း စာလာပို့တဲ့တယောက်က နောက်တွဲပါတဲ့ လျှပ်စစ်ဘီးလေးနဲ့မလို့ ကိုယ်တွေလည်း မြို့သေးသေးလေးသွားပြီး အဲလိုအလုပ်မျိုးလုပ်နေရင် ကောင်း မလား စဉ်းစားမိသေးတယ်။ စာပို့စနစ်က ကောင်းကောင်းကို အလုပ်ဖြစ်နေသေး တာကို တွေ့တွေ့နေရတော့ ကိုယ့်နိုင်ငံကဟာကို သွားသွားမြင်နေမိတယ်။ ဖြစ်နိုင်သမျှ ကိုယ့်နိုင်ငံနဲ့ မနှိုင်းဘဲ မယှဉ်ဘဲနေဖို့ စဉ်းစားထားပေမယ့် တခုခုဆို အဲဒါက ခေါင်းထဲအရင်ဝင်လာလို့ မေ့မေ့ပစ်ရတယ်။ သူတို့ဆီမှာတော့ ဘယ်လိုကောင်းတာဘာညာဆိုတဲ့ အတွေးမျိုး အပြောမျိုးကို ကိုယ့်ဆီမဝင်စေချင်ဘူး။ လုပ်ပေးနိုင်ရင်လုပ်လိုက်တာမျိုးပဲ ဖြစ်ချင်မိတာ။

စားပြီးတော့ ဟိုတယ်ကိုလမ်းလျှောက်ပြန်ပြီး လဗန်ဒါခင်းတွေဆီမသွားခင် ခဏနားကြတယ်။ ဟိုတယ်က အွန်လိုင်းကတေ ပိုက်ဆံပေးပြီးသားဆိုတော့ နာမည်ပြောပြတာနဲ့ပဲ ရသွားတယ်။ ပတ်စ်ပို့ပေးရဦးမှာလားလို့ ထုတ်ပြီးကိုင်ထား ပေမယ့် နာမည်ကြည့်ဖို့ကလွဲပြီး ဘာမှ မလုပ်ဘူး။ လက်နဲ့တောင် ထိကြည့်မ သွားတော့ ကိုယ်တခါမှ မကြုံဖူးတဲ့အတွေ့အကြုံပဲ။ တံခါးကလည်း သော့နဲ့မဟုတ်ဘဲ ကုတ်နံပါတ်နဲ့ ဖွင့်ရတာဆိုတော့ တောသားကိုယ်တွေအတွက် အဆန်းပဲ။ နံပါတ်မေ့မှာစိုးလို့ ဓာတ်ပုံရိုက်ယူထားရသေးတယ်။ လက်ကိုင်ဖုန်း တွေက ဘဝကို တော်တော်အဆင်ပြေလွယ်ကူအောင် လုပ်ပေးလိုက်တာပဲ။

(၅) လဗန်ဒါလမ်း

နေ့လယ် လဗန်ဒါခင်းတွေဆီသွားဖို့ကို ချိန်းထားတဲ့နေရာဆီရောက်သွားတော့ မီနီဗန်နဲ့ အမျိုးသမီးတယောက်ကို မလှမ်းမကမ်းမှာ တွေ့ပေမယ့် ချိန်းထားတဲ့ အချိန်လည်းလိုသေးတော့ မဟုတ်ရင် အားနာစရာဆိုပြီး သွားမမေးဖြစ်ဘဲ ရပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေကြတယ်။ ခဏနေတော့မှ အဲဒီအမျိုးသမီးကပဲ ရောက်လာပြီးတော့ နေ့လယ်သွားဖို့ ပြောထားတာလား၊ ဘယ်အချိန်ချိန်းထားလဲနဲ့ နာမည်ကိုမေးတယ်။ သူလိုက်ပို့ရမယ့်သူမှန်းသေချာတော့ ပိုက်ဆံပေးထားပြီး ကြောင်း ဘောက်ချာတောင်းလို့ ထုတ်ပေးတော့ ကားပေါ်တက်ခိုင်းပြီး သွားကြမယ်လို့ဆိုတယ်။ ရှစ်ယောက်စီး ကားပေါ်မှာ ကိုယ်တွေနှစ်ယောက်ထဲမလို့ သီးခြားခရီးစဉ်ငှားလိုက်ရသလိုပဲမလို့ စိတ်ကူးယဉ်မိတာလေး ပြည့်သွားတယ်။ တကယ်တမ်းအဲဒီလို နှစ်ယောက်တည်းသီးသန့်ဆိုရင် စျေးက ခုလို တယောက် ၅၅ ယူရိုနဲ့မရဘဲ ၆၄ ယူရိုဆိုတော့ နှစ်ယောက်ကို ၁၈ ယူရိုလျှော့စျေးရလိုက်သလိုပဲ။

ဒရိုင်ဘာနဲ့ နောက်ခန်းကြားမှာ ကော်ပြားခံထားတာကို တွေ့လိုက်တယ်။ နှစ်ယောက်တည်းပေမယ့် ရဲစစ်ရင်မရှုပ်အောင် နှာခေါင်းစည်းတပ်ထားဖို့လည်း ပြောတယ်။ ကိုဗစ်ရဲ့လက်ချက်ကလေးတွေ။

လမ်းမှာ တချို့နေရာက ဘယ်လိုဘာညာနဲ့ လေအကြောင်း ဝိုင်တွေအကြောင်း ပြောပြတယ်။ ကိုယ်တွေသွားမယ့် Sault ဆိုတဲ့မြို့က တောင်ပေါ်မှာ ရှိပြီးတော့ လှမ်းမြင်နေရတဲ့ အပေါ်ပိုင်းဖြူနေတဲ့ တောင်ကျောကိုကျော်ရမယ်လို့ ပြောပြတယ်။ အပေါ်ပိုင်းဖြူနေတာက နှင်းမဟုတ်ဘဲ လေပြင်းပြီးအပင်မပေါက်နိုင်တဲ့ ကျောက်သားမလို့လို့ တခါတည်း ပြောပြသွားတယ်။ မနက်အစောကြီးထလာရ တော့ သိပ်မကြာခင်ဘဲ နှစ်ယောက်သား အိပ်ပျော်သွားကြတယ်။ သွားရမယ့်နေရာ က ကားနဲ့ တနာရီခွဲလောက် သွားရတယ်။

ရောက်ခါနီးမှပဲ နိုးလာပြီးတော့ တောင်ထိပ်တနေရာမှာ ဓာတ်ပုံရိုက်ဖို့ ကားရပ်ပေးတယ်။ အိပ်ချင်မူးတူးနဲ့ ထကြည့်ပြီး ဓာတ်ပုံရိုက်ကြတာ နှာခေါင်းစည်း တောင် မချွတ်ကြလို့ အန်နာ (ကားမောင်းတဲ့အမျိုးသမီး)က ကားပေါ်ကဆင်း ရင်တော့ ချွတ်လို့ရကြောင်း ပြောလာတယ်။ ကားပေါ်ပြန်ရောက်တော့ လဗန်ဒါမှာ လဗန်ဒါအစစ်ရယ် စပိန်မျိုးရင်းရယ် အဲဒီနှစ်ခုကို မျိုးစပ်ထားတဲ့ လဗန်ဒီရယ်ဆိုပြီး ရှိတယ်လို့ ရှင်းပြတယ်။ နောက်တော့ လဗန်ဒါခင်းနဲ့ ဆီထုတ်တဲ့နေရာရောက်တော့ သူပြောသလိုပဲ တွေ့ရတယ်။ 

လဗန်ဒါအစစ်ဆိုတာ တကိုင်းမှာ ကိုင်းထပ်ခွဲတာမျိုး မရှိဘဲနဲ့ စပိန်မျိုးကတော့ တကိုင်းမှာ သုံးကိုင်းခွဲဖြာနေတယ်။ ပန်းပွင့်ကျတော့ စပိန်မျိုးက သေးသေးလေးတွေ။ မျိုးစပ်ကျတော့ သုံးကိုင်းကိုမှ အစစ်လိုပန်းပွင့်တွေနဲ့။ ဆယ်နှစ်ထိ ဆီထုတ်လို့ကောင်းတဲ့ နှစ်ရှည်ပင်ဖြစ်ပြီးတော့ စိုက်ခင်းမလို့ အပြင်မှာ တွေ့ရတဲ့အပင်တွေလို အရှည်ကြီး ဖြစ်မနေဘူး။ စိုက်ခင်းထဲမှာ တခြားတဖွဲ့ ရောက်နေတာ စိုက်ခင်းကကောင်လေးတယောက်က အင်္ဂလိပ်လိုတလှည့် ပြင်သစ်လိုတလှည့်နဲ့ တော်တော်ကြာ ရှင်းပြနေတယ်။ အန်နာကတော့ ကိုယ်တွေနဲ့အကိုက်ပဲ ခပ်တိုတိုပြောပြီး ပေါင်းခံပြီး အဆီထုတ် ပြီးမှအဆီဝေ့လာအောင်လုပ်ပြီး ယူလိုက်တာကို ပြောပြတယ်။ အရင်နှစ်က အဆီထုတ်ပြီးတဲ့ အပင်တွေကို ဒီနှစ်မှာ အပူပေးဖို့အတွက် လောင်စာအဖြစ် ပြန်သုံးတယ်လို့တော့ ဂုဏ်ယူတဲ့ပုံနဲ့ ပြောပြတယ်။

ပုံတွေလှည့်ပတ်ရိုက်နေတော့ နောက်ထပ် လှတဲ့နေရာတွေ ခေါ်သွားပေးဦးမှာဆိုပြီးတော့ လမ်းမှာ နောက်ထပ် နှစ်နေရာ ရပ်ပေးတယ်။ ပထမတနေရာရပ်တဲ့အထျိန်မှာ ကိုယ်တွေကို ဓာတ်ပုံရိုက်ပေးပြီးတော့ အရိပ်ထဲသွားပြီး စားနေတာတွေ့လို့ သူပြီးလောက်တဲ့အထိ ဓာတ်ပုံပတ်ရိုက် ကြည့်နေမိကြတယ်။

နောက်တနေရာမှာတော့ ကိုယ့်ရှေ့မှာ ကားတစီးနဲ့ နှစ်ယောက် ရှိနေတယ်။ အဝေးက Sault မြို့နဲ့ Ventoux တောင်နောက်ခံကြောင့် တော်တော်လှတဲ့ နေရာလေးပဲ။ လမ်းတလျှောက်မှာ လဗန်ဒါခင်းတွေတောက်လျှောက်ပေမယ့် တချို့အခင်းတွေက အကုန်ပွင့်နေတာမဟုတ်တာမျိုး အပွင့်ဖြူဖြူနဲ့မြက်ပင်တွေ ရောနေတာတမျိုးနဲ့ ရိတ်ထားလက်စတချို့ကြောင့်တော့ တပြေးညီလှနေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အဝေးကကြည့်ရင်တော့ အသေးစိတ်ပျောက်သွားလို့ လှနေကြတာများတယ်။ စစိုက်ထားတဲ့အခင်းဆိုတာကိုလည်း ဖြတ်သွားရင်း တွေ့ခဲ့ရသေးတယ်။

စိုက်ခင်းမှာတုန်းက အမှတ်တရဝယ်မလားလို့ ပိုင်ရှင်နဲ့ အန်နာက အဆီကို စမ်းပြသေးတယ်။ အစစ်ရဲ့အနံ့က ပိုယဉ်ပြီးတော့ မျိုးစပ်ဟာက ပိုပြင်းပြီး ထင်းရှူးဆီဆန်ဆန်အနံ့မျိုးပါတယ်။ ဆပ်ပြာတွေကောရှိလို့ တခုခုဝယ်ချင်ပေမယ့် ဘာလုပ်ဖို့မှ မရှိတာမလို့ ဘာမှမဝယ်တော့ သူတို့နှစ်ယောက်လည်း နည်းနည်း အူကြောင်ကြောင် ဖြစ်သွားသလိုပဲ။ ဒီလိုခရီးသွားမျိုး မကြုံဖူးဘူးလား မသိ။ လက်ဆောင်ပစ္စည်းအနေနဲ့တော့ Sault မြို့ရောက်မှပဲ ဆိုင်တွေပတ်ကြည့်ပြီးမှ လဗန်ဒါအဖူးထုပ်လေးတထုပ်ပဲ ဝယ်ဖြစ်တယ်။ အနံ့သင်းသင်းလေးပဲ ထွက်နေတယ်။ 

အဲဒီမှာ တနာရီလောက်ကြာမယ် ကော်ဖီဖြစ်ဖြစ် အအေးဖြစ်ဖြစ် ရှုခင်းကြည့်ရင်း သောက်ကြပေါ့ဆိုပေမယ့် အရိပ်ကောင်းကောင်းရှိနေတဲ့ သစ်ပင်အောက်က မြက်ခင်းမှာပဲ ပါလာတဲ့ အချိုရည် ထုတ်သောက်ပြီး ရှုခင်းကြည့် လူတွေကိုကြည့်ပြီး ထိုင်နေလိုက်ကြတယ်။ သံလုံးတွေ ဂေါ်လီပစ်ကြ သလို ကစားကြတဲ့ ရိုးရာကစားနည်း ကစားနေကြတဲ့ သူတွေလည်း ရှိတယ်။ ငယ်ငယ်က ဖန်ဂေါ်လီ ပစ်ကြသလိုကိုမှ လက်တဆုပ်လောက်ရှိတဲ့ သံလုံးကို လူကြီးတွေ ဆော့ကြတာလို့ပဲ ကိုယ်ကတော့ မြင်လိုက်တယ်။

အပြန်မှာတော့ မအိပ်ချင်တော့ ဟိုကြည့်ဒီကြည့်နဲ့ပဲ ပြန်ပါလာတယ်။ တနေရာရောက်တော့ စုက အန်ချင်တယ်လို့ ပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ဗွက်ခနဲ့ အန်ချလိုက်တာ နှာခေါင်းစည်းထဲ ဖြစ်နေလို့ တော်သေးတယ်။ လမ်းက အကွေ့အကောက်များတာရယ်၊ နေ့လယ်စာစားတာက များပြီးတော့ အချိုရည်က တမျိုးဖြစ်သွားတာကြောင့်ရယ်နဲ့ ကိုယ်ဝန်ရှိကတည်းက ဖြစ်ဖြစ်နေတဲ့ ပျို့ပျို့နေ တာရယ်က နှာခေါင်းစည်းတပ်ထားတာနဲ့ သွားပေါင်းမိကြပုံပဲ။ နှာခေါင်းစည်း ထည့်တဲ့အိတ်ကပဲ အန်ဖို့အိတ်ဖြစ်သွားတော့တယ်။ အန်နာကားရပ်ပေးပါဦးလို့ လှမ်းပြောပေမယ့် ကြားပုံမရဘူး။ စုကလည်း မူးပြီးအန်တာထက် အစားများ လို့ဖြစ်တာလောက်ပဲဖြစ်နေတော့ သက်သာသွားလို့ ထပ်ပြောမနေတော့ဘူး။ 

လမ်းမှာတော့ Carpentras ဆိုတဲ့မြို့လေးကိုလည်း ဖြတ်တယ်။ ပုပ်ရဟန်းမင်းရဲ့သြဇာရှိခဲ့တဲ့နေရာဆိုတော့ ပြင်သစ်နိုင်ငံထဲမှာဆိုပေမယ့် အလံထောင်တာမှာ ဗာတီကန်အထိမ်းအမှတ် ရွှေသော့နဲ့ငွေသော့ပုံပါတဲ့ အနီရောင် အလံကိုလည်း ထောင်ကြတယ်လို့ ရှင်းပြတယ်။ လဗန်ဒါခင်းခရီးတွေအကြောင်း ရှာတုန်းက ဘရားကျောင်းတခုဘေးမှာ လဗန်ဒါတွေနဲ့ဟာကို တွေ့ထား ပေမယ့်လည်း လိုက်ပို့မယ့်ထဲ မပါဘူးလားတော့ မမေးဖြစ်ဘူး။ တောင်ပေါ် လောက်မှာပဲ ကျန်တော့တဲ့အချိန်လို့ ပြောထားတော့ မရှိလို့မပို့တာလို့ပဲ ကိုယ့်ဖာသာ ကောက်ချက်ချလိုက်တယ်။ အပြန် အာဗီညွန်နားဝင်ခါနီးမှာတော့ ကားတွေ တော်တော်ကျပ်နေတယ်။ မြို့ဟောင်းထဲကမဖြတ်တော့ဘဲ မြို့ရိုးဘေးက လမ်းမကနေပြီးတော့ အဲဒီလမ်းဘေးမှာရှိတဲ့ ဟိုတယ်အထိ လိုက်ပို့တယ်။ Ibis budget လို့ပြောပေမယ့် သူကတော့ ကပ်ရပ်မှာရှိတဲ့ Ibis ရှေ့မှာချပေးလို့ လမ်းလျှောက်လိုက်ရသေးတယ်။ ရောက်တာနဲ့ အဲကွန်းဖွင့်ပြီး စောင်ခြုံအိပ်လိုက်ကြတယ်။ နိုးလာတော့ ကိုးနာရီလောက်ရှိပေမယ့် မမှောင်သေးဘူး။

ရေချိုးပြီးမှထွက်တော့ စားမယ်ဆိုပြီး အအစီအစဉ်ဆွဲထားတဲ့ဆိုင်က ပိတ်တော့မယ်။ ဆယ်နာရီပိတ်တာဆိုတော့ တခြားဟာရှာရတော့တယ်။ အသွားတုန်းက ဖြတ်သွားတဲ့ စားသောက်ဆိုင်တွေနဲ့ ကွင်းပြင်ဖက်ကို စီတန်းပြီးထွက်ခင်းထားတဲ့နေရာကို မြေပုံမှာ ပြန်ရှာပြီး သွားလိုက်ကြတယ်။ အဲဒီဖက်မှာမှရတဲ့ အစားအစာမျိုးစားကြည့်ချင်လို့ ခင်းထားသမျှတွေကို လိုက်ကြည့်ပြီးမှ Paella ဆိုတဲ့ စပိန်စာရတဲ့ဆိုင်မှာ စားလိုက်ကြတယ်။ ထမင်းနဲ့ဟင်းရောထားတဲ့ ထမင်းပေါင်းပုံစံတမျိုးလို့ပဲ ပြောရမှာပဲ။ ဝိုင်ဒေသမလို့ ဝိုင်တခွက်ပါမှာသောက်တော့ ဗိုက်ကြီးသည်က အရင်လို လိုက်မသောက် ဖြစ်တော့ဘူး။

ကိုယ်တွေစားတဲ့ဆိုင်မှာ တခြားဝိုင်းမရှိတော့ဘဲ ဆိုင်လည်းသိမ်းနေပေမယ့် ကိုယ်တွေကိုတော့ ဖိအားကို မသိမသာရော သိသိသာသာပဲ လာပေးတာမျိုး မရှိဘူး။ ဘေးကဆိုင်မှာတော့ လေးငါးဝိုင်း ရှိနေတုန်းပဲ။ စားပြီးတော့ နန်းတော်ဖက် ပြန်သွားကြည့်ကြတယ်။ နန်းတော်ကနေမှ တံတားဖက်ပြန်သွားတော့ လုပ်နေကျ ထုံးစံအတိုင်း နေ့လယ်ကလာဖူးတဲ့လမ်းမဟုတ်ဘဲ တခြားလမ်းတွေကနေ မှန်းရမ်းသွားတယ်။ လမ်းတွေကကောက်ကွေ့နေတဲ့အပြင် တချို့လမ်းတွေက အဆောက်အဦထဲကပါ ဖြတ်နေရတယ်။ စိတ်ထဲမှာတော့ Games of thrones ထဲလမ်းတွေနဲ့ ဒါဗင်ချီကုဒ်ထဲကလိုလို ခံစားမှုတွေပဲ။ လူပြတ်လွန်းတော့ စိုးရိမ်မိပေမယ့် ဘာမှတော့ မဖြစ်လိုက်ဘူး ဆိုရမှာပဲ။ အမှောင်ရိပ်တခုမှာ အတွဲတတွဲတောင် လှမ်းမြင်လိုက်လို့ သူတို့နဲ့မနီးတဲ့ လမ်းဖက်ပြောင်းလျှောက်ပြီး တံတားနား ရောက်သွားကြတယ်။

တံတားကအပြန်မှာတော့ မြို့ဟောင်းထဲ မဝင်တော့ဘဲနဲ့ မြို့ရိုးဘေးက လမ်းမ တလျှောက်ပဲ လျှောက်ပြန်သွားကြတယ်။ လမ်းလျှောက်ကြတဲ့သူ တယောက်တလေနဲ့ စက်ဘီးစီးကြသူတွေတော့ ရှိနေသေးတယ်။ ဆယ့်တစ်နာရီ ကျော်နေပေမယ့် ရှုခင်းကြည့်တဲ့ ရဟတ်က လည်နေသေးပြီး သုံးယောက်လောက် ပါတဲ့ တဖွဲ့ပဲ စီးနေကြတယ်။ မနက်ကိုတော့ နေမကောင်းဖြစ်မှာစိုးလို့ ကောင်းကောင်းအိပ်ပြီး ဆယ်နာရီခွဲရထားနဲ့မှ နင်းမ်စ်ကို ဆက်သွားကြမယ်လို့ ဆုံဖြတ်လိုက်ကြတယ်။

(၆) နောက်ထပ်ရောမ

နောက်နေ့မနက်ကတော့ ထင်ထားတဲ့အတိုင်းပဲ ကိုးနာရီလောက်မှ ထနိုင်တယ်။ ရေချိုးမျက်နှာသစ်သွားတိုက်ကြပြီးတော့ ဆယ်နာရီခွဲရထားကို မီအောင် ပြင်ဆင်ကြတယ်။ ကျောပိုးအိတ်နှစ်လုံးဆိုတော့ တလုံးကိုတော့ ဟိုတယ်မှာပဲ အပ်ခဲ့ဖို့လုပ်တာ အပ်ခ ၂ယူရိုကျမယ်ပြောတယ်။ လမ်းပတ်လျှောက်နေတဲ့အချိန်မျာ သယ်သွားတာထက်စာရင် တန်တယ်လို့ သဘောထားပြီးတော့ အပ်ခဲ့လိုက်ကြတယ်။ မနက်စာကိုတော့ ဘူတာရုံက ကော်ဖီနဲ့မုန့်ဆိုင်က မနက်အစောကြီးကတည်းက ဖွင့်တယ်လို့ မြေပုံမှာတွေ့ထားလို့ အဲဒီမှာကော်ဖီသောက်ကြမယ် မုန့်ကတော့ ဝယ်လာခဲ့တာကျန်နေသေးတာကို အပြတ်ရှင်းမယ် ဆိုပြီးတော့ ထွက်လာခဲ့ကြတယ်။ ဘူတာနားအထိက ကိုးမိနစ်လောက်ပဲ လမ်းလျှောက်ရတယ်။ 

ဖွင့်ပါတယ်ဆိုတဲ့ မုန့်ဆိုင်က အပြင်ကနေသွားကြည့်တာ တံခါးပိတ်ထားလို့ ဘာဖြစ်တာလဲပေ့ါ၊ အလွဲကစပြီလို့ တွေးလိုက်မိတယ်။ မနေ့ကတုန်းက ဘူတာရုံ ထဲမှာ ကော်ဖီဖျော်စက်တွေ့ခဲ့လို့ အထဲကို ဝင်ဝယ်မယ်ဆိုတော့ နှာခေါင်းစည်းတပ်ရ မှာမလို့ စုကို အပြင်ကစောင့်ခိုင်းပြီး တယောက်တည်းပဲ ဝင်သွားလိုက်တယ်။ ကော်ဖီဖျော်စက်ရှိတဲ့နေရာဆီကို သွားတော့ စက်က အလုပ်မလုပ်ဘူးဆိုတော့ သွားပြီလို့ တွေးမိလိုက်တယ်။ ဘေးဖက်ကို ကြည့်လိုက်တော့မှ သောက်မယ်လို့ ရည်ရွယ်ထားတဲ့ဆိုင်က ဖွင့်နေတာကို တွေ့လိုက်တယ်။ အဲဒီတော့မှ အပြင်ကနေ ဝင်လို့မရဘဲ ဘူတာရုံထဲကနေပဲ ဝင်လို့ရတာပါလားလို့ သိသွားပြီး ကိုယ့်ဘာသာ ရယ်ချင်သွားတယ်။ ကော်ဖီနှစ်ခွက်ဝယ်ပြီးတော့ ဘူတာအပြင်က သစ်ပင်အောက်မှာပဲ မနက်စာစားလိုက်ကြတယ်။

စားပြီးတော့ လက်မှတ်ကို စက်ကနေဝယ်ပြီးတော့ ရထားသွားစောင့်ကြတယ်။ ထုံးစံအတိုင်း ခုံမသတ်မှတ်ထားတဲ့ရထားမလို့ အဆင်ပြေမယ့်ခုံကိုပဲ ရွေးထိုင်လိုက် ကြတယ်။ နင်းမ်စ်အထိက နာရီဝက်လောက်ပဲ ကြာတယ်။

နင်းမ်စ်မှာ အဓိကကြည့်ရမှာကတော့ ရောမခေတ်ပုံစံအဆောက်အဦတွေပဲ။ အဲဒီထဲမှာမှ အီတလီမှာရှိတဲ့ ကိုလာ့စီယမ်ပုံစံ အားကစားကွင်းကြီး။ ဘူတာနဲ့လည်း သိပ်မဝေးဘူးလို့ မြေပုံအရတော့ သိထားတယ်။ ဘူတာကထွက်တာနဲ့ မျက်နှာချင်းဆိုင်မှာ လမ်းကူးပြီး ချားလ်ဒူဂေါနာမည်နဲ့ ဥယျာဉ်ကိုဖြတ်ပြီး လျှောက်လမ်းအတိုင်းလျှောက်သွားတာနဲ့ နာမည်ကျော် ရေပန်းတခုရှိတယ်။ ရင်ပြင်က ၁၇ရာစုလောက်ကတည်းက ရှိခဲ့တဲ့နေရာပေမယ့် နောက်မှ နာမည်ကျော်သမ္မတရဲ့နာမည်နဲ့ ဥယျာဉ် လုပ်ထားတယ်။ ရေပန်းကတော့ ၁၈၅၁ မှာ ကျောက်သားနဲ့ထုလုပ်ထားပြီးတော့ အသေးစိတ်မှုနဲ့ အလှအပကြောင့် နာမည်ကြီးတယ်။ နတ်ဘုရားရုပ်ထုရဲ့သရဖူကို မြို့ရဲ့နာမည်ကျော် Maison Carrée ရဲ့ပုံစံအတိုင်းထုထားပြီးတော့ ခြေရင်းကအရုပ်တွေကတော့ ဒေသတဝိုက်က ကိုယ်စားပြုအရုပ်တွေပဲ။

အဲဒီကနေပဲ နာမည်ကျော် ကစားကွင်းကို လှမ်းမြင်နေရပြီ။ လမ်းမှာ တရားရုံးကြီးကိုလည်း တွေ့မိသေးတဲ့အပြင် မိကျောင်းပုံလေးတွေကို ဟိုနားဒီနားမြင်နေရတယ်။ နောက်မှသိလိုက်ရတာက အဲဒီမိကျောင်းနဲ့အုန်းပင်က မြို့ရဲ့ကိုယ်စားပြုပုံပဲဆိုတော့ Games of thrones ဆန်ဆန်ပြောရရင် မိကျောင်းအိမ်တော်လို့ စုကပြောလာတယ်။

Amphitheatre of Nîmes (Arènes de Nîmes) လို့ခေါ်တဲ့ ကစားကွင်းကြီးကတော့ ရောမခေတ်မှာ ဂလက်ဒီယေတာတွေတိုက်ခိုက်ကြ နွားရိုင်းသတ်ပွဲတွေလုပ်ခဲ့ကြတဲ့ နေရာပဲ။ လူပေါင်း နှစ်သောင်းလေးထောင်လောက် တပြိုင်တည်းကြည့်လို့ရတဲ့ အလျား ၁၃၃ မီတာရှည်ပြီး အနံ ၁၀၁ မီတာကျယ်တဲ့ကွင်းကြီးရဲ့အမြင့်ကလည်း ၂၁ မီတာရှိတယ်။ ကမ္ဘာတလွှားမှာ ဒီထက်ကြီးတဲ့ ဒီလိုကွင်းကြီးတွေရှိပေမယ့် သူကတော့ အကောင်းဆုံး ထိန်းသိမ်းထားနိုင်ပြီး ပြည့်ပြည့်ဝဝကျန်နေသေးတဲ့ကွင်းလို့ ဆိုတယ်။ အေဒီ ၇၀ ခုနှစ်ကတည်းက ဆောက်ခဲ့ပြီးတော့ ရောမကကွင်းကြီးပြီးလို့ သိပ်မကြာခင်မှာဘဲ ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ရောမခေတ်မှာ လူတွေရဲ့စိတ်ထွက်ပေါက် ရနေအောင်လို့ ဒီလိုကစားကွင်းတွေဆောက် တိုက်ခိုက်ပွဲ သတ်ပွဲတွေလုပ်ပြီး အာရုံလွှဲခဲ့ကြတယ်။ ဒီနေ့ခေတ်မှာလည်း လူတွေရဲ့အာရုံနဲ့ ပုန်ကန်ချင်စိတ်ကို ဒီလိုနည်းနဲ့လွှဲထုတ်ကြတာတွေ ရှိနေတုန်းပဲ။ မလွှဲထုတ်တတ်ရင်လည်း အစိုးရတွေ ပြုတ်ကျကြမှာပဲ။

ကစားကွင်းကြီးကို ဝင်ကြည့်ရင်တော့ တယောက်ကို ယူရိုတစ်ဆယ်ပေးရ မယ်လို့ ဆိုတယ်။ အစကတော့ ငါးယူရိုမကျော်ရင် ဝင်ကြည့်ကြတာပေါ့ဆိုပေမယ့် ဝင်မှမကြည့်ရင်လည်း ဘာမှမထူးဘူးလိုဖြစ်နေတယ်။ တခြားနေရာနှစ်ခုဖြစ်တဲ့ မျှော်စင်နဲ့ဘုရားကျောင်းကိုဝင်ကြည့်ဖို့ပါ အပါဆိုရင်တော့ ၁၃ ယူရိုပဲဆိုတော့ တနေရာကို ငါးယူရိုစာရင်းထဲရောက်သွားတာပဲ၊ ဘတ်ဂျက်ခွဲထည့်ဖို့ပဲလိုတာလို့ စုက နောက်တယ်။

လက်မှတ်ဝယ်ဖို့တန်းစီနေရင်းမှ ရှေ့မှာ မြေးနဲ့လာတဲ့အဖိုးအဖွားရယ်၊ နောက်ထပ် အဖိုးအဖွားစုံတွဲတတွဲရယ်က လက်မှတ်ဝယ်နေတယ်။ သူတို့ရဲ့မြေးက လည်း ခပ်ငယ်ငယ်ဖြစ်နေတော့ သူတို့ကော မြေးလေးပါ ဝင်ကြေးပေးစရာမလိုဘူး လို့ ပြောလိုက်တဲ့ပုံရတော့ အဖိုးကြီးက ပျော်နေပုံပဲ။ နေရာတော်တော်များများက အသက် ခြောက်ဆယ်အထက်တွေကို အခမဲ့ပေးဝင်တတ်တာမလို့ ကိုယ်တွေ အသက်ကြီးရင်လည်း ပတ်သွားနိုင်ရင် ကောင်းသားလို့ တွေးမိကြတယ်။

လက်မှတ်ဝယ်ဖို့လုပ်တော့ ဘုရားကျောင်းကတော့ မြို့ရဲ့သမိုင်းကြောင်းကို ကြည့်ဖို့ပဲ ဝင်လို့ရတယ်လို့ လက်မှတ်ရောင်းသမားက ပြောပြတယ်။ အဲဒါကို မကြည့်ချင်လို့ ကစားကွင်းနဲ့ မျှော်စင်ကိုပဲ ဝင်ရင်တောင် ၁၃. ယူရိုကျနေပြီမို့ ယူမယ်လို့ပဲ ပြောလိုက်တယ်။ လက်မှတ်ပေးရင်းနဲ့မှ Application ကို ဆွဲချပြီး နားထောင်လို့ရတယ်ပြောတယ်။ QR code ကို ပြတော့ မဆွဲချင်တော့လို့ ဒီအတိုင်းပဲ ကြည့်နေတော့ စာရွက်နဲ့လည်း ရတယ်လို့ ပြောပြီး အင်္ဂလိပ်လိုရေးထားတဲ့စာရွက် ရှာပေးတယ်။ စာရွက်ကို ကြည့်လိုက်တော့ ဆိုင်းဘုတ်နံပါတ်တစ်ဆိုရင် ဘာဆိုလိုတယ်ဘာညာနဲ့ လမ်းညွှန်မလိုအောင် ရှင်းပြထားတယ်။ ဝင်ဝင်ချင်းတော့ သူ့လမ်းညွှန်အတိုင်းဝင်သွားပြီး ကစားကွင်းထဲရောက်သွားပေမယ့် ကိုယ်သွား ချင်တာက အမြင့်ဆုံးအထိနဲ့ ကစားကွင်းမြေပြင်ဆိုတော့ အဲဒီနေရာတွေ ရောက်အောင်ပဲ ပတ်သွားလိုက်တယ်။

အတွင်းထဲမှာတော့ လျှောက်သွားရင်းနဲ့ပဲ ဂလက်ဒီယေးတာတွေရဲ့ဝတ်စုံတွေနဲ့ နာမည်ကျော်ဇာတ်ကားဟောင်းတချို့ထဲက တိုက်ပွဲမြင်ကွင်းတွေကို ပြထားတဲ့ အခန်းနဲ့ နွားရိုင်းသတ်ပွဲမှာ ဝတ်တဲ့ဝတ်စုံတွေနဲ့ နာမည်ကျော်တချို့ရဲ့ ဓာတ်ပုံတွေကို ပြထားတဲ့ အခန်းနှစ်ခန်းကို မြင်ခဲ့ရတယ်။ အဲဒီမှာရေးထားတာကတော့ ဂလက်ဒီယေးတာတွေက ကျွန်တွေမဟုတ်ဘဲ တိုက်ချင်လို့ ကိုယ့်သဘောနဲ့ကိုယ် ဝင်တိုက်ကြသူတွေလို့ ရေးထားတယ်။ သူတို့ရဲ့ ကိုင်တဲ့လက်နက်နဲ့ ဝတ်စုံတွေ ပေါ်မူတည်ပြီး ခေါ်ကြတဲ့နာမည်တွေကိုလည်း ပုံနဲ့တကွ ပြထားတယ်။ အဲဒီလို ကစားကွင်းကြီးတွေမှာလည်း အကျယ်အဝန်းနဲ့ လုပ်တဲ့ပွဲပေါ်မှာမူတည်ပြီးတော့ ဘယ်လိုခေါ်တယ်၊ ဘယ်မှာရှိခဲ့တယ်ဆိုတာကို ပုံတွေနဲ့ပြထားတဲ့အခန်းတခန်း လည်း ရှိတယ်။ တချို့အခန်းတွေနားကိုတော့ ကြိုးတားထားပြီး မဝင်ဖို့ပြထား တယ်။

ကစားကွင်းထဲဝင်ကြည့်တော့ ပွဲကြည့်ခုံအဆင့်ဆင့်မှာ တက်ရင်းနဲ့ မြင့်နေ တော့ ကြောက်နေမိတယ်။ ကာ့က်ကိုဘိန်းပြောတဲ့လူတွေက အမြင့်ကြောက်တာ မဟုတ်ပါဘူး၊ ပြုတ်ကျမှာကို ကြောက်တာပါဆိုတာကို သွားသတိရမိသေးတယ်။ ဒီဖက်ခေတ်မှာတော့ ဂီတပွဲတွေနဲ့ နပန်းပွဲတချို့မှာ ဒီနေရာကို သုံးကြသေးတယ်လို့ နောက်မှ ပြန်ရှာတွေ့မိတယ်။ 

ကစားကွင်းကထွက်တော့ မူလအစီအစဉ်က နေ့လယ်စာစားဖို့ဆိုပေမယ့် အချိန်ကနည်းနေလို့ ပေါင်မုန့်ဆိုင်ကနေပဲ တခုခုဝယ်စားကြဖို့ လုပ်လိုက်တယ်။ ဆက်သွားမယ့် လမ်းပေါ်မှာပဲ Lyonnaise ဆိုတဲ့ဆိုင်နာမည်ကို မြေပုံမှာတွေ့လို့ အဲဒီဖက်က စားစရာတွေ ရှိမှာပဲလို့ တွေးပြီး အဲဒီမှာပဲ ဝင်ဝယ်စားလိုက်ကြတယ်။ ပီဇာဆိုပေမယ့် အဝိုင်းမဟုတ်ဘဲ ခရမ်းချဉ်သီးများများနဲ့ဟာရယ် Tuiles ဆိုတဲ့ဟာက ဘာမှန်းမသိ မမြင်ဖူးတဲ့ဟာမလို့ လက်ညှိုးထိုးပြီး ဝယ်စားလိုက်ကြ တယ်။ ထိုင်စားဖို့နေရာက အနီးအနားမှာမတွေ့တော့ သွားဖို့စီစဉ်ထားတဲ့ ဘုရားကျောင်းဖက်သွားရင်းနဲ့ နေရာရှာတယ်။ ဘုရားကျောင်းဘေးနားမှာတော့ ပြတိုက်တခုရဲ့လှေကားထစ်တွေပေါ်မှာ လူတွေထိုင်နေကြလို့ အဲဒီနားပဲ သွားစားကြဖို့လုပ်တယ်။

ဘုရားကျောင်းကိုတော့ ဖြတ်သွားတုန်း ခဏဝင်ကြည့်တာ အထူးအဆန်း မရှိဘဲ တရားဟောနေတာလည်းတွေ့လို့ ဝင်ရုံဝင်ကြည့်ပြီး ပြန်ထွက်ခဲ့ကြတယ်။ အထွက်မှာ ဆော့နေကြတဲ့ ကလေးနှစ်ယောက်ထဲက အကြီးမလေးက စိုက်ကြည့်နေလို့ လက်ထောင်ပြနှုတ်ဆက်လိုက်မှပဲ ပြုံးသွားတယ်။ နောက်တော့ ပြတိုက်ရဲ့ရှေ့တည့်တည့်မဟုတ်ဘဲ ဘေးထောင့်နားက လှေကားထစ်မှာ ဘယ်သူမှမရှိနေလို့ သွားထိုင်ပြီး ဝယ်လာတဲ့မုန့်နဲ့ အအေးကို ထုတ်စားကြတယ်။ စားရင်းနဲ့မှ Tuiles ဆိုတာကို ရှာကြည့်တော့ ခေါင်မိုးအုတ်ကျွပ်ပြားလို့လည်း အဓိပ္ပာယ်ရနေလို့ ခေါင်မိုးမုန့်စားခဲ့ကြတယ်လို့ နောက်လိုက်ကြသေးတယ်။

စားပြီးတော့ Castellum Aquae ဆိုတာကို ဆက်သွားကြတာ ရောက်သွားတော့မှ ခြံဝန်းအသေးစာ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ ရေစုကန်လိုမျိုးကို သွားတွေ့တယ်။ ရုန်းမြစ်ကရေကို ဒီခရီးမှာမရောက်ဖြစ်တဲ့ ရေသွယ်တံတားကြီးနဲ့ သွယ်လာပြီး ဒီနေရာကနေမှ နင်းမ်စ်မြို့ကို ပြန်ဖြန့်ပေးတယ်လို့ ဆိုတယ်။ မနေ့က လမ်းမှာလည်း အဲဒီလိုပဲ ရေသွယ်မြောင်းကို အုတ်တွေနဲ့ ခိုင်ခိုင်မာမာကြီး ဆောက်ထားကြတာကို တွေ့တော့ ကားလမ်းကိုဖြတ်ဖို့ အပင်တွေမှာ သံကြိုး တန်းပြီး ပလက်စတစ်ပိုက်နဲ့သွယ်ကြတဲ့ ချင်းကဟာကို သတိရမိသေးတယ်။ သူတို့ကတော့ အခိုင်အမာလုပ်ဖို့ကိုပဲ စဉ်းစားကြပုံပဲ။

အဲဒီကနေကမှ မျှော်စင်ဆီသွားဖို့ကို မြေပုံကြည့်ပြီးသွားကြတယ်။ တောက်လျှောက်ကုန်းတက်ပဲဖြစ်နေပြီးတော့မှ တခြားသွားတဲ့လူလည်း မရှိတော့ ဟုတ်မှဟုတ်ရဲ့လားလို့ မြေပုံခဏခဏထုတ်ကြည့်ရတယ်။ မလွဲရင် ကိုယ်တွေ မဟုတ်တတ်လို့လေ။ ဒီလိုနဲ့ လျှောက်သွားရင်းမှ မျှော်စင်ကြီးကိုလှမ်းတွေ့တယ်။ သူ့ဘေးမှာ ပန်းခြံထဲဝင်တဲ့တံခါးပေါက်ဆိုတော့ နောက်တဆင့်ဆက်သွားဖို့ နေရာလို့ သိလိုက်တယ်။ အဲဒီတော့ ပန်းခြံဖက်မသွားသေးဘဲ မျှော်စင်ဖက်ဝင်ကြတာပေါ့ ဆိုပြီးတော့ မျက်နှာစာဖက်ရှိမယ်ထင်တဲ့ဆီကို ဆက်သွားကြတယ်။ နံရံတခု ကျော်ပြီးသွားတော့ လမ်းရှိနေသေးပေမယ့် လမ်းကအပိတ်လို့ ပြထားတာနဲ့ လှမ်းကြည့်တော့ မျှော်စင်ဖက်ဝင်စရာတံခါးကလည်း ပိတ်ထားတယ်။ ဒါနဲ့ပဲ ပန်းခြံထဲဝင်တဲ့ တံခါးပေါက်ဆိုတာကနေပဲ ပြန်ဝင်ဖို့ လှည့်ပြန်လာရတော့ မလွဲရမနေနိုင်တာလေး အာသာပြေသွားတယ်။

မျှော်စင်နားရောက်တော့ နေကပူပြီး ပင်ပန်းလွန်းလို့ အနားက အရိပ်အောက်မှာ အရင်ထိုင်ကြဖို့လုပ်တယ်။ ပုစဉ်းရင်ကွဲသံတွေကလည်း ဆူညံနေ တယ်။ ငါးမိနစ်လောက်ကြာအောင် ခြေပစ်လက်ပစ်နဲ့ ထိုင်နားပြီးတော့မှ မျှော်စင်ဝင်ပေါက်ဆီသွားလိုက်ကြတယ်။ အဝင်မှာ ပြင်သစ်လိုလား အင်္ဂလိပ်လို လားကို ပြင်သစ်လိုမေးတော့ အင်္ဂလိပ်လိုလို့ ပြောလိုက်ပြီး လက်မှတ်ပြလိုက်တယ်။ နံပါတ် ၄၂ လို့ မှတ်လိုက်ပြီးတော့ အပေါ်မှာ လူပြည့်နေသေးလို့ ဝင်လို့ရရင် လှမ်းခေါ်မယ်။ ပထမခေါ်တာက အောက်ထပ်က သမိုင်းကြောင်းကို လိုက်ကြည့်ဖို့နဲ့ နောက်တခါခေါ်မှ အပေါ်တက်ဖို့လို့ ပြောပြပြီး စောင့်ခိုင်းတော့ စောစောကတည်းက အရင်တန်းသွားစီထားရင် ကောင်းသားလို့ ပြောရင်း အရိပ်အောက်မှာ ပြန်ထိုင်နေကြတယ်။ ဆယ်မိနစ်လောက်စောင့်ပြီးမှပဲ အထဲဝင်ဖို့ လှမ်းခေါ်တယ်။

ဝင်ဝင်ချင်းအထပ်မှာတော့ အထဲဝင်ဖို့ လက်မှတ်ပြမှ ဖွင့်ပေးတဲ့ မောင်းတံတံခါးလေးရှိတယ်။ ပြီးရင် အပေါ်ကိုတက်သွားတဲ့ ကြောင်လိမ်လှေခါးနဲ့ ပတ်ချာလည်မှာတော့ သမိုင်းကြောင်း ရှင်းပြထားတဲ့ ပုံတွေရှိတယ်။ မျှော်စင်က တစိတ်တပိုင်းကျန်နေတာဖြစ်ပြီးတော့ စစ်တိုက်ဖို့လား၊ လှမ်းကြည့်ရုံသက်သက် လားဆိုတာမှာတော့ အမျိုးမျိုးပြောကြတာတွေရှိတယ်လို့ သိရတယ်။ အဲဒီမှာ စောင့်နေပြီးတော့ တက်သွားရတော့ တက်တဲ့လှေခါးကလည်း နောက်ပိုင်းမှ ပြန်ပြင်ထားတာဆိုပေမယ့် ၁၈၄၃ ကတည်းကပြင်တာဆိုတော့ နှစ်ရာနဲ့ချီကြာနေပြီ။ လှေခါးထစ်တွေမှာ လူနင်းလို့ချိုင့်နေတယ်။ ကျောက်သားကချောနေပြီး ကျဉ်းကျဉ်းလေးမှာ ပတ်တက်နေရလို့ ပြုတ်ကျမှာကို စိုးရိမ်မိတယ်။ အပေါ်ရောက်သွားတော့ မျှော်စင်ကနေ ကြည့်လို့ရတဲ့နေရာက လူလေးငါးယောက် လောက်ပဲ ဆန့်တာကို တွေ့လိုက်တယ်။ ဒီလိုနေရာကျဉ်းကျဉ်း လှေခါးခွင် ကျဉ်းကျဉ်းနဲ့တော့ တိုက်ခိုက်ရေးလုပ်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ပဲ တွေးမိတယ်။ မျှော်စင်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းအတိုင်းပုံကြီးကို ကပ်ထားပေးပြီးတော့ တချို့အဆောက်အဦတွေကို နံပါတ်ထိုးလို့ ဘာလဲဆိုတာ ရေးထားပေးတယ်။ အပြင်နဲ့နှိုင်းကြည့်ပြီး ဘယ်မှာဆိုတာကို ရှာလို့လွယ်သွားတယ်။

မြင်ကွင်းကိုကြည့်ပြီး ဓာတ်ပုံရိုက်ပြီးတော့ ဘာမှလုပ်စရာမရှိလို့ သိပ်မကြာခင်ဘဲ ပြန်ဆင်းခဲ့ကြတယ်။ ဝင်ကြည့်ဖို့ လက်မှတ်ဝယ်ခဲ့ကြလို့လည်း တော်သေးတယ်လို့ တွေးမိတယ်။ မဟုတ်ရင် ကုန်းပေါ်ကို မောမောနဲ့တက်လာပြီး မျှော်စင်ကို အပြင်ကဓာတ်ပုံရိုက်သွားရုံဆိုရင် ဘာမှမထူးဘူး။ပန်းခြံကတော့ ရေပန်းတွေနဲ့ ပန်းပုရုပ်တွေကြောင့် နာမည်ကြီးတာ။ ဂူးဂဲလ်မြေပုံထဲကလမ်းအတိုင်း သွားဖို့လုပ်ပေမယ့် မြေပုံထဲက လမ်းက Zigzag လို ကားလမ်းတွေပဲ ပြထားတယ်။ အပြင်မှာက ဖြတ်ဆင်းသွားလို့ရတဲ့ လှေခါးထစ်တွေရှိနေလို့ မြေပုံကို မကြည့်တော့ဘဲ အဆင်းလမ်းတောက်လျှောက်ကို ကားလမ်းပေါ်ရောက်လိုက် လှေခါးထစ်ကဆင်းလိုက်နဲ့ သွားလိုက်ကြတယ်။ တနေရာမှာတော့ ကိုယ့်ကို ပြင်သစ်လိုလာမေးနေတာ ဘာမှန်းမသိဘူး။ မျှော်စင် မျှော်စင်ဆိုတာကိုပဲ ပြန်ပြောတော့မှ ဟုတ်တယ် ဟုတ်တယ်လို့ ပြန်ဖြေလိုက်ရတယ်။ ကားလမ်းအတိုင်း တောက်လျှောက်တက်နေရတာ ကြာလာတော့ လမ်းမှားမလား ကြောက်နေကြပုံပဲ။ ကိုယ်တွေလည်း တခြားဖက်အခြမ်းက တက်လာမိတာ နေပူတာကလွဲပြီး သက်သာသွားတယ်လို့တော့ တွေးမိတယ်။ 

ပန်းခြံထဲမှာတော့ ရေပန်းတွေလည်း မဖွင့်ထားဘူး။ ရုပ်ထုတွေရဲ့ လက်ရာတွေကို မြင်ရ တောင်စောင်းတလျှောက်မှာ ရေကန်တွေ ပန်းခြံတွေ သစ်ပင်တွေနဲ့ အလှဆင်ထားတာကလွဲရင် ထူးထူးခြားခြားတော့ မမြင်ခဲ့ရဘူး။ ပြန်ဖို့လုပ်ထားတဲ့ ရထားချိန်မမီမှာစိုးတော့ ခဏလောက်ပဲ နားလိုက်ပြီး နောက်ဆုံးကျန်နေသေးတဲ့ ဘုရားကျောင်းကို သွားကြတယ်။ ထွက်ခါနီး အိမ်သာတွေ့တော့ ဘူတာရုံတုန်းက ပိုက်ဆံပေးတက်ရတာမလို့ အလကားရတုန်း သွားထားကြမယ်ဆိုပြီး ဝင်လိုက်ကြသေးတယ်။

Maison Carrée ဆိုတဲ့ ဘုရားကျောင်းကတော့ ခရစ်ယာန်ဘုရားကျောင်း မဟုတ်ဘဲနဲ့ ရောမခေတ်ကတည်းက နတ်ဘုရားတွေကို ကိုးကွယ်တဲ့ကျောင်းပဲ။ အထဲမှာ ကြည့်လိုက်ရတဲ့ မြို့သမိုင်းကြောင်း ဗီဒီယိုအရတော့ ဩဂတ်စတပ်ဆီဇာ ကိုတောင် ကိုးကွယ်ကြသလို တွေ့လိုက်ရသေးတယ်။ အဝင်မှာ လက်မှတ်ပြတော့ ဘယ်နိုင်ငံသားလဲမေးတာ မြန်မာဆိုလဲ မသိ၊ ဗမာဆိုလည်း မသိလို့ စာလုံးပေါင်း ပြရတယ်။ ဒါတောင် ဘီလို့ပြောတာကို ပီလို့ပဲ ရေးသွားသေးတယ်။ အာဗီညွန်က ခရီးသွားရုံးတုန်းကတော့ ဗမာလို့ပြောလိုက်တာ သိသေးတယ်။

အထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ဗီဒီယိုပြတော့ ကံကောင်းတယ်လို့တော့ ပြောလို့ရတယ်။ အချိန်က နှစ်နာရီလောက် ရှိနေပြီဆိုတော့ ပြချိန် ဘယ်လောက်မှန်းမသိလို့ ပြန်မယ့်ရထားမီပါ့မလားလို့လည်း စိုးရိမ်နေမိတယ်။ မြို့ရဲ့သမိုင်းကြောင်းကို ရိုက်ပြထားတာတော့ စိတ်ဝင်စားစရာပဲ။ 

မြို့ရဲ့ရာဇဝင်က ခရစ်တော်မပေါ်ခင် နှစ်ခြောက်ရာလောက်ကတည်းက အစပြုခဲ့ပြီးတော့ မြို့အနေနဲ့ ပီပီသသဖြစ်လာတာကတော့ ဆီဇာက ဂေါလ်နယ်တွေ ကို ချဲ့ထွင်ချိန်မှာ လူငါးရာတောင်းတာကို နာခံပြီး နှစ်ဆယ့်ငါးနှစ်လောက် ရောမတွေနောက်လိုက်တိုက်ရင်းက ပြန်ပေးလိုက်တဲ့ ရွှေတွေနဲ့ ရောမပုံစံ အဆောက်အဦတွေဆောက်လိုက်ကြတာက စတယ်။ ရောမအင်ပိုင်ယာကို မဆန့်ကျင်ဘဲနေမှ ရှင်သန်နိုင်မယ် အကျိုးများလိမ့်မယ်လို့ အဲဒီတုန်းက ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာကို ပြထားတယ်။ တခြားဂေါလ်နယ်က လူတွေကကော ရောမဖက်ကဝင်တိုက်တဲ့သူတို့ကို ဘယ်လိုမြင်ကြပြောကြမလဲ မသိပေမယ့် သမိုင်းဆိုတာက နိုင်သူတွေပဲ ရေးကြတာပါပဲ။

ဗီဒီယိုပြီးသွားတော့ နှစ်နာရီခွဲပြီ။ ဘူတာရုံကို လမ်းလျှောက်ဖို့က ဆယ်မိနစ်ကြာမယ်။ ရထားက ၂း၄၅ ထွက်မယ်ဆိုတော့ မမီလောက်တော့ဘူးဆိုပြီး ခြေကုန်သုတ်ပြီး လျှောက်ကြတယ်။ အဲဒီရထားမမီရင် နောက်ရထားက ၄း၄၅ မှဆိုတော့ ပါရီဖက်ပြန်မယ့်ရထားကို မမီနိုင်တော့ဘူး။ အပြေးတပိုင်းနဲ့ လျှောက်သွားလိုက်ကြတာ ၂း၄၀ လောက်မှာ ဘူတာရုံထဲရောက်သွားတယ်။ လက်မှတ်ဝယ်တဲ့စက်တွေကလည်း လူပြည့်နေလို့ ဟိုလျှောက်ဒီလျှောက်နဲ့ ဂဏှာမငြိမ်နိုင်ကြတော့ဘူး။ စက်အားသွားမှ ချက်ခြင်းပြေးပြီးဝယ်တော့ ၂း၄၅ လက်မှတ်က ရောင်းတောင် မရောင်းတော့ဘူး။

၄း၄၅ ပဲဝယ်ရင်လည်း ဟိုတယ်ပြန်အထုပ်ယူပြီး ရထားတဆင့်စီးပြီးမှ ပါရီဖက်ပြန်မယ့်ရထားဆီ ရောက်မယ်။ ရှာထားတဲ့အချိန်တွေအရတော့ အဲဒီအချိန်လောက်ကဆိုရင် ရထားမရှိတော့ဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ဂူးဂဲလ်မြေပုံကို ပြန်ရှာတော့ ဘတ်စ်ကားတစီးကရောက်တယ်လို့ ပြတယ်။ ရထားဆိုရင် နာရီဝက်ပဲကြာပေမယ့် ကားက တနာရီခွဲကြာတယ်။ ဒါပေမယ့် လေးခွဲလောက် ရောက်သွားမှာဆိုတော့ အဆင်ပြေတယ်။ ခက်သွားတာတခုက ကားလက်မှတ်ကို ဘယ်မှာဝယ်ပြီး ဘယ်နားမှာ စောင့်စီးရမှန်း မသိတာပဲ။ 

ဘတ်စ်ကားဂိတ်လိုဟာမျိုးတော့ ရှိတာမလို့ အဲဒီနားသွားလိုက်ပေမယ့် ဘယ်နားမှာ ရပ်မယ်ဆိုတာကို မသိရဘူး။ လက်မှတ်ဝယ်တဲ့စက်ရှိပေမယ့် ယူနစ်နဲ့ရောင်းနေတာမလို့ ကိုယ်စီးရမယ့်ခရီးက ဘယ်နှစ်ယူနစ်ဝယ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဘတ်စ်ကားတစီးနားကပ်နေတဲ့ ကားသမားတယောက်ကို သွားမေးတော့ ကိုးဆိုတာပဲနားလည်ပြီး ဘာပြန်ပြောမှန်းမသိဘူး။ ဘာဆက်လုပ်ရ မှန်းကို မသိအောင် ဖြစ်နေတယ်။

ကံဆိုးလို့ ဖုန်းအင်တာနက်က လိုင်းမကောင်းတဲ့ဟာဖြစ်နေပေမယ့် အနားမှာ ဟိုဖက်မြို့မှာတည်းတဲ့ ဟိုတယ်နဲ့နာမည်တူဟိုတယ်က ဝိုင်ဖိုင်လိုင်းတွေ့လိုက်တယ်။ ဟိုမှာတုန်းက စကားဝှက်မလိုဘဲ ချိန်လို့ရလို့ ခုလည်းရမလား စမ်းကြည့် လိုက်တယ်။ သူ့ပေ့ချ်ကို ရောက်သွားပြီးမှ ဝင်ရပေမယ့် စကားဝှက်မလိုလို့ တော်သေးတယ်။ ဒါနဲ့ ဘတ်စ်ကားလိုင်းရဲ့ ဝဘ်ကိုလိုက်ရှာပြီး ဖတ်တော့ ကားပေါ်မှာ ဝယ်လို့ရတယ်ဆိုပေမယ့် မယုံရဲသေးဘူး။ ရှာရင်းနဲ့မှ အဲဒီဘတ်စ်တွေရဲ့ ရုံးခန်းက အနားလေးမှာတင် ရှိလို့ အမြန်ပြေးသွားလိုက်တယ်။

အထဲမှာ လူရှင်းနေတာကလည်း ကံကောင်းတယ်လို့ပဲ ပြောရမယ်။ အာဗီညွန်သွားချင်လို့ဆိုတာနဲ့ လိုင်းနံပါတ်ကို လိုက်ရှာပြီး လက်ကမ်းစာစောင် တရွက်ကို သွားယူရင်းနဲ့ ၃း၁၀ မှာ ဂိတ်နံပါတ် ကိုးက သွားစီးဖို့ ပြောတယ်။ လက်မှတ်ကကော ဆိုတော့ ကားပေါ်မှာ ဝယ်ရုံပဲဆိုတော့မှပဲ စိတ်အေးသွားရတော့ တယ်။ ကားဂိတ်ကိုအမြန်ပြေးသွားပြီး ထိုင်စောင့်နေတာ ရေဝယ်ဖို့တောင် မေ့သွားပြီး ထည့်လာတဲ့ရေကလည်း ကုန်နေပြီ။ ပန်းသီးဝယ်ထားတာကျန်သေးလို့ပဲ တော်တော့တယ်။

(၇) အပြန်

ကားပေါ်တက်တော့ လက်မှတ်ဝယ်ဖို့ ပြောတာနဲ့ ကားသမားက ကဒ်လေးထုတ်ပေးပြီး သူ့စက်မှာ ဖြတ်ပေးတယ်။ လက်မှတ်ခက တယောက်မှ . ယူရိုပဲ ကျတာမလို့ ရထားခ . နဲ့ယှဉ်ရင် တော်တော်ကို သက်သာနေတာ။ အချိန်ကြာသွားတာ တခုပဲ။ ကားပေါ်မှာ တက်ပြီး သိပ်မကြာခင်ထွက်တာပဲ။ လူကတော့ ငါးယောက်လောက်ပဲ ပါတယ်။ ကားက လူလေးဆယ်ကျော် ဆန့်မယ့်ကားပဲ။ ဘယ်အချိန်တွေမှာ လူများတတ်လဲတော့ မသိဘူး။

ကားနဲ့ဆိုတော့လည်း မမြင်ဖူးတဲ့ မြင်ကွင်းတွေ ထပ်မြင်ရတာပေါ့ဆိုပြီး ထိုင်လိုက်ကြတာ နေပူတဲ့ဖက်ဖြစ်နေလို့ တခြားဖက်ပြောင်းရတယ်။ တမြို့ကို ဝင်ပြီးတဲ့အချိန်မှာ ကားက မြောက်ဖက်ကို ဦးတည်သွားတော့ ထိုင်တဲ့ဖက်က နေပြန်ပူလာလို့ ဟိုဖက်ကို ပြန်ပြောင်းစီးတယ်။ ကားသမားများ မျက်စိနောက်နေမ လား လှမ်းကြည့်တော့ နောက်ကြည့်မှန်ကို လှမ်းတောင် မကြည့်ဘူး။ ကိုယ့်နောက်ကလူတွေကောဆိုပြီး ကြည့်လိုက်တော့ တယောက်မှ မရှိတော့ဘူး။ ရှေ့မှာ တယောက်ပဲ ကျန်တော့တယ်။ Beaucaire နဲ့ Aramon ဆိုတဲ့ မြို့တွေကို ဖြတ်ပြီးမှ အာဗီညွန်ကို ပြန်ရောက်ကြတယ်။ နှစ်မြို့လုံးကတော့ ရောမခေတ်ပုံစံ တွေရှိတဲ့ မြို့ဟောင်းတွေပုံပဲ။ ပထမမြို့မှာတော့ ဆိပ်ကမ်းမှာ အပျော်စီးစက်လှေ တွေ အများကြီးတွေ့ရလို့ ပြင်သစ်တွေ နွေရာသီ ခရီးထွက်ကြတဲ့နေရာမျိုး ဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်။

နင်းမ်စ်ကပြန်လာပြီးရင် နန်းတော်ကိုဝင်မယ်ဆိုတဲ့ အစီအစဉ်ကတော့ ပျက်သွားတယ်။ နောက်မှလို့ ပြောပြီးထားခဲ့တဲ့ဟာတွေက ဖြစ်မလာတတ်တာလည်း သိထားလျက်နဲ့ ထပ်ဖြစ်သွားတာပဲလို့ စုကို ပြောမိတယ်။ သူကလည်း ဒီခရီးတောင်မှ အဲလိုမျိုးနောက်မှဆိုပြီး မဖြစ်တော့မှာစိုးလို့ ရက်ကျပ်နေ ဘဏ်ကငွေထုတ်ဖို့ ကျပ်နေသေးပေမယ့် သဘောတူလိုက်တာလို့ ပြန်ပြောတော့ နောက်ထပ် သင်ခန်းစာပေါ့လို့ ထပ်ရယ်ဖြစ်ကြတယ်။

ခရီးသွားရုံးမှာ လက်ဆောင်ဝယ် အိတ်ပြန်သွားယူပြီး ပါရီသွားမယ့် ရထားထွက်မယ့် ဘူတာရုံကို ရောက်သွားတော့မှ စိတ်အေးသွားတော့တယ်။ ပါရီရထားကို စောင့်နေရတဲ့ ဘူတာရုံရဲ့ပုံစံကိုတော့ တြိဂံပုံလုပ်ထားလို့ သဘောကျ နေသေးတယ်။ အခင်းက သစ်သားတွေခင်းထားပြီး အိတ်တွေဆွဲသွားနိုင်ဖို့ အလယ်လျှောက်လမ်းမှာ ကော်ဇောခင်းထားပေမယ့် ဘေးကနေပဲ ဆွဲလို့ တဒုန်းဒုန်းဆူညံနေတာကို တွေ့တော့ ကိုယ့်ထက်တောင် ကြပါလားဆိုပြီး နှစ်ယောက်သား ရယ်ကြတယ်။

ရထားပေါ်မှာ ခုံက နောက်ဆုံးရဲ့ရှေ့တတွဲမှာမှ သွားမယ့်ဖက်ကို ကျောပေးထားတဲ့ တံခါးပေါက်နား ခုံကို ရတယ်။ ရထားထွက်တော့မှ တံခါးက ဘာခံနေမှန်းမသိ ပိတ်မရဘဲ စပိတ်လိုက် ရပ်ပြီး ပြန်ဖွင့်လိုက်နဲ့မို့ နားငြီးလို့ ထကြည့်မိတယ်။ ဘာမှလည်း မလုပ်တတ်တော့ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လုပ်နေ တုန်း ဘေးခုံက အန်တီကြီးတယောက်က လှမ်းပြောတယ်။ ပြင်သစ်လိုမသိဘူး ဆိုတော့မှ အစိမ်းရောင်ခလုတ်နှိပ်ပြီး ဆွဲပိတ်လို့်ရတယ်ဆိုလို့ လုပ်လိုက်တယ်။ 

ခုံနားပြန်လာထိုင်တော့ ဘယ်နိုင်ငံကလဲဆိုတော့ မြန်မာလို့ ပြောတာ သိနေပုံပဲ။ အလည်ပဲလားဆိုတော့ ကျောင်းလာတက်တာလို့ ပြောနေတုန်းပဲ အန်တီကြီးရဲ့ယောက်ျားက တိုးတိုးနဲ့လှမ်းပြောနေတယ်။ နားမလည်ပေမယ့် သွားမရှုပ်ဖို့ သူ့မိန်းမကို ပြောနေတာဖြစ်မယ်လို့ တွေးမိတယ်။ တနေရာရောက်တော့ အန်တီကြီးက သူတို့ဖက်ပြတင်းပေါက် လှမ်းမြင်နေရတဲ့ ရေခဲတောင်ကို လှမ်းပြတယ်။ နီပေါကလောက်တော့ မမြင့်ပါဘူးတဲ့။ မြင်ရတာ ကံကောင်းတယ်လို့ ပြောရင်းနဲ့ ကိုယ်တွေဖက်မှာလည်း ယူနက်စကို စာရင်းဝင် မီးတောင်ဟောင်းတွေရှိတယ်လို့ ပြောပြတယ်။ နေထိုးလို့ပူလောင်အိုက်စပ်နေတဲ့ ကြားကမှ ရေခဲဖုံးနေတဲ့တောင်ကို လှမ်းမြင်ရတာလည်း တမျိုးပဲ။ ရှုခင်းကတော့ အတော်လှတယ်။ 

လမ်းမှာရပ်တဲ့တဘူတာက လီယွန်ဆိုတာပါလို့ မြေပုံထုတ်ကြည့်ပြီး ဘယ်နားလဲရှာမိတယ်။ GPS က အလုပ်မလုပ်ဘူး။ ရထားပေါ်မှာဆို အလုပ် မလုပ်တာ အသွားတုန်းကရောပဲ။ ဘူတာကလည်း ခပ်သေးသေးမလို့ ဘယ်လိုပါ လိမ့် စဉ်းစားနေ ပြောနေကြတုန်းမှာပဲ ဘေးကအန်တီကြီးက ခုဟာက လေဆိပ်က ဘူတာရုံ လီယွန်မဟုတ်ဘူးလို့ ပြောလာတယ်။ ကိုယ့်စကားနားလည်နေတဲ့ အတိုင်းပဲ။

လမ်းတလျှောက်မှာတော့ လဗန်ဒါခင်းတွေ၊ စပျစ်ခင်းတွေ၊ ဂျုံခင်းတွေ တောက်လျှောက်တွေ့လာရတယ်။ အခင်းတွေကလည်း တမျှော်တခေါ်တွေချည်းပဲ။ ရေလောင်းတာတောင်မှ စက်နဲ့ပဲ တောက်လျှောက်လောင်းနေတာ။ တယောက် ပြောဖူးတဲ့ အသေးစားလုပ်ကွက်လေးတွေနဲ့ စက်မှုလယ်ယာလုပ်ဖို့က ခက်လိမ့်မယ်ဆိုတာနဲ့ တနေ့ကစစ်တမ်းမှာဖတ်လိုက်ရတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်တဲ့သူ တဝက်လောက်က ဆင်းရဲနေကြတဲ့အကြောင်းကို စဉ်းစားနေမိတယ်။

အသွားတုန်းက ဆယ်မိနစ်လောက် ရထားနောက်ကျမှာကို email ပို့ထားတာ အာဗီညွန်ရောက်မှ သိခဲ့ရတယ်။ အဲဒီနောက်ကျတာကလွဲပြီး ကျန်တဲ့ တလျှောက်လုံးမှာ ထွက်ချိန်ဝင်ချိန်တွေက ရထားရောကားမှာပါ စီစဉ်ထားတဲ့ အတိုင်းပဲ။ ကိုယ်တွေမှာတော့ စီစဉ်ထားတဲ့အတိုင်း မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ဖာသာ တော့ စီစဉ်ထားတိုင်းဖြစ်နေရင် ရင်ခုန်စရာမရှိဘူးလို့ ဖြေတွေးတွေးမိသေးတယ်။ ဘာပဲပြောပြော နောက်ဆုံးမှာတော့ သတ်မှတ်ထားတဲ့ ရထားချိန်တွေအတိုင်းပဲ သွားချင်တဲ့နေရာတွေဆီကို ရောက်လို့ နာရီလေးဆယ်ခရီးက ပြီးသွားခဲ့ပြီ။

နာရီလေးဆယ်လောက်ကို စာမျက်နှာအများကြီး ရေးဖြစ်ခဲ့တာကတော့ ဒီခရီးရဲ့ အမှတ်ရစရာအကောင်းဆုံးပဲ။ ဂျိုကာရဲ့စကားနဲ့စထားတော့ သူ့စကားနဲ့ပဲ ပြန်ပိတ်လိုက်ချင်ပါတယ်။လူတွေက အစီအစဉ်အတိုင်း သွားနေတယ်ဆိုရင် မကြောက်တတ်ကြဘူး၊ အစီအစဉ်တွေက ကြောက်စရာကောင်းလောက်တဲ့ဟာဖြစ်နေရင်တောင်မှပဲတဲ့။ လူ့ဘဝကြီးကလည်း အစီအစဉ်အတိုင်းသွားနေတယ်လို့ ယုံကြည်ထားမိတယ်ဆိုရင်တောင်မှ ကြောက်စရာကောင်းနေတဲ့ အစီအစဉ်တခုဖြစ်နေနိုင်တာပဲ။ အစီအစဉ်အတိုင်းဆိုတာထက် ပိုကောင်းမယ့် ပိုသင့်တော်မယ့်ဟာကို ရွေးရင်းသွားနေရတာက ဘဝပါပဲ။


ခရမ်းသစ်အိမ်





Comments

Popular posts from this blog

Privacy policy

Privacy Policy Kayen Thit Ein built the ခရမ်းသစ်အိမ် စာအုပ်များ app as a Free app. This SERVICE is provided by Kayen Thit Ein at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which are accessible at Rango unless otherwise defined in this Privacy Policy. Information Collection and Use For a better experience, while using our Service, I may require you to provide us with certain personally identifiable information, including but not limited to andr...

ဒွန်ကွီဟိုတေး ဘာသာပြန်အကြောင်း

၂၀၁၀ နဲ့ ၁၁ မှာ နတ်ရေကန်ဆိုတဲ့ နာမည်လှလှနဲ့ တောထဲမှာ တနှစ်လောက်နေခဲ့ဖူးတယ်။ မီးမရ ဖုန်းမရ ရွာတွေနဲ့တောင် အလှမ်းဝေးတဲ့ လက်ဖက်စိုက်ခင်းပေါ့။ ဘဘဗိုလ်ချုပ်ကြီးရဲ့ ရွှေဉာဏ်တော် စူးရောက်စွာနဲ့ လက်ဖက်စိုက်ခိုင်းတဲ့ ဒေသမှာ သစ်ကုမ္ပဏီတွေပေါင်းပြီး စိုက်ပြတဲ့နေရာပဲ။ မကွေးတိုင်းထဲမှာ ရှိပြီးတော့ ရခိုင်နဲ့နယ်စပ်၊ အနားမှာ နေကြတဲ့ရွာတွေက ချင်းရွာတွေဆိုတာက အဲဒီတုန်းက ကျနော့်အတွက် အတော်လေးကို ဆက်စပ်ကြည့်ခဲ့ရတဲ့အရာတွေပဲ။ အမှတ်တရရှိခဲ့ရတာတွေထဲကတချို့ကတော့ ခင်စရာကောင်းတဲ့သူတွေနဲ့ ခေါင်းကြီး ငါးလက်မလောက်ကွဲနေတာကို တစက်ကလေးမှ မငိုတဲ့ ကလေးပေါက်စကို ချုပ်ပေးခဲ့ရတာတွေပဲ။ မိုးရွာပြီဆိုရင်လည်း သည်းကြီးမည်းကြီးကို အကြာကြီးရွာနေတာက အထူးအဆန်းပဲ။ အဲဒီလိုနေရာမှာ ကျန်းကျန်းမာမာနဲ့အလုပ်လာလုပ်ကြတဲ့သူတွေချည်းပဲ တရာလောင်လေးပဲရှိတာကို ဆေးခန်းထိုင်ပေးရတာဆိုတော့ အချိန်တွေက အပိုချည်းပဲလို့ ပြောလို့ရတယ်။ အဲဒါနဲ့ပဲ ဘာသာပြန်ကြည့်မယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဆိုပြီး စစမ်းကြည့်တယ်။ ပထမဆုံးကတော့ ရှားရှားပါးပါးရထားတဲ့ စာအုပ်လေးတအုပ်ကို ပြန်ကြည့်တာပဲ။ အဆုံးမသတ်ပါဘူး။ ဝတ္ထုကလည်း နာမည်ကြီးမဟုတ်ဘဲ အပျော်ဖတ်မျိုးမျိုးသာသာပဲဖြစ်မယ် ထ...

ကျောင်းခေါင်မိုးက ဝင်လာတဲ့ နေပြောက်တွေ

  ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။ အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။  တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။  ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပ...