အဲဒီနေ့ပေါ့ တိမ်တွေနဲ့အုံ့ထားလို့ ငါတို့မှာ အပူမရှိတာ။ အဲဒီနေ့ပေါ့ ကာလရှည်အောင် ညောင်းခဲ့ရတဲ့ အတောင်တွေကို ပြန်ဆန့်ကြည့်ခဲ့တာ။ ငါတို့တွေဟာ ရထားမောင်းကားမောင်းသမားတွေ ဆန္ဒပြလို့ အတောင်တွေ ထိုးဖွက်ရင်း ခြေချုပ်မိခဲ့ကြတယ်။ နောက်တော့ ကမ္ဘာကြီးက လူတွေကို ဆန္ဒထပ်ပြလိုက်တဲ့ ကိုဗစ်-၁၉ ဆိုတဲ့ ၂၀၁၉ ထုတ်ကုန်တခုနဲ့ ဒုက္ခတွေရောက်နေခဲ့တဲ့ ၂၀၂၀ထဲမှာ အညောင်းမိမှုကြီးက နှစ်လလောက်လေ။ ဒီနေ့တော့ ငါတို့ သိမ်းထားတဲ့ အတောင်တွေကို ဖြန့်ချပြီး ဂျုံခင်းတွေအထက် ပျံဝဲတော့မယ့် ကျီးကန်းတွေပဲ။
ဟိုးမှာ ဝါ့စ်ဆိုတဲ့ မြစ်တစ်စင်း၊ အဲဒီမြစ်ရဲ့ ကမ်းတဖက်မှာ အူဗာဆိုတဲ့ မြို့တမြို့။ အဲဒီမြို့လေးကိုမှ ဗင်းဆင့်ဗန်ဂိုးဆိုတဲ့တယောက်က အရောင်တွေ တင်ပေးခဲ့လေတယ်။ တလသာသာလောက်နေခဲ့တာက တဘဝစာမကအောင် ရှင်ကျန်ရစ်နေတော့တာပဲ။
ငါတို့နဲ့ တပြည်နယ်ထဲဆိုတော့ အနီးသားပေမယ့် ခရီးကတော့လေးဆင့်လောက်ရယ်။ အဝေးသွားရထားကို မစီးခင်မှာကို ဘတ်စ်ကားနှစ်ဆင့်နဲ့ မြို့ပတ်ရထား စီးရဦးမတဲ့။ ကျောင်းသားပဲ လမ်းလျှောက်တာက ပိုက်ဆံသက်သာရုံမကဘဲ ကျန်းမာရေးပါ ကောင်းတယ်လေဆိုတဲ့စိတ်နဲ့ ဘတ်စ်ကားနှစ်ဆင့်ကြားက မြို့ပတ်ရထားနှစ်ဘူတာကို ဆယ့်ငါးမိနစ်လောက် လျှောက်ပစ်တယ်။ လော့ဒေါင်းအတွင်းနဲ့ လော့ဒေါင်းအလွန်ကာလ နီးစပ်သမျှပတ်လျှောက်မိနေပေမယ့် ဒီရပ်ဝန်းမှ မပါဘဲဟာ အသစ်ပေါ့။ စိတ်က တဖျတ်ဖျတ်ဖြစ်နေအောင်ကို မျက်စိတွေ ပြူးနေခဲ့တာ။ အဝေးရထား ဘူတာနားအရောက်တော့ ငါတို့ ဖြတ်လာခဲ့ပြီးသား တူးမြောင်းရှည်ကြီးကိုပဲ တံတားလှလှနဲ့ လမ်းလျှောက် ဖြတ်ရတယ်။ ဘာတွေစစ်မှန်းမသိ ဘာကိုစောင့်မှန်းမသိတဲ့ ရဲတစ်အုပ်ကို တွေ့တော့ လာမေးလည်း နားမလည် ပြန်မဖြေရုံဘဲလို့ ရယ်လိုက်ကြတယ်။
ဘူတာထဲရောက်မှ လက်မှတ်ဝယ်လို့ ယောင်လည်လည်ပဲ ရထားလိုက်ရှာကြတယ်။ ဆင်းရမယ့်မှတ်တိုင်က ဝါ့စ်မြစ်ပေါ်က မယ်ရီတဲ့။
ရထားပေါ်ကဆင်းတော့ မြို့ကြီးသားလိုလိုနဲ့ လက်မှတ်ထိုးထည့်မှ ထွက်ရမယ့်နေရာ ရှာသေးသဟလို့ ငါတောသားက ကိုယ့်ကိုယ်ကို ရယ်လိုက်ရသေးတယ်။ ဘူတာရုံပုစိကွေးမှာတော့ ဘာအတီးအတားဆီးမှမရှိ မင်းစိတ်တိုင်းကျတဲ့ဖက်ခြမ်းကို လှမ်းထွက်ရုံပဲ။ ဘူတာကထွက်တာနဲ့ ကွေ့ပတ်လို့ ကုန်းဆင်းရတာပဲ။ တနင်္ဂနွေမလို့ တိတ်ဆိတ်ရှင်းလင်းနေတဲ့ မြို့ကလေးမှာ ငါတို့ လမ်းတွေလျှောက်နေတယ်။ တစီးပြီးတစီး တစုပြီးတစုနဲ့ တက်လာကြတဲ့ စက်ဘီးသမားတွေက ကားလမ်းကို သိမ်းပိုက်ထားကြတယ်။ ကားကတော့ ဝေးဝေးနေမှတစီးရယ်ဆိုတော့ မယ်ရီရေ မင်း အသက်မှရှိရဲ့လား။ ဆိုင်တွေကလည်းပိတ်နေတော့ ဟိုဖက်မြို့ကလေးမှာကော စားဖို့ရှိပါ့မလား ငါတို့ ပူရပြီလေ။
အကွေ့လေးတွေကျော်တော့ လမ်းဖြောင့်ဖြောင့်ကြီးနေ လှမ်းမြင်နေရတာက ဝါ့စ်မြစ်ပေါ်ကအူဗာပဲပေါ့။ မြေပုံကို ပြန်ပြန်ကြည့်ပြီး ဟုတ်ကြောင်းကို အခါခါ ပြန်စစ်နေမိတာပဲ။ လမ်းတလျှောက် စက်ဘီးတွေကလည်း မျက်နှာချင်းဆိုင်ကချည်းပဲ လာနေကြတော့ ပြိုင်ပွဲများလား ထင်မိလိုက်သေးတယ်။ ကလေးတချို့ပါတဲ့ မိသားစုတွေရယ် နောက်ကနေ တိတ်တဆိတ်ကျော်တက်ဖို့လုပ်တဲ့ သုံးလေးစီးရယ်နဲ့ဆိုတော့မှ စက်ဘီးပတ်စီးရတဲ့ မြို့လားလို့ ငါပြောင်းတွေးလိုက်တယ်။ ဝတ်စုံပြည့်နဲ့ အကြိတ်အနယ်နင်းသွားတိုင်းလည်း ပြိုင်ပွဲတော့ မဟုတ်နိုင်ဘူးလေ။
ဝါ့စ်မြစ်ကတော့ ကြည်စိမ်းလို့ ဘေးတဖက်စီမှာ လူတချို့ကို ငါးမျှားခိုင်းထားတယ်။ မြေပုံမှာပြန်ရှာကြည့်တော့ ကွေ့ကွေ့ကောက်ကောက်နဲ့ အတော်လည်း ခြေရှည်ဝေ့အီနေတဲ့ မြစ်တစင်းပဲ။ အဲဒီနားမှာတော့ သူမဟုတ်သလို ငြိမ့်ငြိမ့်ကလေးစီးလို့။
မြစ်ကမ်းလေးဘေးမှာ ဆိုင်လေးတဆိုင်ဖွင့်ထားတော့ စျေးများကြီးနေမလား ရှာကြည့်ရသေးတယ်။ မျက်စောင်းထိုးမှာ စျေးသက်သာတဲ့ ဘာဂါဆိုင်ရှိမတဲ့ဆိုပြီး ဆက်လျှောက်တယ်။ အဲဒီဆိုင်နားရောက်တော့လည်း စောသေးတာပဲဆိုပြီး ဆက်လျှောက်တယ်။ ငါတို့က ဂျုံခင်းပေါ်ပျံမယ့် ကျီးတွေလေ ဘယ်နားအားပါ့မလဲ။
ကုန်းကလေးအတက် လမ်းဆုံကလေးမှာပဲ ပန်းချီဆရာရုပ်ထုလှမ်းမြင်တော့ ဗန်ဂိုးလားလို့ တွေးလိုက်မိတာ ငါ့အလွန်မဟုတ်ဘူးလေ။ အူဗာကိုလာတာ ဗန်ဂိုးအတွက်ဆိုတော့ ဗန်ဂိုးပဲ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် သူ့မှာလည်း သူ့မာနနဲ့သူတော့ ရှိပါသေးရဲ့၊ တမြို့လုံး ဗန်ဂိုးတွေချည်း ဟုတ်မနေဘူး။ ဒေါင်ဘစ်ဂနီတဲ့ အဲဒီပန်းချီဆရာကြီးကို ငါ နည်းနည်းတော့ အားနာမိသား။ ဝါဝါမြင်ရင် ရွှေထင်နေတဲ့တောသားမှာ တခြားဘာရှိလဲမှ မသိပဲကိုး။
ညာဖက်ကုန်းကိုတက်လို့ ဂူးလ်ဂဲကပြောတော့ လိုက်ရုံပေါ့၊ သူက ကိုယ့်ထက်ပိုသိနေတာကိုး။ အဲဒီလိုနဲ့ အူဗာကဘုရားကျောင်းဆိုတဲ့ ပန်းချီကားကို အရှင်လတ်လတ်မြင်ရတယ်။ တနေရာမှာ ဗန်ဂိုးရဲ့လက်ရာကို သူကြည့်ခဲ့ရှုထောင့်နေရာမှာ ဘုတ်ထောင်ပြထားတော့ ဓာတ်ပုံကရိုက်မဆုံးပဲ။ ရော့ခ်စတားတယောက်ကို အပြင်မှာမြင်ရသလိုပဲ ငါတို့ ပျော်နေမိချက်။ အထဲမှာတော့ ဘုရားရှိခိုးနေကြတုန်းပဲ။ ငါတို့အနားမရောက်ခင်မှာပဲ ခေါင်းလောင်းတွေကို ထိုးလိုက်ကြတယ်။ ငါတို့ကို ကြိုဆိုတာပဲလို့ တလွဲဂုဏ်မမြောက်မိပေမယ့် ရုပ်ရှင်ပဲဆန်သလိုလို တခုခုပဲ ဖြစ်သွားသလို ခံစားမှုတော့ ဖြစ်ရသေးတယ်။
ဘုရားကျောင်းပြီးရင်တော့ သင်္ချိုင်းကုန်းလို့ အစီအစဉ်အရ ညွှန်ပြနေတယ်။ အဲဒီမှာတော့ ဗန်ဂိုးက သူ့ညီနဲ့အတူ ရှိနေတုန်းပဲ။ ငါတို့ ကုန်းအတိုင်း ဆက်တက်လာခဲ့တယ်။ ဂျုံခင်းကြီး တပြန့်တပြူးကို မမြင်ခင်အထိတော့ ကျီးကန်းလုပ်ဖို့ မေ့မေ့သွားအောင် ညောင်းလာကြတယ်။ မဆုံးနိုင်တဲ့ ဂျုံခင်းကြီးမြင်မိချိန်တော့ ငါတို့ ပျံဝဲမိပါပြီလေ။ ဗင်းဆင့်ရေ၊ လူဆိုတာကလည်း တခါတခါမှာ ဂျုံခင်းပေါ် ပျံဝဲနေမိတဲ့ ကျီးကန်းတွေပဲ ဖြစ်မှာပေါ့ ငါတို့အတောင်ပံကို ဖြန့်ပြချင်ရုံသက်သက်ပဲလေ။
သင်္ချိုင်းကိုရောက်တော့ သူတို့ထုံးစံသာသာယာယာလေးဆိုတော့ ငါတို့ထုံးစံ ကြောက်စရာကောင်းနေပြီး သရဲတစ္ဆေတွေနဲ့ ပြည့်နေမှာကို ယှဉ်လိုက်မိတယ်။ လူပဲ အတူတူပဲလို့ ငါတို့ အော်အော်မိတတ်ပေမယ့် နေဝင်ချိန်တွေတောင် မတူတဲ့ နေ့တွေမှာ ငါတို့နေနေကြရတာကို ငါ သတိကပ်ထားမိပါတယ်။ ခုတော့ နောက်တခု သတိကပ်ဖို့က မင်းနောက်ဘဝကို ယုံကြည်တယ်ဆိုရင် သရဲတစ္ဆေဆိုတာတွေ ရှိနေပြီး မယုံကြည်တဲ့သူတွေမှာတော့ အတင်းအဓမ္မခြောက်လှန့်ချင်ကြတဲ့ သရဲကားတွေထဲလောက်မှာပဲ ရှိကြမှာလား။ ယုံကြည်ရာပေါ်မူတည်ပြီးတော့ သေပြီးဘဝတွေက မတူကြဘူးလားလို့ ငါ့ဦးနှောက်ပိစိလေးမှာ ချာချာလည်အောင် စဉ်းစားလည်း အဖြေမရခဲ့ပါဘူး။ အားလုံးကအတူတူပဲ ဖြစ်ချင်ရာဖြစ်တာကို ယုံချင်ရာယုံပြီးနေနေရတဲ့ ဘဝကြီးများလား ဗင်းဆင့်ရေ။
ကမ္ဘာ့ဂုဏ်ဆောင် ပန်းချီဆရာကြီးရဲ့ဂူဆိုတော့ ထူးထူးခြားခြားအဆင်ဒီဇိုင်းနဲ့ ဂူများလားလို့ ငါကလည်း တောသားပီပီထင်ကြည့်မိသေးတာပဲ။ လွဲတာပဲ၊ ထိထိရှရှလေးဖြစ်အောင်လွဲပေမယ့် လှတယ်။ နေရာတကာမှာတွေ့ရတတ်တဲ့ နွယ်ပင်တွေကိုပဲ စိုက်ပျိုးထားတဲ့ မြေပုံက ဗန်ဂိုးဖြစ်ပြီးမှတော့ နောက်ထပ်ဘာသက်သေပြဖို့မှ မလိုတော့ဘူးလို့ ပြောနေသလားပဲ။ သူ့ညီ သီအိုနဲ့အတူပဲ တိတ်တဆိတ်လှဲလျောင်းရင်းနဲ့ ခဏခဏလာကြည့်ကြတဲ့ ငါတို့လို ဧည့်သည်တွေကို လှောင်များနေမလား။
ငါတို့ကကော ဘာကြောင့်အုတ်ဂူတွေကို လာကြည့်နေကြတာလဲလို့ ငါတို့ရဲ့ခရီးကိုတောင် ပြန်စဉ်းစားမိတယ်။ ရွှေ့ပြောင်းလှည့်လည်နေတဲ့ဗီဇကို ဖုံးကွယ်ထားရလို့ စိတ်ဖြေခရီးတွေအတွက် ငါတို့ တံဆိပ်တခုခုကပ်ပြီးများ သွားနေမိကြသလားပဲ။ ငါတို့ဆီမှာတော့ တခြားတပ်စရာမရှိတော့ ဘုရားဖူးလို့ တပ်ကြပြီး တခြားသူတွေကတော့ တခြားနည်းပေါ့။ ခရီးသွားတာက ဘာရတယ် ညာရတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာတွေကကော တိုးတက်နေပါတယ်ဆိုပြီး ပိုပိုသုံးကြတဲ့ယဉ်ကျေးမှုအတွက် အားဖြည့်ထားတဲ့ ကြော်ငြာစကားလား။ လိုအပ်သလောက်ပဲ အပြင်ထွက်ဖို့ဆိုတဲ့ ကိုဗစ်လော့ဒေါင်းကာလကြီးက လူတွေအတွက်ကလွဲပြီး ကျန်တဲ့သက်ရှိသက်မဲ့တွေအတွက် အကောင်းဆုံးဖြစ်နေမလား။ ငါကတော့ အဲလို လွန်ဆွဲနေတဲ့အတွေးတွေနဲ့ပဲ စိတ်ဦးတည့်ရာ လျှောက်သွားမိတုန်းပေါ့။ ခွင့်လွှတ်ပါ ကမ္ဘာကြီးရေ။ သိလျက်နဲ့ မိုက်မိတယ်လို့တော့ မထင်လိုက်ပါနဲ့ တခါတခါ သိသလိုလိုဖြစ်လာတဲ့ ဟန်ဆောင်မှုတချို့တလေပါပဲ။
Comments
Post a Comment