Skip to main content

ကိုဗစ် -၁၉ ဆေးရှာပုံတော်

တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ယနေ့အချိန်အထိ လူပေါင်းလေးသန်းခန့်ကို ကူးစက်ခဲ့ပြီး သုံးသိန်းနီးပါးခန့်ကို သေဆုံးစေခဲ့ပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ဗိုင်းရပ်စ်ပိုးမှ အစပြုခဲ့သည့်ရောဂါဖြစ်နေသည့်အတွက် လက်ရှိအချိန်အထိ ကုသနိုင်သည့်ဆေးဝါးမရှိသေးဘဲ ရှာဖွေကြဆဲအဆင့်တွင်သာ ရှိသေးသည်။ ထိုသို့ရှာဖွေကြရာတွင် တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသကဲ့သို့ အမျိုးမျိုးတွေးတောကြံဆမှုများ ရှိကြရာ အချို့က သိပ္ပံတွေ့ရှိချက်များပေါ်တွင် အခြေခံကြပြီး အချို့ကတော့ တွေးတောကြံဆမှုသက်သက်သာလျှင် ဖြစ်ကြသည်။ ဤစာတွင် စမ်းသပ်ဆောင်ရွက်မှုအဆင့်များတွင် ရှိနေသော ဆေးဝါးများနှင့် စမ်းသပ်ဆောင်ရွက်နေသည့် သုတေသနများကို တင်ပြသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ဝင်ငွေနည်းနိုင်ငံများအတွက် စဉ်းစားရမည့်အချက်အချို့ကို ဆွေးနွေးသွားပါမည်။
ကောလာဟလများ
ကုသသည့်ဆေးဝါးများအဆင့်တွင် မရှိနေသာ်လည်း ကုသနိုင်သည်ဟု သတင်းပျံ့နှံ့ခဲ့သည့် ကောလာဟလများသည်လည်း ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်သော် လူမှုကွန်ရက်အသုံးပြုသူများကြား၌ မျှဝေမှုများ များပြားသွားခဲ့ရသည်ကတော့ တမာရွက်ပြုတ်လျှင်ပျောက်သည်ဆိုသည့် အယူအဆဖြစ်သည်။ ထို့အပြင် အရက်သောက်ခြင်း၊ ကွမ်းစားခြင်းကဲ့သို့သော အရာမျိုးကပင်လျှင် ပျောက်ကင်းသည်ဆိုကာ မျှဝေခဲ့ခြင်းအချို့လည်း ရှိခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါ မျှဝေမှုများအားလုံးသည် သိပ္ပံစူးစမ်းလေ့လာမှုတစုံတရာ မပါရုံသာမက တိုင်းရင်းဆေးပညာရှင်များကပါ ထောက်ခံမှုတစုံတရာမရှိခဲ့သော ကောလာဟလများသာလျှင် ဖြစ်ခဲ့သည်။
အဆိုပါ ကောလာဟလမျိုးသည် အခြားသောနိုင်ငံများတွင်လည်း ပျံ့နှံ့ခဲ့ကြပြီး လက်တွေ့သုံးစွဲမှုများပင် ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ပျောက်ကင်းသည့်ဆေးဟုဆိုကာ ကြောင်နက်များကို သတ်ဖြတ်၍အရည်ကျိုကာ ဆေးအဖြစ်ရောင်းချမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံတွင်လည်း ဆေးဖော်စပ်ရောင်းချသူနှစ်ယောက် ၎င်းတို့ဖော်စပ်သောဆေးကို စမ်းသပ်သုံးစွဲကြရာတွင် တဦးသေဆုံးပြီး အခြားတဦးမှာတော့ ဆေးရုံတက်ကုသလိုက်ရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပင် ကြက်သွန်ဖြူစားခြင်း၊ ဟင်းရည်တွင် ငရုတ်သီးထည့်စားခြင်း၊ အရက်သောက်ခြင်း၊ အရက်ပြန်နှင့် ပိုးသန့်စင်ဆေးရည်များသောက်သုံးခြင်းများသည် ကိုဗစ်-၁၉ ရောဂါကို ပျောက်ကင်းစေမည် မဟုတ်ဟု ကျေညာပေးခဲ့ရသည်။
ဗီတာမင်စီ
မြန်မာနိုင်ငံတွင် အထိုက်အလျောက် အသိပညာအခြေခံရှိသူများကို စည်းရုံးနိုင်ခဲ့သည့် ကိုဗစ်-၁၉ ကုသဆေးတခုကတော့ ဗီတာမင်စီဖြစ်သည်။ အားဖြည့်ဗီတာမင်များကို ရောင်းချလေ့ရှိသည့် ဖေ့ဘုတ်အကောင့်တခုမှနေ၍ သိပ္ပံစူးစမ်းမှုသုတေသနများကို ညွှန်းဆိုကာ ရေးသားခဲ့သည့် အဆိုပါ ဗီတာမင်စီအကြောင်းသည် လူအတော်များများကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ သာမာန်အားဖြင့်လည်း ဗီတာမင်စီသည် ကိုယ်ခံအားကို ကောင်းမွန်စေသည်ဟု သိထားကြပြီးဖြစ်သောကြောင့် နေ့စဉ်လိုအပ်ချက်ထက် များစွာပိုလွန်ပြီး သုံးစွဲခိုင်းသည့် အဆိုပါယူဆချက်သည် ဟုတ်ကောင်းဟုတ်နိုင်သည်ဟု ယူဆမိကြခြင်းများ ရှိနိုင်ပေသည်။အမှန်တကယ်တမ်းတွင် အဆိုပါရေးသားမှုတွင် ညွှန်းဆိုခဲ့သည့် သိပ္ပံလေ့လာမှုစာတမ်းများသည်ပင်လျှင် ဗီတာမင်စီ၏ ကိုယ်ခံအားအပေါ် အကျိုးရှိပုံနှင့် အခြားသောဗိုင်းရပ်စ်ရောဂါများတွင် အသုံးပြု၍ရနိုင်ပုံများသာ ဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ အတွက် ကောင်းမွန်ပါသည်ဆိုသော လေ့လာမှု၏ရလဒ်ပါဝင်ခြင်းမရှိပေ။ 
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကုသရန်အတွက် ဗီတာမင်စီအသုံးပြုခဲ့သော သုတေသနပြုလုပ်ခဲ့သည်ဆိုသော်လည်း ယနေ့အချိန်ထိ ရလဒ်ကိုထုတ်ပြန်သည့်စာတမ်းထွက်ရှိလာခြင်း မရှိပေ။ Orthomolecular website တွင် တင်ထားသည့်သတင်းအရသော် မတ်လ (၁၈) ရက်နေ့တွင် အဆိုပါသုတေသနကို ပြုလုပ်ခဲ့သည့် ဒေါက်တာမော်ဆိုသူက ဗီတာမင်စီကို ပုံမှန်ထက်မြင့်မားစွာ သွေးကြောမှတဆင့်ပေး၍ကုသခဲ့သော လူနာ (၅၀) ခန့်တွင် သေဆုံးမှုမရှိဘဲ ဆေးရုံတက်ရချိန် ၃ရက်မှ ငါးရက်အထိ တိုတောင်းခဲ့ကြောင်း (၄၅) မိနစ်ခန့် အစည်းအဝေးတခုပြုလုပ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ယခုစာရေးနေသည့် မေလ(၁၀) ရက်နေ့အထိ ရလဒ်အပြည့်အစုံပါဝင်သော စာတမ်းတစုံတရာ ထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် အမှန်တကယ်ထိရောက်သည့်ကုထုံးဖြစ်ကြောင်း သက်သေပြနိုင်ခြင်းမရှိသေးဟုဆိုနိုင်သည်။
ကလိုရိုကွင်း
ငှက်ဖျားရောဂါ၊ အဆစ်အမြစ်ရောင်ယမ်းမှုနှင့် အခြားရောဂါအချို့တွင် အသုံးပြုသည့် ကလိုရိုကွင်းနှင့် ဟိုက်ဒရိုစီကလိုရိုကွင်းသည် ကိုဗစ်-၁၉ရောဂါကို ပျောက်ကင်းစေသည်ဆိုသည့် သတင်းစကားကတော့ တကမ္ဘာလုံးတွင် လှုပ်ခတ်သွားခဲ့သည့် သတင်းပင်ဖြစ်သည်။ သုတေသနရလဒ်များ မထွက်လာခင်တွင်ဘဲ အမေရိကန်သမ္မတက ညွှန်းဆိုပြောကြားမှု ပြုလုပ်ခဲ့ပြီး အဆိုပါပြောကြားမှုကြောင့် အသုံးပြုရင်း ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးမှုရှိခဲ့သည်။
အဆိုပါဆေးအတွက် သုတေသနကို ရောဂါစတင်ဖြစ်ပေါ်ရာ တရုတ်နိုင်ငံတွင် စတင်ပြုလုပ်ခဲ့ပြီးနောက် ပြင်သစ်မှ နာမည်ကျော်ဆရာဝန်ကြီး ဒေါက်တာ ရာအုက ထပ်မံစမ်းသပ်သုံးစွဲခဲ့သည့်အတွက် ကမ္ဘာတဝှမ်း မျှော်လင့်ချက် မြင့်မားခဲ့ရသည့်ဆေးဖြစ်သည်။ သို့သော်လည်း ဒေါက်တာရာအု၏ ဆေးသုံးစွဲမှု သုတေသနများသည် ပုံမှန်ဆေးသုတေသနများတွင် ပြုလုပ်လေ့ရှိသည့် အခြားသောအာနိသင်မရှိသည့်အရာတခုဖြင့် နှိုင်းယှဉ်သော သုတေသနမျိုးမဟုတ်သည့်အတွက် ဆေးကြောင့်ပြန်ကောင်းလာကြသည်လား၊ သူ့အလိုလိုပြန်ကောင်းသည်လားကို သိပ္ပံနည်းကျသက်သေပြနိုင်းခြင်းမရှိသည့်အတွက် ပြင်သစ်နိုင်ငံတွင်ပင် အခြေအနေအလွန်ဆိုးဝါးသည့်လူနာများမှအပ အခြားအသုံးပြုမှုကို ရောဂါကုထုံးလမ်းညွှန်တွင် ထည့်သွင်းထားခြင်း မရှိခဲ့ပေ။ အမေရိကန်နိုင်ငံတွင်လည်း ဒေါက်တာ ဗလာဒီမာ ဇီလင်ကိုက ကလိုရိုကွင်း၊ ဇင့်နှင့် အဇီသရိုမိုင်စင်အတွဲကို အသုံးပြုခဲ့သည့် လူနာ (၆၉၉) ဦးလုံးတွင် တရာရာခိုင်နှုန်း ပြန်လည်ကောင်းမွန်လာကြောင်း ပြောကြားမှုရှိခဲ့သော်လည်း နှိုင်းယှဉ်ပြုလုပ်ထားသည့် သုတေသနမဟုတ်ပေ။ 
သို့ဖြစ်၍ ကလိုရိုကွင်းနှင့် ဟိုက်ဒရိုစီကလိုရိုကွင်းသည် ကိုဗစ်-၁၉အတွက် ထိရောက်မှုအတွက် သက်သေမပြနိုင်သေးသည့်အပြင် စိတ်ချရမှုတွင်လည်း သံသယဖြစ်ဖွယ်ရာများ ရှိနေသည်။ ဘရာဇီးနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပမာဏမြင့်သည့် ဟိုက်ဒရိုကလိုရိုကွင်း သုတေသနတခုတွင်တော့ နှလုံးခုန်နှုန်းများပုံမမှန်ဖြစ်လာသည့်အတွက် အန္တရာယ်များသောကြောင့် သုတေသနကို ရပ်ဆိုင်းခဲ့ရသည်။ အမေရိကန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့အနေဖြင့်တော့ ဆေး၏ဘေးထွက်ဆိုးကျိုးကြောင့် စိတ်ချရသည့် အစွမ်းထက်သောဆေးဝါးအဖြစ် မသတ်မှတ်သေးကြောင်းကို ဧပြီလ (၂၄) ရက်နေ့က ထုတ်ပြန်ကျေညာခဲ့သည်။ 
ရမ်ဒက်ဆီဗီယား Ramdesivir
ရမ်ဒက်ဆီဗီယားဆေးသည် ယခုအချိန်တွင် တကမ္ဘာလုံးက မျှော်လင့်နေကြသည့် အစွမ်းထက်နိုင်ခြေရှိသည့် ဆေးဖြစ်နေသည်။ အမေရိကန်တွင် ပြုလုပ်သောသုတေသန၏ရလဒ်အသေးစိတ် ထွက်ရှိလာခြင်း မရှိသေးသော်လည်း သမ္မတကိုယ်တိုင်နှင့် ကိုရိုနာတပ်ဖွဲ့မှ ဆရာဝန်ကြီးတို့၏ ပြောဆိုမှုများအရသော် ရောဂါဖြစ်ပွားသည့် ကာလကို (၁၅) ရက်မှ (၁၁)ရက်အထိ လျှော့ချပေးနိုင်သည်ဟုဆိုသော်လည်း သေနှုန်းကိုလျှော့ချနိုင်ခြင်းတော့ မရှိပေ။ ထို့အပြင်လည်း တရုတ်နိုင်ငံတွင် စမ်းသပ်နေဆဲ၌ လူနာထပ်မံမရရှိ၍ ရပ်ဆိုင်းခဲ့ရသည့် သုတေသနတခုတွင်တော့ ထူးခြားမှုမရှိဆိုသည့် ရလဒ်ထွက်ထားသည်။
အငြင်းပွားဖွယ်ရာများ ရှိနေသည့် အဆိုပါဆေးသည် မူလက အီဘိုလာရောဂါအတွက် ထုတ်လုပ်ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့သောကြောင့် အသုံးပြုမှုမရှိခဲ့သည့် ဆေးဖြစ်သည်။ စဉ်းစားဖွယ်ရာများ ရှိနေသည်ကတော့ အိမ်ဖြူတော်ကိုရိုနာတပ်ဖွဲ့တွင် ပါဝင်သော ဂျိုးဂေါ်ဂန်ဆိုသူသည် တချိန်က ရမ်ဒက်ဆီဗီယားဆေးထုတ်သည့် ဂျီးလက်ကုမ္ပဏီမှ လော်ဘီတဦးဖြစ်နေခြင်းနှင့် အဆိုပါကုမ္ပဏီ၏ လော်ဘီအသုံးစရိတ်များ ယခုနှစ်သုံးလပတ်တွင် ထူးထူးခြားခြားမြင့်တက်နေခြင်းပင်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့်တော့ အသုံးစရိတ်မြင့်ခြင်းက အသင်းဝင်ကြေးတခုပေးရခြင်းကြောင့်ဟု ပြန်လည်တုံ့ပြန်ထားပြီး ဂျိုးဂေါ်ဂန်သည်လည်း  အလုပ်မှထုတ်ပယ်ခံရပြီးဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင်လည်း အဆိုပါဆေးကို ရှားပါးရောဂါများတွင် အသုံးပြုသည့်စာရင်းသွင်းပေးရန် မူပိုင်ခွင့်လျှောက်ထားခဲ့မှုကြောင့် ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ရပြီး ကုမ္ပဏီဖက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
လက်ရှိတွင် အမေရိကန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ရမ်ဒက်ဆီဗီယာကို အရေးပေါ်အခြေအနေတွင် အသုံးပြုဖို့အတွက် အသိအမှတ်ပြုပေးခဲ့သည်။ ကုမ္ပဏီမှလည်း အမေရိကန် နိုင်ငံတွင်း အသုံးပြုရန်အတွက် ဆေး ၁.၅ သန်း လှူဒါန်းပေးခဲ့သည်။ သို့သော်လည်း အဆိုပါလှူဒါန်းမှုမျိုးသည် အခွန်ငွေကို တဆယ်ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ 
အင်တာဖရွန်
အင်တာဖရွန် အယ်လဖာ ၂ ဘီသည်  အသည်းရောင်အသားဝါ ဘီ၊ စီ ရောဂါများတွင် အသုံးပြုသောဆေးဖြစ်ပြီး ကျူးဘားနိုင်ငံမှ ထုတ်လုပ်ကာ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉အတွက် အသုံးပြုခဲ့ကြသည်။ အသုံးဝင်သောဆေးအဖြစ် သတင်းများမှ ဖော်ပြကြသော်လည်း သုတေသနရလဒ်များကို အများလက်ခံဖော်ပြကြခြင်း မရှိသေးပေ။ 
အင်တာဖရွန် ဘီတာ ၁ ဘီ နှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြစ်သော လိုပီနဗီယား-ရီတိုနဗီယားနှင့် ရီဘာဗာရွန်ဆေးသုံးမျိုးတွဲသည်လည်း ရောဂါမပြင်းထန်သူများတွင် ဆေးရုံတက်ရက်များကို လျှော့ချပေးနိုင်ကြောင်း ရလဒ်ထွက်ပေါ်လာသော်လည်း အများအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိရန်အတွက် သုတေသနထပ်မံပြုလုပ်ရန် လိုနေသေးသည်။ 
လီရိုလင်းမက် Leronlimab
အဆိုပါဆေးကတော့ CytoDyn ကုမ္ပဏီမှ အသစ်ထွက်ရှိသည့် ဆေးဖြစ်ပြီး ပထမအဆင့် စမ်းသပ်မှုမှာ လူနာတွေရဲ့ ကိုယ်ခံအားအလွန်အကျွံတုံ့ပြန်မှုအပေါ်တွင် သက်ရောက်မှုရှိကြောင်း တွေ့ရှိထားပြီး နောက်ထပ်စမ်းသပ်မှုများအတွက် ပြင်ဆင်နေသည်။ 

အဗီဂန်
ဓာတုဗေဒအမည် ဖာဘီပီဗီယားသည် ဂျပန်နိုင်ငံ ဖူဂျီဖလင်၏တစိတ်တပိုင်းဖြစ်သော တိုယာမကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော တုပ်ကွေးပျောက်ဆေးဖြစ်သည်။ ကိုဗစ်-၁၉ အတွက်လည်း အသုံးဝင်နိုင်သည်ဟုဆိုကာ ဂျပန်အစိုးရကိုယ်တိုင်က ထောက်ခံအားပေးလျက်ရှိသည်။ အမှန်တကယ်ထိရောက်မှုရှိမရှိ စမ်းသပ်မှုတွင် ဒုတိယအဆင့်ကို အမေရိကန်ပြည်ထောင်စု၌ ဧပြီလအတွင်းက စတင်ခဲ့သည်ဖြစ်သည့်အတွက် အများအသုံးပြုသည့်အဆင့်ကို ရောက်ရှိရန် သုတေသန နှစ်ဆင့်ကိုကျော်ဖြတ်နိုင်ဖို့ လိုနေသေးသည်။ 
အဗီဂန်နှင့် ပတ်သက်၍ သတိထားရမည့်အချက်တခုကတော့ တိရာစ္ဆာန်များတွင် ဆေးစပြီးစမ်းသပ်ခဲ့စဉ်ကပင် သန္ဓေသားထိခိုက်မှုများ ရှိခဲ့သည့်အတွက် အမျိုးသမီးများနှင့်စမ်းသပ်မှု လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ကိုဗစ်-၁၉ အတွက် ကောင်းမွန်သည့်ရလဒ်ထွက်ပေါ်ခဲ့လျှင်တောင်မှ အမျိုးသမီးများ အထူးသဖြင့် ကိုယ်ဝန်ဆောင်များနှင့် သင့်တော်နိုင်မည်မဟုတ်နိုင်ပေ။
တိုစီလီဇွမ်မက်Tocilizumab
လေးဖက်နာရောဂါတွင် အသုံးပြုသည့် အဆိုပါဆေးသည်လည်း ကိုဗစ်-၁၉တွင် အသုံးဝင်မှုရှိနိုင်ကြောင်း လေ့လာတွေ့ရှိမှုများ ထွက်ပေါ်လာသည်။ ကိုဗစ်-၁၉ကြောင့် သေဆုံးမှုများကို ဖြစ်ပေါ်စေသည့် ခုခံအားအလွန်အမင်းတုံ့ပြန်မှုများကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိမှုများ ရှိလာသော်လည်း အများသုံးနိုင်သည့်ဆေးအဖြစ်ရောက်ရှိရန် သုတေသနစမ်းသပ်မှုများ လိုနေသေးသည်။
ဖလူဗောက်စမင်း Fluvoxamine
စိတ်ကရောဂါတွင် အသုံးပြုခဲ့ေသာ အဆိုပါဆေးသည်လည်း ခုခံအားအလွန်အမင်းတုံ့ပြန်မှုအပေါ်တွင် အကျိုးသက်ရောက်မှုရှိနိုင်သည့်အတွက် လူတွင်စမ်းသပ်မှုများစတင်တော့မည်ဟု အမေရိကန်နိုင်ငံရှိ စိန့်လူးဝစ်မှ ဝါရှင်တန်တက္ကသိုလ်မှ ကျေညာထားသည်။ ဧပြီလအတွင်းက စတင်ခဲ့သော အဆိုပါဆေးစမ်းသပ်မှု၏ ရလဒ်သည် ယခုအချိန်အထိ ထွက်ရှိလာခြင်းမရှိသေးပေ။
အာတီမီဆီယား 
အာတီမီဆီယားသည် ငှက်ဖျားရောဂါတွင် အသုံးပြုသည့် အာတီမီတာ အာတီစူးနိတ် အစရှိသည့်ဆေးဝါးများအတွက် လိုအပ်သည့်ဓာတ်ထုတ်ယူသည့် အပင်ဖြစ်သည်။ အာဖရိကကျွန်းနိုင်ငံငယ်လေးဖြစ်သည့် မဒါဂတ်စ်ကားတွင် အကြီးအကျယ်စိုက်ပျိုးပြီး တင်ပို့ရောင်းချမှုလည်း ရှိရာ ယခုကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ကိုဗစ်-၁၉ကိုလည်း ကုသနိုင်သည်ဆိုပြီး ဆေးရည်များအဖြစ် ထုတ်လုပ်ရောင်းချနေသည်။ အာဖရိကမှ တန်ဇန်နီးယားကလည်း အဆိုပါဆေးရည်ကို နိုင်ငံသားများအတွက် ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း ကျေညာထားသည်။ တောင်အာဖရိကနိုင်ငံမှလည်း စမ်းသပ်မှုများအတွက် မဒါဂတ်စ်ကားကို ကူညီရန်ကမ်းလှမ်းထားပြီး ဆီနီဂေါနိုင်ငံတွင်တော့ စမ်းသပ်မှုစတင်တော့မည်ဟု သတင်းထွက်ပေါ်လာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်တော့ သိပ္ပံဓာတ်ခွဲစမ်းသပ်မှု တစုံတရာမရှိသေးသည့် အဆိုပါဆေးဝါးကို အများပြည်သူအသုံးပြုမည့်အရေးအတွက် စိုးရိမ်မကင်းဖြစ်နေသည့်အတွက် စမ်းသပ်မှုများပြုလုပ်ရန်နှင့် လိုအပ်သည့်ထောက်ပံ့မှုများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကျေညာသည်။ အဆိုပါဆေးရည်၏ ထိရောက်မှုနှင့် အန္တရာယ်ကင်းမှုအတွက် စိုးရိမ်ရခြင်းသာမကဘဲ ဆေးရည်သုံးစွဲမှုကြောင့် ငှက်ဖျားပိုးများတွင် ဆေးယဉ်ပါးမှုပြဿနာများ ပေါ်ပေါက်လာမည်ကိုပါ စိုးရိမ်မကင်းဖြစ်နေရခြင်းဖြစ်သည်။
အခြားဆေးဝါးများ
အဆိုပါဆေးဝါးများအပြင် မူလရှိပြီးဆေးဝါးများအနက်မှ ကိုဗစ်-၁၉တွင် အသုံးပြု၍ရနိုင်ဖွယ်ရာရှိသော ဆေးအမျိုးပေါင်း (၆၉) မျိုးအထိ ရှိသည်ဟု သုတေသနတခုကဆိုသည်။ ၎င်းတို့အနက်တွင် ဆေး (၂၉) မျိုးသည် အခြားသောရောဂါများအတွက် ခွင့်ပြုပြီးသောဆေးဝါးများဖြစ်ပြီး (၁၂) မျိုးက လူတွင်စမ်းသပ်နေသည့်အဆင့်၌ ရှိကာ ကျန် (၂၈) မျိုးကတော့ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ထားသည့်အနေအထားတွင် ရှိနေသည်။ သို့သော်လည်း အမှန်တကယ်အသုံးဝင်မှုရှိမရှိကို အဆင့်ဆင့်စမ်းသပ်ပြီးမှ သိရှိနိုင်မည်ဖြစ်သောကြောင့် အဆင့်ပေါင်းများစွာ ကျန်နေပေသေးသည်။
နိုင်ငံတကာ သုတေသနများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကိုဗစ်-၁၉ ကုသမှုများကို စည်းလုံးမှုဆိုသည့် ခေါင်းစဉ်အောက်တွင် နိုင်ငံပေါင်းများစွာဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ အဆိုပါ သုတေသနကြီးတွင် လတ်တလောလေ့လာမှုများအရ ဓာတ်ခွဲခန်းစမ်းသပ်မှုများတွင် အကျိုးသက်ရောက်မှုပြနေသည့် ဆေးဝါးများပါဝင်မည်ဖြစ်သည်။ အဆိုပါဆေးဝါးများမှာ ဖော်ပြခဲ့ပြီးဖြစ်သော ရမ်ဒက်ဆီဗီယား၊ လိုပီနဗီယား-ရီတိုနဗီယား၊ အင်တာဖရွန် ဘီတာ ၁ ဘီနှင့် ကလိုရိုကွင်း/ဟိုက်ဒရိုစီကလိုရိုကွင်းတို့ဖြစ်သည်။ အဆိုပါသုတေသနကြီးကို မတ်လတွင် စတင်ခဲ့ပြီး နိုင်ငံပေါင်းတရာကျော်က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဥရောပနိုင်ငံများအနေဖြင့်လည်း စူးစမ်းရှာဖွေမှုဟု အမည်ပေးထားသည့် သုတေသနကြီးတခုကို မတ်လတွင် စတင်ခဲ့သည်။ ပြင်သစ်နိုင်ငံမှဦးဆောင်ပြီး ဥရောပခြောက်နိုင်ငံတွင် လူနာပေါင်း (၃၂၀၀) ဖြင့် စမ်းသပ်ရန်ရည်ရွယ်ခဲ့သော အဆိုပါသုတေသနသည်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စမ်းသပ်သည့် ဆေးလေးမျိုးကိုပင် စမ်းသပ်မည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင်တော့ အခြားနိုင်ငံများပါဝင်ရေးတွင် အခက်အခဲကြုံနေရပြီး ပြင်သစ်တနိုင်ငံထဲတွင်သာ လူနာ (၈၀၀)ခန့်ဖြင့် ဆောင်ရွက်နိုင်သည့်အတွက် သတ်မှတ်ရက်အတွင်း မပြီးဆုံးနိုင်ဘဲ ဖြစ်နေသည်။
အင်္ဂလန်နိုင်ငံတွင်တော့ လူပေါင်းငါးထောင်ခန့်ဖြင့် စမ်းသပ်မည့် ပြန်လည်ကောင်းမွန်မှု ဆိုသည့် ဆေးစမ်းသပ်မှုကို ဧပြီလအတွင်းက စတင်ခဲ့သည်။ အဆိုပါစမ်းသပ်မှုတွင် လိုပီနဗီယား-ရီတိုနဗီယား၊ ဟိုက်ဒရိုစီကလိုရိုကွင်း၊ အဇီသရိုမိုင်စင်၊ တိုစီလီဇွမ်မက်နှင့် အရောင်ကျဆေး စတီးရွိုက်ဖြစ်သည့် ဒက်ဆာမီသာဆုန်းတို့ကို စမ်းသပ်သွားမည်ဖြစ်သည်။ 
ဝင်ငွေနည်းတိုင်းပြည်များစဉ်းစားရမည့်အချက်
အထက်ပါ ဆေးဝါးသုတေသနများအားလုံးသည် ဆေး၏အကျိုးသက်ရောက်မှုနှင့် အန္တရာယ်ကင်းမှုကိုသာ စူးစမ်းလေ့လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့သော ဝင်ငွေနည်းတိုင်းပြည်အတွက်မူ ဆေး၏စျေးနှုန်းသည်လည်း ထည့်စဉ်းစားရမည့်အရာဖြစ်သည်။ အကျိုးသက်ရောက်မှုရှိပြီး အန္တရာယ်ကင်းသည့် ဆေးဝါးများကို တဦးချင်းအသုံးအတွက် တင်သွင်းခွင့် ရောင်းချခွင့်ပြုရမည်ဖြစ်သော်လည်း အစိုးရဆေးရုံများ၌ အသုံးပြုမှုတွင်တော့ ပေးရမည့်စျေးနှင့်ရမည့်အကျိုး ချင့်ချိန်ရပေလိမ့်မည်။ လက်ရှိရှိနေပြီးဖြစ်သော ကလိုရိုကွင်းအုပ်စုကဲ့သို့ စျေးနှုန်းနည်းပါးသည့်ဆေးကသာ ထိရောက်စိတ်ချရလျှင် အဆင်ပြေမည်ဖြစ်သော်လည်း ရမ်ဒက်ဆီဗီယားကဲ့သို့ ထိုးဆေးအသစ်များဆိုလျှင်တော့ စဉ်းစားချင့်ချိန်ရတော့မည်ဖြစ်သည်။ 
လက်ရှိတွင် စျေးကွက်အတွင်းမရောက်သေးသော ထိုဆေး၏စျေးနှုန်းကို ခန့်မှန်းမှုများတွင် အရင်းကျေရုံသက်သက် အမြတ်မရှာရောင်းချမည်ဆိုလျှင် ဆယ်ရက်စာကို ဆယ်ဒေါ်လာခန့်ကျသင့်မည်ဆိုသော်လည်း ကုမ္ပဏီဖက်မှ ထိုမျှမကကြောင်း တုံ့ပြန်ထားသည်။ ဆေးအတွက် ဒေါ်လာသန်းတထောင်ခန့် မြှုပ်နှံထားပြီးဖြစ်သော အမြတ်အစွန်းရှာဖွေသည့်ကုမ္ပဏီဖြစ်သည့်အတွက် ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း ဆေး၏အကျိုးသက်ရောက်မှုပေါ်တွင် မူတည်၍ စျေးနှုန်းသတ်မှတ်မည်ဆိုလျှင် လက်ရှိသတင်းကြားနေရသည့်ရက်လျှော့ပေးသောထိရောက်မှုအတိုင်းဆိုလျှင် ဆယ်ရက်စာအတွက် (၃၉၀) ဒေါ်လာ (မြန်မာငွေ ငါးသိန်းကျော်) ကျသင့်နိုင်သည်။ အကယ်၍သာ အသက်သေဆုံးမှုကိုသာ လျှော့ချနိုင်ကြောင်းတွေ့ရှိခဲ့လျှင်တော့ ဒေါ်လာ (၄၅၀၀)မြန်မာငွေ သိန်းခြောက်ဆယ်ကျော်အထိ သတ်မှတ်နိုင်ကြောင်း မှန်းဆခဲ့သည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့်တော့ စျေးမများအောင်လုပ်ဆောင်သွားမည်ဟု ပြောထားသည့်အပြင် အိန္ဒိယမှ ဆေးကုမ္ပဏီများနှင့်လည်း ပူးပေါင်းထုတ်လုပ်နိုင်ရေးဆွေးနွေးနေသည့်အတွက် လက်လှမ်းမီသော စျေးနှုန်းဖြစ်ကောင်း ဖြစ်နိုင်သည်။
ဆေးရုံတက်ရက်လျှော့ချပေးနိုင်ရုံသာ အစွမ်းရှိသည့်ဆေးများသာလျှင်တွေ့ရှိသည်ဆိုပါက ပို၍ချင့်ချိန်ဖို့ရာ ရှိလာပြီဖြစ်သည်။ အခြေအနေဆိုးဝါးနေသောလူနာများအတွက်သာလျှင် ကုသဆေးအသုံးပြုပြီး ကျန်လူနာများတွင် အသုံးပြုမည့်ငွေကို ရောဂါရှာဖွေရေးတွင် ပို၍အားစိုက်သုံးမည်လားဆိုသည်က မြန်မာနိုင်ငံကဲ့သို့ ဝင်ငွေနည်းတိုင်းပြည်များအတွက် (အထူးသဖြင့် လူနာမများသေး၍ ဆေးရုံများမှနိုင်နင်းဆဲအခြေအနေတွင်) ရွေးချယ်ရမည့်လမ်းနှစ်သွယ်ဖြစ်လာနိုင်သည်။ အဆုံးစွန်သောအခြေအနေ၌ အခြေအနေဆိုးဝါးနေသော လူနာများအတွက်ပင်လျှင် လက်ရှိဆောင်ရွက်နေသည့်အတိုင်း ထောက်ပံ့ကူညီပေးရုံကုသမျိုးနှင့်ပင် ဆက်သွားမည်လားဆိုသည်ကတော့ သိပ္ပံတွေ့ရှိမှုသက်သက်တင်မကတော့ဘဲ မူဝါဒပိုင်းဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ စဉ်းစားမှုများဖြစ်နေပါလိမ့်မည်။
အခြားတနည်းဖြစ်နိုင်သည်ကတော့ အလှူရရှိမှုပေါ်တွင် မူတည်၍ ဆုံးဖြတ်ရခြင်းပင်ဖြစ်သည်။ ထို့အတွက် ရွေးချယ်နိုင်ခွင့်သည် လက်ခံနိုင်ငံများဖက်မှ နည်းပါးသည်ဆိုသော်လည်း အစွမ်းထက်ပြီး ဘေးအန္တရာယ်နည်းသော ဆေးဖြစ်ဖို့တော့လိုလိမ့်မည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ အတွက် ထိရောက်၍စိတ်ချရသော ဆေးဝါးရှာဖွေမှုသည် လမ်းဆုံးသို့မရောက်ရှိသေးပေ။ နိုင်ငံအသီးသီးအလိုက် ဆေးများကို စမ်းသပ်နေဆဲရှိသည့်အချိန်ဖြစ်သည်။ မူဝါဒချမှတ်သူများ၊ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်သော် အများပြည်သူအသုံးပြုရန်အတွက်မူ ပေးရသည့်ဈေးဖြင့်တန်သည့် ဆေးကို ရွေးချယ်အသုံးပြုဖို့လည်း လိုပေသည်။ ဝင်ငွေနည်းတိုင်းပြည်များအတွက် နည်းပါးလှသောအရင်းအမြစ်များကို ဆေးအတွက်အသုံးပြုမည်လား၊ ဆေးအစား အခြားလိုအပ်နေသေးသည့် ရောဂါရှာဖွေရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည်လားဆိုသည်ကတော့ သိပ္ပံတွေ့ရှိမှုသက်သက်မဟုတ်တော့ဘဲ မူဝါဒရေးရာကြံဆလုပ်ဆောင်မှု ဖြစ်နေပေလိမ့်မည်။
ဘုန်းနေသစ်

Comments

Popular posts from this blog

Privacy policy

Privacy Policy Kayen Thit Ein built the ခရမ်းသစ်အိမ် စာအုပ်များ app as a Free app. This SERVICE is provided by Kayen Thit Ein at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which are accessible at Rango unless otherwise defined in this Privacy Policy. Information Collection and Use For a better experience, while using our Service, I may require you to provide us with certain personally identifiable information, including but not limited to andr...

ဒွန်ကွီဟိုတေး ဘာသာပြန်အကြောင်း

၂၀၁၀ နဲ့ ၁၁ မှာ နတ်ရေကန်ဆိုတဲ့ နာမည်လှလှနဲ့ တောထဲမှာ တနှစ်လောက်နေခဲ့ဖူးတယ်။ မီးမရ ဖုန်းမရ ရွာတွေနဲ့တောင် အလှမ်းဝေးတဲ့ လက်ဖက်စိုက်ခင်းပေါ့။ ဘဘဗိုလ်ချုပ်ကြီးရဲ့ ရွှေဉာဏ်တော် စူးရောက်စွာနဲ့ လက်ဖက်စိုက်ခိုင်းတဲ့ ဒေသမှာ သစ်ကုမ္ပဏီတွေပေါင်းပြီး စိုက်ပြတဲ့နေရာပဲ။ မကွေးတိုင်းထဲမှာ ရှိပြီးတော့ ရခိုင်နဲ့နယ်စပ်၊ အနားမှာ နေကြတဲ့ရွာတွေက ချင်းရွာတွေဆိုတာက အဲဒီတုန်းက ကျနော့်အတွက် အတော်လေးကို ဆက်စပ်ကြည့်ခဲ့ရတဲ့အရာတွေပဲ။ အမှတ်တရရှိခဲ့ရတာတွေထဲကတချို့ကတော့ ခင်စရာကောင်းတဲ့သူတွေနဲ့ ခေါင်းကြီး ငါးလက်မလောက်ကွဲနေတာကို တစက်ကလေးမှ မငိုတဲ့ ကလေးပေါက်စကို ချုပ်ပေးခဲ့ရတာတွေပဲ။ မိုးရွာပြီဆိုရင်လည်း သည်းကြီးမည်းကြီးကို အကြာကြီးရွာနေတာက အထူးအဆန်းပဲ။ အဲဒီလိုနေရာမှာ ကျန်းကျန်းမာမာနဲ့အလုပ်လာလုပ်ကြတဲ့သူတွေချည်းပဲ တရာလောင်လေးပဲရှိတာကို ဆေးခန်းထိုင်ပေးရတာဆိုတော့ အချိန်တွေက အပိုချည်းပဲလို့ ပြောလို့ရတယ်။ အဲဒါနဲ့ပဲ ဘာသာပြန်ကြည့်မယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဆိုပြီး စစမ်းကြည့်တယ်။ ပထမဆုံးကတော့ ရှားရှားပါးပါးရထားတဲ့ စာအုပ်လေးတအုပ်ကို ပြန်ကြည့်တာပဲ။ အဆုံးမသတ်ပါဘူး။ ဝတ္ထုကလည်း နာမည်ကြီးမဟုတ်ဘဲ အပျော်ဖတ်မျိုးမျိုးသာသာပဲဖြစ်မယ် ထ...

ကျောင်းခေါင်မိုးက ဝင်လာတဲ့ နေပြောက်တွေ

  ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။ အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။  တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။  ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပ...