“မောင်ခင်ရေ လွတ်လပ်ရေးကြီးရတော့မယ်တဲ့ဟ”
ဦးကြီးဘ၏စကားကိုကြားတော့ မောင်ခင်ကရယ်သည်။
“တော်ပါတော့ ဦးကြီးရယ်။ ဟိုတစ်ခါလည်း လွတ်လပ်ရေးပေးပြီးတော့ ပါးရိုက်ခံရတာပဲ။ လွတ်လပ်ရေးဆိုတာ ပါးရိုက်တာကိုပြောတာလား”
“ဟိုတစ်ခါက အတု၊ ဒီတစ်ခါက အစစ်ဟ မောင်ခင်ရ”
ဤသတင်းသည် ဤအတိုင်းပင် ရွာထဲ၌ပျံ့နေတော့သည်။ လွတ်လပ်ရေးဆိုသည်ကို ဂျပန် တွေ ပါးရိုက်သည်နှင့်သာ သိကြရသောရွာသားတို့မှာကား လွတ်လပ်ရေးရလို့မှ ပျော်ရကောင်းမှန်း မသိ။
“လွတ်လပ်ရေးရပြီဆိုတော့ တို့သူကြီး ဦးဆယ်ကြီးက ဘာလုပ်မှာလဲ”
မေးသူက မေးကြသေးသည်။ ဖြေသူခမြာလည်း ကြိုးစားပြီးဖြေရရှာသော်ငြား သူ့ခမြာ သိပ် မသိလှ။
“သူကြီးကတော့ သူကြီးပဲလုပ်မှာပေါ့ကွ။ ဒီလူကြီးက သူကြီးအလုပ်ကလွဲပြီး ဘာမှလုပ်တတ် ရှာမှာမဟုတ်ဘူး”
ဤသို့လျှင် ရွာကလေး၌ သတင်းကပျံ့နှံ့ဂယက်ထ၍နေတော့သည်။ ထိုသို့ပျံ့နှံ့၍ လူပြော များလှသော သတင်းကိုပင် လူတိုင်းမေ့သွားလောက်အောင်ထူးခြားလှသောသတင်းတစ်ပုဒ် ထွက်လာ လေ၏။ ထိုသတင်းကား သူကြီးဦးဆယ်ကြီးနှင့် ရွာဘုန်းကြီးဦးဆန္ဒတို့၏သတင်းပင်ဖြစ်သည်။
“ဦးဆယ်ကြီးနဲ့ ဦးဆန္ဒတို့ နာရီလုကြတာတဲ့” တစ်ယောက်သောသူ၏အပြောတွင် စဉ်းစားရှာ ကြသူတို့က ဝင်ပူပေးရပြန်၏။
“အဲဒီနာရီဆိုတာ သူကြီးထက်ပိုပြီး ဒင်္ဂါးရလို့နဲ့တူတယ်။ သူကြီးသာ နာရီကြီးဖြစ်သွားရင် ဒုက္ခ”
လူကြီးတွေတောင်လုကြသည်ဆိုတော့ သူတို့လည်း လုရမှာပေါ့ဆိုသည့် ဝင်တိုးမည့်သူတွေ ကလည်း တပြင်ပြင်။ “ဟေး အဲဒီနာရီဆိုတာကို ငါတို့လည်း လုကြမယ်ဟေ့။ မြန်မြန်သွားရအောင်”
စိုးရိမ်ပိုတတ်သူတို့ကား အတင်းအကျပ်လုပ်ကြလျှင် နာရီကြီးကျိုးသွား ပဲ့သွား သေသွားလိမ့် မည်ကို ပူပန်နေကြသေး၏။
ရှေးအဘိုးကြီးတစ်ယောက်ကတော့ နိမိတ်ကောက်ပညာပဲ ကျွမ်းလေသည်လားမသိ။ “ နာ သာနာတယ်။ ရယ်နေရမယ်ဆိုရင်တော့ မဟန်ဘူးမောင်တို့” ဟု ဆိုလာ၏။
သတင်းပျံ့၍မှမကြာ၊ လူစုဝေးတို့လည်း ဘုန်းကြီးကျောင်းဆီသို့သွားကြလေတော့၏။ ကျောင်းရောက်တော့ သူတို့ထင်သလို ဆွဲလားရမ်းလားလုပ်နေတာလည်းမဟုတ်တော့ ပွဲကြီးပွဲကောင်း လွတ်ချေပြီဟု ဝမ်းနည်းနေကြ၏။ သူတို့မြင်လိုက်ရသော နာရီဆိုတာကလည်း အဝိုင်းကြီးအောက်တွင် တလှုပ်လှုပ်ယမ်းနေသော ဆိတ်ဟိုဒင်းလိုဟာနှင့်ဆိုသည်ကို တွေ့လိုက်ရတော့ မီးကိုရေနှင့်ငြိမ်းသကဲ့ သို့ပင် စိတ်ဝင်စားမှုတို့ ကုန်လေတော့သည်။
“ဘုန်းဘုန်း ဒီနာရီက သံပတ်ကိုမှန်မှန်ပေးမှ အသွားမရပ်တာပါဘုရား။ ရှင်ဘုရား လုပ်နိုင် ပါ့မလား ဘုရား”
“သံပတ်၊ အို သံပတ်များ ငါ့ကျောင်းသားတွေကို လုပ်ခိုင်းပြီးပေးမှာပေါ့။ ဒီကောင်က ဘယ် လောက်တောင်လိုချင်တာတုန်း”
သူကြီးမင်းက ပြုံးလိုက်ရယ်လိုက်ဖြင့် “အရှင်ဘုရား ဒါနဲ့ထိုးပြီးလှည့်ရတာကို သံပတ်ပေးရ တယ် ခေါ်တာ ဘုရား။ ဘုန်းဘုန်း ဒီလောက်မှမသိရင်တော့ နာရီကြီးပျက်သွားပါဦးမယ်။ တပည့် တော်အိမ်မှာပဲ ထားပါဘုရား”
“အိုကွယ် မင်းအိမ်မှာဆို ငါတို့ ဘယ်လာကြည့်လို့ရမတုန်း။ ငါ့ကျောင်းရှေ့မှာ စင်ကလေး ဆောက်ပြီး တင်ထားပေးမယ်။ လူတိုင်းကြည့်လို့ရတာပေါ့။ မဟုတ်ဘူးလား”
ရွာသားများကား ဘုန်းကြီးပြောလျှင် တင်ပါ့ဘုရားဟုသာ ဖြေတတ်ကြသူတွေဖြစ်ကြပြန် သည်မို့ သူကြီးမင်းလည်း မဲရှုံးရလေ၏။ ဤကား ဒီမိုကရေစီ၏အစပင်တည်း။
ဘုန်းကြီးမှာ သံပတ်ပေးနည်းကို ရအောင်သင်ရရှာပြီး သော့ကို သူသာအပိုင်သိမ်းလေ၏။ ဒါတင်မကသေး ရှင်ဒိသာပါမောက်သဖွယ်ပင် ကျည်ပွေ့အတက်ပေါက်ပြီဟု ဆိုလာချေသေးတော့ သူကြီးမင်းလည်း ကန်တော့ရပြန်လေ၏။
နောင် သမတမဖြစ်ဟု မဆိုနိုင်သော ဘုန်းကြီးကျောင်းသားအပေါင်းတို့မှာလည်း စူးစမ်းချင်သူများ ဖြစ်သည့်အလျောက် ဘုန်းကြီးအညောင်းကိုစောင့်၍ သော့တောင်းပြီး သံပတ်ပေးရဖို့ကို မျှော် လင့်ကြ၏။ ဘုန်းကြီးကား ထိုနေ့မှစ၍ မညောင်းတော့သောကြောင့် အတင်းဝင်ညောင်းခိုင်းကြတော့ လည်း နှိပ်ရတာသာ အဖတ်တင်လေ၏။
“အရှင်ဘုရား၊ နာရီက နေထွက်တာကိုပြတာမတူပါလား ဘုရား။ တစ်ခါတစ်မျိုး၊ တစ်ခါတစ် မျိုးနဲ့”
မေးလာသူကို ဘုန်းကြီးက ပြန်မေးခွန်းထုတ်၏။ “မင့်နေကကောမှန်လို့လား။ ငါကြည့်တာ တော့ ဘယ်သူမှလည်း သံပတ်ပေးတာ မတွေ့ဘူးနော်”
မေးသူလည်း တင်ပါ့ဘုရား ဆိုရပြန်လေ၏။ ရက်စွဲမေးလာသူကိုလည်း ဘုန်းကြီး ဖြေပြတတ် သည်မို့ သူကြီးက “အရှင်ဘုရား နေ့စွဲကဘယ်မှာရေးထားလို့တုန်း။ တပည့်တော်တော့ မတွေ့ပါလား” ဟု မေးလာ၏။
“မင်းမကြည့်တတ်လို့ပါကွယ်။ တို့များလိုကြည့်တတ်တဲ့သူကျတော့လည်း ပြာသိုလပြည့်ကျော် သုံးရက်တဲ့ ။ ထင်းခနဲပဲ”
တင်ပါ့ဘုရားရပြန်လေ၏။
လွတ်လပ်ရေးသတင်း၊ နာရီသတင်းတို့မှာလည်း ကြာလာတော့ မည်သူကမှစိတ်မဝင်စားနိုင် တော့ရာ ကံကြမ္မာဂျာနယ်လစ်က အဖွကောင်းကောင်းနှင့် ဖွလေတော့၏။ နာရေးသတင်းကို သေပြီ လည်းမပြော၊ ဆုံးပြီဟုလည်း မဆို၊ ကွယ်လွန်ပြီလို့လည်း မပြော၊ ဂန့်ပြီ၊ မာလကီးယားသွားပြီ ရှောပြီ ဟုလည်း မဆိုပါဘဲနှင့် နာရေးဖြစ်အောင် လုပ်ပြလေ၏။
ပျံလွန်တော်မူလေ၏တဲ့။
အညောင်းချိတာလို့လည်းပြောကြ၏။ ခိုက်တာလို့လည်း ဆိုကြ၏။ မေတာစူးတာလည်း အတင်းတုပ်ကြ၏။ ဘုန်းကြီးပျံလွန်တော်မူသောနေ့သည် မှန်းထားကြသည်ထက် စောစီးစွာရောက် လာတော့၏။ အိပ်ရာထဲတွင်ပင် အသက်ပျောက်ရသည်ဆိုတော့ မခံစားရဘူးပေါ့ဆိုသော်လည်း ယခု ပင် လူစားလဲလို့ရပါသေးသည်၊ ဘုန်းကြီးအစား ဘယ်သူကများ မခံစားရဘဲသေလိုပါသနည်းဆိုသော ဟင့်အင်းကြမည့်သူများသာတည်း။
ဘုန်းကြီးအလောင်းကိုပြင်ရင်း ဘယ်ဇာတ်ငှားမလဲဆွေးနွေးခိုက်မှာပင် ကျောင်းသားလေး တစ်ယောက်က ကမ္ဘာပျက်သည့်အလား ထအော်လေ၏။
“လုပ်ကြပါဦးဗျို့။ ယမ်းတမ်းယမ်းတမ်းကြီး မယမ်းတော့ဘူး”
အဆိုပါသတင်းကြောင့် လူတွေဝိုင်းအုံသွားကြရသည်မို့ ခေါင်းစည်းအတပ်ကောင်းသူဟု ဆို နိုင်လေသည်။ နောင်သော် ဒိတ်ဒိတ်ကျဲအယ်ဒီတာမဖြစ်ဟု မည်သူဆိုနိုင်မည်နည်း။ ပြေးလွှား၍သွား ကြည့်ကြတော့ တကယ်ပင် နာရီထဲမှယမ်းတမ်းယမ်းတမ်းကြီး ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။
တစ်ဦးတည်းသော နာရီကြည့်တတ်သူ သူကြီးမင်း၏အဆိုအရပင် “ရှစ်နာရီတောင် မထိုး သေးဘူးတဲ့။ နေတောင်မွန်းတည့်နေပြီကို။ ဒီဘုန်းကြီးနှယ် သံပတ်လေးဘာလေးပေးပြီးတော့မှ သွား တာမဟုတ်ဘူး” ဟု သံယောင်တွေလိုက်ကြ၏။
နာရီနဲ့ဘုန်းကြီး ဘယ်သူအရင်ပုပ်မလဲ လောင်းကြသည့်ကာလသားများလည်း ရှိကြသေး၏။ မည်သူမျ မည်သို့လုပ်ရမှန်းမသိခင်မှာဘဲ သူကြီးဖြစ်ထိုက်၍သူကြီးဖြစ်ရသူ ဦးဆယ်ကြီးပင် ကယ်ဆယ် ရတော့၏။
ဘုန်းကြီးကိစ္စဘေးမှာထား၍ နာရီတိုက်ဖို့ရာ မြို့ပေါ်ကိုတက်သွားတော့၏။ ဒီတစ်ကြိမ်သည် ကား နာရီကို သူတို့နောက်ဆုံးမြင်ရလေခြင်းဖြစ်၏ဟု ရွာသားတို့မတွေးမိကြ။ နာရီ၏နာရေးခရီးရယ် ဟု သူတို့ မသိကြ။
မြို့မှပြန်လာသော သူကြီး၏ “မင်းတို့မလည်း နာရီကိုမကြည့်တတ်ကြ။ သံပတ်လည်း မပေး တတ်ကြဆိုတော့ ပျက်စီးမှာစိုးရတော့ ငါ့အိမ်မှာပဲထားရမယ်။ မင်းတို့လာကြည့်ချင်လည်း ကြည့်ပေါ့ ကွာ” ဟုဆိုပြန်လေသောစကားကိုလည်း တင်ပါ့ဘုရားရပြန်၏။
သူကြီးမင်းက နာရီကို အသက်တမျှစိုးရိမ်လှပေရာ မရှိသောသူခိုးတို့ကို လက်ညှိုးထိုး၍တစ် ကြိမ်၊ မလာရဲသောအမူးသမားတို့ကို မေးငေါ့၍တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင်သက်သေပြပြီးသည်တွင် တော့ စိတ်ချရသော သူ့အိမ်ခန်းထဲသို့ သွင်းထားလိုက်သည်ဟူ၏။
ရွာသားများမှာလည်း နေထန်းတစ်ဖျား၊ မွန်းတည့်နှင့်သာ အဆင်ပြေနေရာ မည်သူကမှ လည်း ဘွိုင်းကောက်မလုပ်တော့။ ဤကား ဒီမိုကရေစီနိဂုံးတည်း။
စဉ်းစားတွေးခေါ်တတ်သော လူငယ်တစ်ယောက်ကတော့ တွေးမိသလောက်ကို ပြောပြပြီး စည်းရုံး၏။
“အင်္ဂလိပ်နာရီမှာက နေ့တစ်ခါစာနဲ့ ညတစ်ခါစာပဲ ပါတယ်။ အဲဒါ ခုသူကြီးတိုက်ထားတဲ့ နာ ရီက မနက်ရှစ်နာရီမှာရပ်နေတာကိုပဲ ညမှာတိုက်လိုက်တာဆိုတော့ နေ့နဲ့ညနဲ့လွဲနေတယ်။ ဒါ သူကြီး က ကျုပ်တို့ကို သက်သက်နာမ်နှိမ်တာ” ဆိုပြီး တောခိုကာ တောထိုင်လေ၏။
နာရီကတော့ သူကြီးအိမ်တွင်ရှိနေသေးကြောင်း သူကြီးပြောသမျှယုံကြည်ထားကြရင်းဖြင့် ရွာ သားတို့မှာ သတင်းပလင်းတို့ကို နားစွင့်နေကြရသည် ဟူသတည်း။
ခရမ်းသစ်အိမ်
Teen Magazine April 2012
Comments
Post a Comment