လရောင်က လင်းလင်းချင်းချင်း သာလို့နေသည်။ သစ်ရွက်ကြိုသစ်ရွက်ကြားမှ လမင်းကို လှမ်းကြည့်ရင်း ဒုက္ခခံနေရသည်ဟု မြင်ရမည်လား၊ ဒုက္ခရောက်သွားရသည်ဟု မြင်ရမည်လား စဉ်းစားနေမိသည်။ သူ လိုချင်တောင့်တ စွာဖြင့် တစိုက်မတ်မတ်လိုက်လုပ်နေခဲ့သည်ကို မရခဲ့ပါက သူ ဒုက္ခရောက်သွားရသည်ဟု ဆိုရပေလိမ့်မည်။ ရလာလျှင် တော့ အပင်ပန်းအဆင်းရဲခံပြီးရယူနိုင်ခဲ့သော အောင်ပွဲဖြစ်သွားပေလိမ့်မည်။
နေ့လယ်ကတည်းကပျောက်သွားသော သူ့အဖော်ကကော ဘယ်ရောက်နေသည်လဲ။ သူ့လိုပင် တောကြီး မျက်မည်းထဲ၌ တစ်ယောက်တည်းရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ရသည်။ ဒုက္ခအားလုံး၏အစဖြစ်သော နှင်းခြင်္သေ့ဆို သည်ကရော ဘယ်မှာလဲ။ တကယ်တမ်းကျတော့ ထိုသို့ပြောလိုက်ခြင်းသည် နှင်းခြင်္သေ့အပေါ်တွင် မတရားရာ ရောက်သည်။ သူတို့ကသာလျှင် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်သွားပြီဟု ပြောနေကြပြီးမှ တွေ့လာသည့် နှင်း ခြင်္သေ့နောက်ကို လိုက်လာကြခြင်းမို့ သူတို့ကိုယ်တိုင်သည်ပင် ဒုက္ခ၏အကြောင်းခံဟု မြင်နိုင်သည်။
မနေ့က သူတို့တောထဲဝင်လာချိန်တွင် ဘယ်လိုမှဖျောင်းဖျ၍မရသော ဒေသခံလမ်းပြ၏စကားကို နားထောင် သင့်သည်ဟုပဲ တွေးရမလိုဖြစ်နေသည်။ ထိုလမ်းပြကလည်း သူတို့ကို ဘယ်လိုမှ ဖျောင်းဖျ၍မရသော မကြာခင် ပျောက်ဆုံးသွားကြတော့မည့်သူတွေဟု တွေးနေခဲ့လောက်သည်။
“ခင်ဗျားတို့ဗျာ၊ နတ်ခြင်္သေ့ကို ဘာများလုပ်ချင်လို့ ဒီလောက်ထိလာရတာလဲ ဒုက္ခရောက်လိမ့်မယ်။ ပြန်ပါဗျာ” ဆိုသည့်စကားသံက ယခုနေ့လယ်မတိုင်ခင်ထိတော့ သူတို့အတွက် ပြုံးစရာသက်သက်သာဖြစ်သည်။ ခုတော့ မပြုံးနိုင် တော့ပါ။
သူက ကင်မရာကိုထောင်ပြပြီး “ဓာတ်ပုံရိုက်ချင်လို့” ဟု ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေတော့ လမ်းပြက ငြီးတွားသည်။ မြင်ဖူးခဲ့တဲ့သူတိုင်း တောတွင်းကပြန်လာပြီးသည်နှင့် နှစ်ရက်သုံးရက်အတွင်းမှာပင် ဖျားပြီး ကယောင်ကတမ်းတွေပြော ကာ သေသွားကြခြင်းသည် တိုက်ဆိုင်မှုသက်သက်မဟုတ်၊ နတ်ဒေဝတာတို့၏ဒဏ်ခတ်မှုဟု လမ်းပြကပြောတော့ သူ တို့က ပထမတစ်ပိုင်းကိုသာလက်ခံပြီး ဒုတိယပိုင်းကိုတော့ ငှက်ဖျားရောဂါဟု ကောက်ချက်ချလိုက်ကြသည်။
ထိုကောက်ချက်ဖြင့် လမ်းပြကို နားလည်အောင်ကြိုးစားရှင်းပြပါသော်လည်း သူတို့၏ခေါင်းထဲတွင်ပြည့်နေပြီး သော အသိများကို ဖယ်ရှားနိုင်လောက်အောင် အားရှိသူတွေမဟုတ်ခဲ့ပါ။ သူတို့က ဒေသခံများကို အယူသည်းပြီး ဗဟု သုတနည်းသူများအဖြစ်သာမြင်ကြသလို သူတို့ကိုလည်း ဒေသခံတွေက ဒေသအကြောင်း နားမလည်သော ခေါင်းမာ သူများအဖြစ်သာ မြင်ကြပုံရသည်။ ဤသို့ဖြင့်ပင် သူတို့ တစ်ဖက်ကိုတစ်ဖက် မစည်းရုံးနိုင်ဘဲ ကိုယ့်လမ်းကိုယ်ဆက် လျှောက်ခဲ့ကြသည်။
လမ်းပြက ရွာဆီပြန်သည်။ သူတို့ကတော့ အဖြူခံပေါ်တွင် ရွှေရောင်တောက်နေသော အပြောက်များဖြင့် လှပလွန်းသည်ဆိုသည့် နတ်ခြင်္သေ့ခေါ် နှင်းခြင်္သေ့ကျက်စားရာတောထဲသို့ သွားကြသည်။ အဖြူရောင်ဖြစ်နေ၍သာ နှင်းခြင်္သေ့ဟုခေါ်ကြသော်လည်း တကယ်တမ်း နှင်းထက် မိုးများသောတောအုပ်ဖြစ်နေသည်။ ယခု ဆောင်းဝင်စမှာပင် မိုးရိပ်မိုးသားများတက်ချင်တက်လာတတ်သေးသည်။ ခုလည်း နှင်းက မိုးကျသလိုကျနေ၍ ပတ်ဝန်းကျင်တစ်ခုလုံး စိုရွှဲ နေသည်။
“ငါကတော့ ဓာတ်ပုံမလိုချင်ပါဘူးကွာ။ ဒီလောက်ထိလာပြီးမှတော့ အရှင်မရရအောင် ဖမ်းရမှာပဲ” ဟုပြောခဲ့ သည့် သူ့အဖော်သည် ထိုစကားကြောင့် ခိုက်သွားရသည်ဟု ပြောရမည်လားမသိ။ မည်သို့မည်ပုံပျောက်သွားမှန်းမသိ ပျောက်သွားခဲ့သည်။ သူနောက်လှည့်ကြည့်လိုက်မိချိန်တွင် မရှိတော့သည်ကလွဲပြီး ဘာထူးခြားမှုမှမဖြစ်ခဲ့ပေ။ လူကွဲ သွားရုံသာဆိုလျှင်တော့ဖြင့် သူ့အဖော်ကကော သူ့အကြောင်း မည်သို့တွေးနေမည်လဲ စဉ်းစားမိသေးသည်။
အေးပြီးစိုစွတ်နေ၍ ခြင်မကိုက်သော်လည်း သူ ရွက်ဖျင်တဲ့ကို ဇစ်အလုံပိတ်ပြီး အိပ်ဖို့ကြံသည်။ နားထဲတွင် ခြင်တွေ၏ တဝီဝီမြည်သံကို ကြားနေရသလို ခံစားနေရသည်။ အသင့်ဆောင်ထားသော ခြင်မကိုက်သည့်ဆေးရည်ကို မျက်နှာနှင့်လက်များတွင် ထပ်လိမ်းလိုက်ပြီး စောင်ထဲဝင်လှဲလိုက်သည်။ ဓာတ်မီးအလင်းရောင်ဖြင့် ခြင်ရှိနေမည်လား လိုက်ရှာကြည့်ပြီး မတွေ့တော့မှ စိတ်ချလက်ချအိပ်လိုက်သည်။
တောက ချောက်ခြားဖွယ်ရာအသံပေါင်းစုံကို ထုတ်လွှင့်နေသည်။ တစ်ချက်တစ်ချက် တဲပေါ်ကျလာသော ရေ ပေါက်သံကလည်း ကျယ်လောင်ပြီး ချောက်ခြားဖွယ်ရာကောင်းလွန်းသည်။ သူ အတွေးစများကို ဖြတ်ပြီး အိပ်ပျော် အောင်ကြိုးစားတော့မှ ဂါထာတစ်ခုခုကိုရွတ်နေဖို့သတိရ၍ ဂုဏ်တော်ကိုးပါးကိုပင် အပြန်ပြန်အလှန်လှန်ရွတ်နေလိုက် သည်။ နောက်တော့ ပင်ပန်းသောအရှိန်ဖြင့် အန္တရာယ်ကို သတိမရ၊ ဒုက္ခတွေကို အမှတ်မရတော့ဘဲ အိပ်ပျော်သွား သည်။
ရုတ်တရက် အိပ်မက်မမက်ပါဘဲလျက်နှင့် ဖျတ်ခနဲလန့်နိုးလာသည်။ သိစိတ်ကို တစ်ခုခုက နှိုးဆော်လိုက် သလိုမျိုး သူ ရုတ်ချည်း ထထိုင်မိသည်။ နားစွင့်ကြည့်သော်လည်း ထူးထူးခြားခြားအသံဟူ၍ မကြားရ။ သို့သော်လည်း ဆဋ္ဌမအာရုံဟုဆိုရမည့် စိတ်အတွင်း၌တော့ တစ်ခုခုဖြစ်လာတော့မည်ကို အာရုံရနေသည်။ ဘာမှန်းသေသေချာချာ မသိသော်လည်း နှင်းခြင်္သေ့နှင့် ပတ်သက်နေမည်ဟုတော့ သူ ခံစားမိသည်။
သူ့အနားကိုများ ရောက်လာပြီလားဟု တွေးမိကာ ဇစ်လေးကို အသံမမြည်အောင် ကိုင်ဖွင့်၍ အနည်းငယ်ဟ သွားသည့်နေရာမှ အပြင်ဘက်ကို လရောင်အားကိုးဖြင့် လိုက်ချောင်းကြည့်သည်။ အားလုံးပဲ အေးခဲငြိမ်သက်နေသည်။ လေအေးတောင်မှ မတိုက်။ သို့သော်လည်း အအေးဓာတ်ကတော့ စီးကူးလာသည်။ သူ ကင်မရာနှင့်သေနတ်ကို အသံ မမြည်အောင် ဆွဲထုတ်ပြီး လွယ်လိုက်သည်။ ဓာတ်မီးကိုကိုင်၍ အတတ်နိုင်ဆုံးညင်သာစွာဖြင့် ဇစ်ဖွင့်ကာ တဲအပြင် ထွက်သည်။ အနားတဝိုက်ကိုကြည့်တော့ လရောင်ဖြင့် တော်တော်လေးကွဲကွဲပြားပြားမြင်နေရသည်။ ဘာအန္တရာယ်မှ မရှိ။ လသာနေ၍ပဲ တော်သေးသည်ဟု တွေးပြီး ဇစ်ကိုပြန်ပိတ်ခဲ့ကာ ညနေကရွေးထားခဲ့သော သစ်ပင်ပေါ်တက်လိုက် သည်။
ရုတ်တရက် ခွီးကနဲ မာန်ဖီသံကိုကြားလိုက်ရ၍ ခေါင်းထဲတွင် ကျင်ခနဲဖြစ်သွားပြီး ကြက်သီးပင်ထသွားသည်။ နှင်းခြင်္သေ့ဟု အလိုလိုသိနေခြင်းကို ဘာအသိ၊ ဘာတွေးတောဆင်ခြင်မှုများဖြင့်မှ တည်ဆောက်မနေရဘဲ လက်ခံ လိုက်မိသည်။ သစ်ကိုင်းပေါ်ခွထိုင်ရင်း အသံလာသည်ဟု ထင်ရသည့်ဘက်များကို လိုက်ရှာသည်။ မတွေ့။ ကင်မရာ ကိုအသင့်ပြင်ထားလိုက်သလို သေနတ်ကိုလည်း မောင်းတင်ထားလိုက်သည်။ အာရုံတွေကိုလည်း အစွမ်းကုန် အား ထည့်ထားလိုက်သည်။
နောက်ထပ်အော်သံနှင့်အတူ ပြေးလွှားသည့်အသံများကို ကြားလိုက်ရသည်တွင်တော့ အသံလာရာကို သူ သေချာသိသွားသည်။ နောက်ကျောဘက်မှဖြစ်နေ၍ လှည့်ထိုင်ပြီး ပြူးပြဲရှာကြသည့်။ လရောင်က အကောင်းဆုံး ဆလိုက်မီးပင်ဖြစ်သည်။ သိပ်မရှာလိုက်ရပါ။ ပြေးလွှားနေသော အဖြူရောင်နှင်းခြင်္သေ့ကို သူ မြင်လိုက်ရသည်။
ကင်မရာဖြင့် ချက်ခြင်းချိန်ပြီး ရိုက်ဖို့ပြင်တော့ လှစ်ခနဲတွင် ပျောက်သွားသည်။ ခလုတ်နှိပ်ချိန်ပင် မရလိုက်။ ငှက်တစ်ကောင်က စူးစူးဝါးဝါးအော်လိုက်သံကို ကြားလိုက်ရသည်။ အနီးအနားက ပုရစ်တွေကလည်း ခုမှ ဆူညံ ပွက် လောရိုက်သွားကြသည်။ အဝေးက ဘာသံမှ မကြားနိုင်အောင်ပင် ဆူညံနေသည်။ သို့သော်လည်း အမြင်အာရုံ၊ ဆဋ္ဌမ အာရုံများဖြင့်ပင် သူ နှင်းခြင်္သေ့ကို မြင်လိုက်ရသည်။
သားကောင်ကို ချောင်းမြောင်းနေပုံရသော နှင်းခြင်္သေ့၏ပုံက သစ်ရွက်တွေဖြင့် ကွယ်လွန်းနေ၍ ရိုက်ကွက် မကောင်းသဖြင့် မရိုက်လိုက်မိ။ ခုန်အုပ်လိုက်ချိန်တွင်လည်း ခလုတ်နှိပ်ဖို့မမီအောင်ပင် မြန်လွန်းလှသည်။ သစ်ပင်တွေ ကလည်း ကွယ်လွန်းလှသည်ဟု စိတ်ကတွေးနေပြီး အလင်းရောင်အဆင်ပြေပါ့မလားဟု တစ်ပုံစမ်းရိုက်ကြည့်သည်။
အစမ်းရိုက်ကြည့်မိသော ဓာတ်ပုံကို ပြန်ကြည့်မိချိန်တွင်တော့ သူ အံ့အားသင့်လွန်း၍ အပင်ပေါ်မှ ပြုတ်ကျ တော့မည်လားဟု တွေးမိလိုက်သည်။ အလင်းရောင်က ထင်မှတ်မထားလောက်အောင် လင်းနေသည် ဆိုသော်လည်း ကင်မရာထဲတွင်တော့ လင်းလွန်းလှသည်မဟုတ်။ နှင်းခြင်္သေ့၏အဖြူရောင်ဆိုလျှင်တော့ ကောင်းကောင်းမြင်နိုင် လောက်သည့် အဆင့်တွင်ရှိသည်။ ယခုလည်း နှင်းခြင်္သေ့၏ ခြေထောက်တစ်ဖက်ကို အဖျားပိုင်းလေးမြင်နေရသည်။ သို့သော်လည်း ဒါက သူ့ကိုအံ့သြသွားစေခဲ့သည်မဟုတ်။ သူ့ကို အံ့သြစေသည်က ကင်မရာမြင်ကွင်း၏ တစ်ဖက် ထောင့်မှ မပီမသပုံရိပ်ပင်ဖြစ်သည်။ မထင်ရှားသော်လည်း လူတစ်ယောက်ဟု သူ့စိတ်ကထင်နေသည်။
လူတစ်ယောက်မှ နေ့လယ်ကပျောက်သွားသော သူ့အဖော်ဟု သူ့စိတ်ထဲတွင်ပေါ်နေသည်။ ဆူညံသော ပုရစ် သံတွေကြားမှပင် ကယ်ပါဦးဟူ၍လိုလို၊ အားဟု အော်လိုက်သလိုလို ကြားယောင်လာမိသည်။ ကင်မရာမြင်ကွင်းမှနေ ၍ မော့ကာ ဒီအတိုင်း အလွတ်ကြည့်လိုက်သည်တွင်တော့ နှင်းခြင်္သေ့ကို ကောင်းကောင်းကြီးလှမ်းမြင်လိုက်ရတော့ သည်။ သူ့သားကောင်နှင့် လုံးထွေးနေရာမှ နောက်ဖက်နည်းနည်းဆုတ်အလာတွင် ခြုံအကွယ်နှင့်လွတ်ပြီး မြင်လိုက်ရ ခြင်းဖြစ်သည်။
တစ်ဖက်က သူ့သားကောင်ကိုတော့ ခြုံတွေကြားထဲတွင် မသဲမကွဲမြင်နေရသည်။ ပြေးနိုင်စွမ်းမရှိတော့သော သတ္တဝါတစ်ကောင်လား၊ မပြေးဘဲခုခံတားဆီးမည့် သူ့အဖော်လားတော့ သူခွဲခြားမြင်နိုင်လောက်အောင် မရှင်း။
သူ ဘယ်ခလုတ်ကို နှိပ်ရပါမည်လဲ။ ကင်မရာခလုတ်ကိုလား။ သေနတ်မောင်းခလုတ်ကိုလား။ သူ ဘာကိုရွေး ချယ်ရမည်လဲ။ တစ်ခုခုကိုမှ မရွေးချယ်မိလျှင် နောင်တ ရကိုရနေမည်။ သေနတ်ကိုရွေးမိလျှင်တော့ သူတို့ အသည်း အသန်လိုက်နေသော မျိုးတုံးစာရင်းဝင်နှင်းခြင်္သေ့ကို လက်လွှတ်လိုက်ရမည်။ ကင်မရာကိုရွေးမိပြီးမှ သားကောင်က သူ့အဖော်ဖြစ်နေလျှင် သူ့လောက်ရက်စက်ယုတ်မာသူမရှိဖြစ်သွားပြီး သူလည်း တစ်သက်လုံးနောင်တရ၍ ဆုံးမည် မဟုတ်တော့။
ရှင်းရှင်းလင်းလင်းမြင်ရသည်လည်းမဟုတ်၊ မမြင်ရသည်လည်းမဟုတ်သော မမြင်မကန်းလရောင်ကို အပြစ် တင်စိတ်လေး တစ်ချက်ဝင်သွားသည်။ သူ့စိတ်တွေက ပူလောင်နေသော်လည်း အသံလေးတစ်ခုမှအပ အခြားဘာကိုမှ မကြားတော့လောက်အောင် တိတ်ဆိတ်၍နေသည်။
“ကလစ်!”
ခရမ်းသစ်အိမ်
ရွှေအမြုတေ ရွှေအသစ် ဇူလိုင် ၂၀၁၇
Comments
Post a Comment