လမ်းက ဆိုးလွန်းသည်ဆိုတာထက်ကို ပို၍ဆိုးနေသည်။ ရွှံ့ဗွက်များက ဆိုင်ကယ်ဘီးမြုပ်သည်အထိ နစ် သည်။ စီးလာရင်းနှင့်ပင် လမ်းလျှောက်သည်ကမှ သက်သာဦးမည်ဟု တွေးမိလာသည်။ ရှေ့သို့လှမ်းကြည့်လိုက်တော့ လည်း ရွှံ့အပြည့်နှင့်လမ်းက တမျှော်တခေါ်ကျန်နေသေးသည်။ သူ ဘာလုပ်ရမည်လဲဟု အပြင်းအထန်စဉ်းစားနေမိ သည်။ အကယ်၍သာ မိုးထပ်ရွာလာပါက သူ ဒီရွာကနေ ပြန်ဖို့မဖြစ်နိုင်။ ထို့အတွက် နောက်လှည့်ပြန်လျှင်ကောင်းမည် ဟု စဉ်းစားလိုက်မိတော့ ကိုစိုင်းလုံ၏မျက်နှာကို မြင်လိုက်မိသည်။ ဆက်ဆက်လာပေးပါဆိုသည့်စကားသံကို ပြန်ကြား လာမိသည်။ အိပ်ကာမှ အိပ်ရရော ကတိအပျက်မခံတော့ဟုဆုံးဖြတ်ပြီး ရွှံ့တောထဲဆက်တိုးသွားလိုက်သည်။
ရွှံ့ပေါရသည့်အထဲတွင် အောက်ခံမြေမာရှိနေသည့်နေရာများတွင် ချောနေသောကြောင့် မလဲအောင် ခြေနှစ် ဖက်ကိုထောက်ရင်း ယက်ကန်ယက်ကန်နှင့်သွားနေရသည်။ ရွှံ့တွေကလည်း စေးကပ်နေသည့်အတွက် ဆိုင်ကယ်ဘီး က အထူကြီးဖြစ်နေပြီး ရွှံ့ကာထဲတွင်လည်း ပြည့်ကုန်သည်။ ဘေးနားတွင် တုတ်ချောင်းလိုက်ရှာပြီး ရွှံ့တွေခွာထုတ် လိုက်မှ နည်းနည်းအဆင်ပြေသွားသည်။ ရုန်းရင်းကန်ရင်းနှင့်ပင် ရွှံ့တောကိုကျော်သွားတော့ စိတ်က ဘာနှင့်မှမတူ အောင်ပေါ့ပါးသွားသည်။ နောက်ပြန်လှည့်ကြည့်ရင်း ခုတော့လည်း ဘာမှမဟုတ်ပါလားဟု တွေးမိနေသည်။
ရွှံ့ကာကြားထဲမှ ရွှံ့များကို တုတ်ဖြင့်ခွာထုတ်နေစဉ်မှာပင် နောက်ကလိုက်လာသော ကိုဦးလည်းရောက်လာ သည်။ သူကတော့ ဆိုင်ကယ်ရှေ့ကြားတွင် ဆေးအိတ်ကိုပါထည့်သယ်လာရသည်မို့ ပိုပြီးခက်ခက်ခဲခဲလာခဲ့ရသည်။ သူ၏ ဟိုယိမ်းဒီထိုးစီးပုံကို လှမ်းကြည့်ရင်းဖြင့် ပြုံးမိသည်။ ပြီးခဲ့သည့်ခဏလေးတွင် သူ့ကိုလှမ်းကြည့်ပါကလည်း ဒီလိုပဲ ဖြစ်နေလိမ့်မည်ဟုတွေးကာ ရယ်ချင်လာမိသည်။
“ဆရာရေ မလွယ်ဘူးနော်။ ငှက်ဖျားရှိနေလို့သာ နို့မို့ဆို လှည့်တောင်မကြည့်သင့်တဲ့လမ်းပဲ”
သူကလည်း ရယ်မော၍ ထောက်ခံလိုက်သည်။ “ကျွန်တော်က လှည့်ပြန်ဖို့တောင် စဉ်းစားပြီးပြီ။ ကိုစိုင်းကို အားနာလို့ ကတိပျက်ရာရောက်မှာစိုးလို့ ဆက်လာခဲ့ရတာ။ ငှက်ဖျားလည်း ရမှာသေချာပေါက်ဆိုတော့ ဘာပဲဖြစ်ဖြစ် သွားလိုက်ပါမယ်ဆိုပြီး လုပ်လိုက်ရတာဗျာ”
ဒီလိုနှင့်ပင် သူတို့ရွာကို ရောက်သွားကြတော့သည်။ ရွာရောက်သွားတော့လည်း စောင့်မျှော်နေကြသော ရွာ သားအုပ်ကို တွေ့လိုက်ရသည့်အတွက် အမောပြေသွားရသည်။ ရွာသားများက တောထဲသွားပြီး သစ်ခုတ်ကြသူများ ယာလုပ်ကြသူများဖြစ်သည့်အတွက် ခြင်ထောင်ကိုယူဖြစ်အောင်ယူဖို့အရေးအတွက် ပညာပေးပြောဆိုမှုလေးလုပ်လိုက် သည်။ တုံ့ပြန်မှုက ထုံးစံအတိုင်း မည်သို့မှမထူးခြားသည်မို့ ဖျားသူများ ငှက်ဖျားစစ်လာကြဖို့သာ ပြောလိုက်ရတော့ သည်။
ကိုဦးနှင့်သူလည်း ခေါင်းမဖော်နိုင်အောင်ပင် တစ်ယောက်ဆင်းတစ်ယောက်တက်နှင့် ငှက်ဖျားဖောက်စစ်ပေး သည်။ ချက်ခြင်းအဖြေသိနိုင်သော ကိရိယာလေးရှိနေ၍သာ တော်တော့သည်။ ယခင်ကလို မှန်ပြားတွင်တင်ပြီး မိုက်ခရိုစကုပ်ကြည့်မှ သိနိုင်မည်ဆိုပါက မလွယ်။ အလုပ်မတွင်သည့်အပြင် ဟုတ်ဟုတ်မဟုတ်ဟုတ် ဆေးပေးခဲ့ရမည့် သဘောဖြစ်သွားပေလိမ့်မည်။ ခုတော့ ၁၅မိနစ်ကြာသည်နှင့် အဖြေသိနိုင်သည်မို့ ငှက်ဖျားရှိသူကို ငှက်ဖျားဆေး၊ ငှက် ဖျားမရှိသူကို သင့်တော်ရာဆေး ချက်ခြင်းပေးနိုင်သည်။ အနာနှင့်ဆေး ချက်ခြင်းတွေ့နိုင်သည်။
အားလုံးပြီးသွားပြီး၍ ဆေးပေးရမည့်သူများကို ဆေးပေးပြီး ခဏအနားယူရင်း ကိုစိုင်းနှင့် နယ်မြေအခြေအနေ စိုက်ပျိုးရေးအခြေအနေများ ပြောနေတုန်းမှာပင် ကလေးတစ်ယောက်နှင့် သူ့အမေတို့ အိမ်ထဲဝင်လာသည်။ ကိုဦးက တော့ ထုံးစံအတိုင်းပဲ ပြန်တော့မယ်ဆိုလာပြန်ပြီဟု အရွှန်းဖောက်သည်။
ကလေးကိုကြည့်လိုက်တော့ ဆိုးဆိုးရွားရွားပင် သွေးအားနည်းနေသည်ကို တွေ့လိုက်ရသည်။ ကိုဦးကို ငှက် ဖျားစစ်ပေးဖို့ ပြောလိုက်ပြီး အမေကိုပါ စမ်းသပ်ကြည့်သည်။ အမေသည်လည်း သွေးအားနည်းနေသည်ကိုတွေ့လိုက်ရ သည်။ မောမောနေတတ်သည်ဆိုသော်လည်း နှစ်ယောက်လုံးက အဖျားတော့မရှိ။ မသင်္ကာသောကြောင့် အမေကိုပါ ထပ်စစ်ခိုင်းလိုက်သည်။
အဖြေထွက်လာသည်တွင်တော့ ထင်သည့်အတိုင်းပင် ကလေးက ငှက်ဖျားပိုးရှိနေသည်။ ကိုစိုင်းက မဖျားဘဲ နှင့် ငှက်ဖျားပိုးရှိနေသည်လားဟု အံ့သြတကြီးဖြင့် ဆိုလာသည်။
“ဒီလိုပဲဗျ ငှက်ဖျားဆိုးရွားတဲ့ဒေသမျိုးမှာ ခင်ဗျားတို့က ငှက်ဖျားကိုခံနိုင်ရည်ရှိနေကြတော့ မဖျားဘူး။ အဲဒီ တော့ မထိခိုက်တော့ဘူးလို့ထင်နေကြတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ သွေးနီဥတွေကိုတော့ ဖောက်ခွဲပစ်လိုက်တာမို့ ခင်ဗျားတို့ သွေးဖျော့သွားရပြီပေါ့ဗျာ။ ခင်ဗျားတို့က ခံနိုင်ရည်ရှိသွားပြီလို့ထင်တာ မှန်လည်း မှန်တယ်၊ မှားလည်း မှား နေတယ်” ဟု သူ ရှင်းပြလိုက်သည်။
အမေကတော့ ငှက်ဖျားပိုးမရှိ။ သို့သော်လည်း သွေးအားနည်းလွန်းနေသည်မို့ ရာဇဝင်ကို ထပ်မေးလိုက် သည်။ အရင်းအမြစ်က အစားအသောက်တွင်ရှိနေသည်ကို သိလိုက်ရသည်။ ဆင်းရဲလှသည်မို့ ဟင်းကောင်းကောင်း မစားနိုင်ရသည့်အထဲတွင် ထမင်းကို ရေနွေးဖြင့်မျှောချစားသုံးတတ်သူမို့ သံဓာတ်အားနည်းပြီး သွေးအားနည်းနေခြင်း ဖြစ်သည်။ လိုအပ်သောဆေးဝါးများ ပေးလိုက်ပြီး ကိုစိုင်းနှင့် စကားပြန်ဆက်မိနေသည်။
ကိုစိုင်းက သီးနှံများ အဆင်မပြေသည့်အကြောင်း ရွာသားများမှာလည်း အကြွေးများနှင့် လုံးချာလည်နေရပုံ များအကြောင်းကို မမောနိုင်မပန်းနိုင်ပြောနေသည်။ သူကတော့ နားထောင်ရင်းနှင့် ပိုမောလာသည်။ ယခုပင်လျှင် ဖျား နေရက်နှင့် ပိုက်ဆံမရှိသောကြောင့် မလာနိုင်သူများရှိနေသေးသည်ဆိုတော့ ရောဂါကုဖို့အဓိကထားပြီး အကြွေးမှတ် ချင်မှတ် မပေးနိုင်လျှင်လည်း မပေးနှင့် ရောက်တုန်းသာ ကုဖြစ်အောင်လာကုပါဟု ပြောပြီး စောင့်ပေးနေလိုက်သည်။
တဖွဲဖွဲနှင့် ရောက်လာကြသူများက နဂိုစောင့်နေသူများထက်ပင် များနေသည်ကိုတွေ့လိုက်ရသည်။ သွားလာ ရခက်ခဲလှသော သူတို့၏ရွာသို့ ဆရာဝန်ကရောက်လာပြီး ကုပေးတာတောင်မှ လာမပြရကောင်းလားဟု တွေးပြီး ဒေါသထွက်မလိုဖြစ်မိသော်လည်း သူတို့၏နွမ်းပါးလှသော ပုံစံတွေက ထိုအတွေးတွေကို လွင့်ထွက်သွားစေသည်။ ငှက် ဖျားရောဂါသည်များက အများစုဖြစ်နေ၍ ငှက်ဖျားစီမံချက်၏ ရည်ရွယ်ချက်များလည်း ပြည့်သွားသလို အလှူရှင်များ၏ စေတနာသည်လည်းထိရောက်ကာ ခက်ခက်ခဲခဲလာခဲ့ရသောသူ့အတွက်လည်း အမောပြေသွားသည့်အပြင် လူနာများ အတွက်လည်း ဆေးအခမဲ့ကို ရွာအထိရောက်လာသည်မို့ အားလုံးအဆင်ပြေလှသောခရီးတစ်ခုဖြစ်သည်မို့ ဒီရွာတွင် ပင် ညအိပ်ရလျှင်လည်း အိပ်ရပါစေတော့ဟု တွေးလိုက်မိသည်။
သွေးအားနည်းသူများ တော်တော်များနေသည်ကိုတော့ သူ မှတ်မှတ်ထင်ထင် သတိထားမိနေသည်။ တချို့ ကတော့ ဆိုးရွားလှသည့် ပြင်ပအကြောင်းအရာတစ်ခု၏ အမြဲမပြတ်ဖိစီးနှိပ်စက်မှုကြောင့် သွေးအားနည်းနေပြီး တချို့ ကတော့ လိုအပ်သောဖြည့်ဆီးမှုများ မလုပ်နိုင်ခြင်းကြောင့် သွေးအားနည်းနေသည်။ တချို့ကျတော့လည်း ကိုယ်ကိုယ် တိုင်၏ ချို့ယွင်းမှု၊ အားနည်းချက်များကြောင့် သွေးအားနည်းနေရသည်များလည်း ရှိသည်။
သူ့ခေါင်းထဲတွင် အတွေးများချာချာလည်နေရင်းဖြင့် ရွှံ့ဗွက်များကိုပင် မည်သို့ဖြတ်ကျော်လိုက်မှန်းမသိ ဖြတ် ကျော်လာရင်းဖြင့် ဆေးခန်းသို့ပြန်ရောက်သည်။ အမှားတွေကိုတွေ့နေသော်လည်း ပြုပြင်မှုများက ဘယ်ကစရမည်မှန်း သူ မစဉ်းစားနိုင်အောင်ဖြစ်နေသည်။ ငှက်ဖျားရောဂါနှင့် အခြားရောဂါများကို သူ ကုသပေးနိုင်ပါသော်လည်း ဆင်းရဲ ခြင်းကို ကုသပေးဖို့တော့ မစွမ်း။ ထိုသို့အရင်းအမြစ်ကို မဖယ်ထုတ်နိုင်သည့်အတွက် အခြားအရာများကိုသာ လိုက် လုပ်နေရခြင်းသည် ဆန်စင်ရာ ကျည်ပွေ့လိုက်သည်များ ဖြစ်နေမည်လားဟု တွေးမိပြီး စိတ်ဓာတ်တွေ ကျလာသည်။
ကိုယ်လုပ်နိုင်တာကို လုပ်နေသည်ဆိုသော်လည်း အခြားသောပူးပေါင်းဆောင်ရွက်မှုများမရှိပါက အပေါ်ယံ လိုက်ဖာထေးနေခြင်းထက် ပိုမည်မထင်။ ထို့အတွက် သူ့ဘက်ကလည်း ဘာမှမတတ်နိုင်။ သူ ဘာဆက်လုပ်သင့်သည် လဲ သူ့ခေါင်းထဲတွင် မေးခွန်းက တစစ်စစ်ထိုးနှက်တိုက်ခိုက်နေသည်။ ဆေးတစ်ပြားသောက်ပြီး နားနေလိုက်သော် လည်း မသက်သာ။ ခေါင်းကိုက်ခြင်းအတွက် ဆေးရှိသော်လည်း မေးခွန်းအတွက် အဖြေမရှိသောကြောင့် ဖြစ်ပေလိမ့် မည်။
နောက်တစ်ရက်တွင်တော့ လူကြီးတစ်ယောက် ရောက်လာမည်ဖြစ်၍ တစ်တန်းတည်းတက်ဖော် မြို့နယ် ဆရာဝန်က လာခဲ့ပေးပါဦးဟုဆိုထားသောကြောင့် ခေါင်းကိုက်နေရက်နှင့် သွားလိုက်သည်။ မြို့နယ်မှ တာဝန်ရှိသူများ အားလုံး စုံညီရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူကတော့ လေ့လာသူသဘောဖြင့်သာ ရောက်လာခဲ့သူမို့ အားလုံးကို ပြုံးပြရုံသာနှုတ်ဆက်ပြီး မိတ်ဆွေဆရာဝန်နှင့်သာ စကားပြောနေလိုက်သည်။ တချို့ကလည်း ဒီနေ့တင်ပြ ဖို့အကြောင်းများဟု ဆိုနေကြသည်ကို သူ နားမထောင်နေပေမယ့်လည်း ကြားနေရသည်။ စကားလုံးများက နားထဲ အတင်းတိုးဝင်နှောင့်ယှက်နေသည်ဟု ခံစားနေရခြင်းသည် သူ့ရောဂါအခံကြောင့်သာ ဖြစ်ပေလိမ့်မည်ဟု သူယူဆထား လိုက်ရသည်။
လာပြီ လာပြီ ဆိုသည့်အသံနှင့်အတူ ခရာသံများ ဆူညံသွားချိန်တွင်တော့ စကားသံများ တိတ်ဆိတ်သွားကြ ပြီး အသံမဲ့သော အမြင်၏ဆူညံခြင်းများ ပျံ့နှံ့သွားသည်။ ဖြစ်မြဲအတိုင်း လုပ်ဆောင်နေကြသည်ကို သူကလည်း အလိုက်သင့်စီးမျောနေပေးလိုက်သည်။ စကားလုံးများက အထက်မြင့်မြင့်တွင် ပျံဝဲနေပြီး အားလုံးက အဆင်ပြေချော မွေ့နေသည်ဟု အသံထွက်နေသည်။ သူတစ်ယောက်တည်းသာ အဆင်မပြေဖြစ်နေခြင်းက ခေါင်းကိုက်ခြင်းကြောင့်ပဲ လားဟု သူတွေးမိသည်။
သူ့မိတ်ဆွေ ဆရာဝန်က သူ ဘာပြောဦးမည်လဲဟု တိုးတိုးလေးကပ်မေးသည်တွင်တော့ သူ့ခေါင်းက သာမာန် ထက်နှစ်ဆလောက်ကြီးသွားသည်ဟု ထင်လိုက်မိသည်။ သူ့ခေါင်းထဲတွင် စကားလုံးများက ပြင်းထန်စွာပေါက်ကွဲနေပြီး မေးခွန်းများ၏ ပေါက်ဖွားနှုန်းက မြင့်မားလွန်းနေသည်။ သူ ယဲ့ယဲ့လေးပြုံးလိုက်မိသော်လည်း မတ်တပ်ရပ်နိုင်စွမ်းပင် ချို့တဲ့နေပြီဖြစ်သည်။ ပါးစပ်ကလည်း အာစေးမိထားသလို အသံထွက်၍မရတော့ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သိပ်မကြာခင်မှာပင် သူ့မိတ်ဆွေ၏ အဆင်ပြေပြေစကားများကို အနီးကပ်ကြားလိုက်ရပြီးသည့်နောက်တွင် သူသည် ထိုင်လျက်နှင့် သတိမေ့သွားသူလိုပင် ပတ်ဝန်းကျင်နှင့်အဆက်ပြတ်သွားသည်။
အားလုံးသောသူများထွက်သွားပြီးမှပင် သူလည်း ပြန်တော့မည်ဆိုပြီး ထလိုက်တော့ မိုက်ခနဲဖြစ်သွားပြီး အနည်းငယ်ယိုင်သွားသည်။ အချိန်မီထိန်းလိုက်နိုင်သည်မို့ မည်သူမှ သတိမထားမိလိုက်။ အပြင်တွင်တော့ ပွဲပြီးစကား များဖြင့် ပြောဆိုနေမှုများက သူ့ကိုစောင့်ကြိုနေသည်။ သူက ဘာမှမပြောတော့ဘဲ တစ်ယောက်ချင်းစီကို ပြန်တော့မည့် အကြောင်း နှုတ်ဆက်လိုက်သည်။ အားလုံးက အားတက်သရောပင် ပြုံးပြပြီး နှုတ်ဆက်သည်။ ထိုးကွင်းထသည့်အသံ တချို့ကြားနေရသော်လည်း သူ မသိကျိုးကျွံပြုကာ ဆိုင်ကယ်နားသွားသည်။
ဆိုင်ကယ်ပေါ်တက်ခွအပြီးတွင်တော့ သူ့မိတ်ဆွေဆရာဝန်က အနားထိလာပြီး နှုတ်ဆက်သည်။ ထို့နောက် တစ္ဆေသရဲတစ်ကောင်ကိုတွေ့သည့်မျက်နှာမျိုးဖြင့် သူ့ကိုစိုက်ကြည့်သည်။ ပြီးမှ မပီတပီအပြုံးဖြင့် “သူငယ်ချင်း၊ မင်းကို ကြည့်ရတာ သွေးအားနည်းနေသလိုပဲ သတိထားဦး”ဟု ဆိုသည်။
သူက ဆိုင်ကယ်နောက်ကြည့်မှန်ကို လှည့်ပြီး သူ့ကိုယ်သူ ပြန်ကြည့်မိလိုက်ချိန်တွင်တော့ သွေးမရှိဘဲ ဖြူ ဖျော့နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဘာကများ သူ့သွေးနီဥတွေကို ဖောက်ခွဲပစ်လိုက်လေပြီလည်း မသိ။ ငှက်ဖျားမှမဟုတ်လျှင် ဘာဖြစ်မည်မှန်းမတွေးရဲ။ သူ့သွေးတို့ မရဲတော့သည်ကိုပင် သူရင်မဆိုင်ရဲတော့။ အားလုံး အဆင်ပြေပါတယ်ခင်ဗျားဟု တိတ်တိတ်လေး အော်လိုက်မိလေသည်။
ခရမ်းသစ်အိမ်
စရဏ မဂ္ဂဇင်း ဖေဖော်ဝါရီ ၂၀၁၃
Comments
Post a Comment