ကောင်းကင်တွင် ဝဲ၍နေသောမည်းမည်းကွက်ကွက်ကလေးကို ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ တိမ် တွေမရှိသောကောင်းကင်သည် အပြာရောင်ဖျော့တော့လွန်းကာ အရောင်မဲ့ပြီး မီးခိုးရောင်ပြောင်းတော့မလို ထင်ရ သည်။ စူးရှသောနေရောင်အောက်တွင် အရောင်လွင့်သွားသည်လားမသိ။ ခပ်မည်းမည်းအရာလေးကိုတော့ နေ ရောင်က လက်လျှော့ထားလေသည်လား၊ အစွမ်းကုန်ထိုးလိုက်လို့မည်းသွားသည်လား။ သူကတော့ ညင်သာစွာ ဝေ့ဝဲ နေသည်။ ဘာအရောင်လဲ၊ ဘာပုံစံရှိလဲကိုတောင် မမြင်ရပေမယ့် သူကတော့ ဝဲမြဲဝဲ၍နေသည်။
“ကဲ ဆိုပါဦး။ မင်းဘာဖြစ်လို့ ကျောင်း ဒီလောက်တောင် ပျက်နေရတာလဲ”
သက်ပြင်းချလိုက်သလို လေးလံနေသည့်အပြင် အပူငွေ့တွေလည်း ပါနေသည်။ ထိန်းထားရသောဒေါသတို့ တငွေ့ငွေ့လောင်နေသည်လားမသိ။ ရှုပ်ယှက်ခတ်နေသာစိတ်ထဲတွင် အမျိုးအမည်မသိနိုင်သော ဝေဒနာတွေက လည်း ရစ်ဝဲ၍နေပုံရသည်။ စာရွက်ပေါ်တွင် ရေးထားသောစာရွက်စာရင်းကို ပြန်ကြည့်ရင်းနှင့်မှ ရှေ့ကရပ်နေသူကို နောက်တစ်ကြိမ်ပြန်ကြည့်သည်။ ဒီတစ်ကြိမ်အကြည့်တွေက ပိုပြီးစူးရှလိမ့်မည်။ သို့သော်လည်း အကြည့်ခံရသူက တော့ တုန်လှုပ်မှုမရှိ။
အရာအားလုံးသည် သူနှင့်မဆိုင်သလိုပင် ထီမထင်မျက်နှာထားဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ငေးနေ သည်။ ဝဲကျနေသော ဆံပင်ရှည်တွေထဲတွင် မာနတရားတို့ကလည်း အားဖြည့်ထားပုံရသည်။ လှုပ်ရှားနေသောစိတ် နှင့် ပေါက်ကွဲလွင့်စင်ထွက်ပစ်လိုက်ချင်စိတ်တို့ကို သိမ်းဆည်းပြီး ဟိုးအဝေးကောင်းကင်ဆီ လွှင့်တင်ထားလိုက်သည် လားမသိ။
“မင်းဆရာဝန်လုပ်မှာမလား”
တည်ငြိမ်စွာဖြင့် ထပ်မေးလိုက်သည်။ ဒီအသံမှာက ခံစားမှုတွေထက် စာနာနားလည်မှုတွေ ပါဝင်လာပုံရ သည်။ အဝေးကိုငေးနေသော မျက်လုံးတွေက တည့်တည့်ရင်ဆိုင်ပစ်လိုက်သည်။ အလျှံလျှံတောက်aလောင်နေမှုက မာနလား၊ အနာဂတ်လား။ နှစ်ခုလုံးပဲဖြစ်နေနိုင်သည်။ ထက်မြက်မှုအပြည့်နှင့် နှုတ်ခမ်းအစုံက ယောင်ယောင်လေး ကွေးတက်သွားသည်။ ပါးစပ်က ဘာသံမှထွက်မလာသော်လည်း ခေါင်းညိတ်ပြပုံက စိတ်တကယ်ပါ၍ ညိတ်လိုက်ပုံ မျိုးပဲဖြစ်သည်။
“ဆရာဝန်တစ်ယောက်ကတော့ လွယ်လွယ်နဲ့မဖြစ်ဘူးနော်။ ကျောင်းကိုလာမတက်ဘဲ ကိုယ်တိုင်လေ့လာနိုင် ပါတယ်ဆိုရင်လည်း တခြားမှာပဲသွားကြိုးစားကြည့်လိုက်။ လူနာမပါဘဲ စာချည်းပဲဆိုရင် ဘယ်တော့မှ ပင်လယ်ထဲ မသွားဘဲ မြေပုံထောက်နေတာပဲတဲ့။ ဟုတ်ပြီလား”
“ကျွန်တော် မှားပါတယ်ဆရာ။ ကျွန်တော်”
ခေါင်းညိတ်ပြလိုက်ပုံက စာနာမှုအပြည့်ပေမယ့် စကားကိုရပ်ထားစေချင်တာလည်း သေချာသည်။ ဘာမှ ဆက်မပြောတော့ဘဲ ကြည့်နေလိုက်သည်။ တကယ်တမ်းကျတော့လည်း ပြောစရာမရှိတော့။ ဖြစ်သွားခဲ့ပြီးသော အမှားအတွက် ဘာကြောင့်လဲဆိုသောမေးခွန်းသည် စိတ်ညစ်ညူးစေရုံထက် မပို။ ဘာကြောင့်ပါဆိုသောအဖြေသည် လည်း အကြောင်းပြချက်တစ်ခုထက်မပိုပါ။ သူတို့ကြားမှာ အဲဒါတွေကို မေ့ဖျောက်ပစ်လိုက်ကြသည်။
“ဝါသနာမပါလို့ပါဆိုတဲ့စကားလုံးနဲ့ လွယ်လွယ်လာမပြောနဲ့တော့။ မင်းပြောမှာလည်းမဟုတ်ဘူးလို့တော့ ထင်ပါတယ်။ ငါပြောချင်တာက တစ်ခုက မင်းတက်လာတာ သုံးနှစ်ကျော်လာပြီ မင်းပြန်လှည့်လိုက်ဖို့ကတော့ နှမျောစရာတော့ ကောင်းတယ်။ ရှေ့မှာက တစ်နှစ်ကျော်ကျော်ပဲ ကျန်တော့တယ်”
မျက်လုံးချင်းဆုံမိလိုက်ချိန်တွင် ကူးလူးသွားသော နားလည်မှုတွေက မနည်းမနော။ တစ်ယောက်ဆီတွင် တစ်ယောက်၏အတိတ်တွေ ရှိနေပြီး တစ်ယောက်၏အနာဂတ်ကလည်း တစ်ယောက်ဆီမှာရှိနေသည်။ မှန်တစ်ချပ် ကို ကာလခြားပြီး ဖြတ်ကြည့်လိုက်သလိုပဲ ထင်ရသည်။
“မင်းဘာတွေဖြစ်ခဲ့ဖြစ်ခဲ့။ ရှေ့မှာမင်းကြိုးစားတယ်ဆိုတာပဲ ဖြစ်စေချင်တယ်။ ဟုတ်ပြီလား”
ပြောရင်းနှင့် ပြတင်းပေါက်ကနေ ငေးကြည့်လိုက်တော့ ဝဲပျံနေသောမည်းမည်းလေးကို မြင်လိုက်ရသည်။ စွန်။ သိမ်းစွန်ငှက်ပဲလား၊ လေတံခွန်လားတော့မသိ။ စွန်တော့စွန်ပဲဖြစ်လိမ့်မည်။
“ဟိုးမှတွေ့လား။ ဝဲနေတဲ့ဟာ။ စွန်ပေါ့ကွာ။ အကောင်စွန်လား၊ ကြိုးတပ်လွှတ်တဲ့စွန်လားတော့ မသိဘူး။ ဒါပေမယ့် ခုတော့ မိုးပေါ်မှာ ဝဲနေတာပဲလေ”
ပြန်လှည့်ကြည့်လိုက်တော့ စူးရှသောမျက်ဝန်းတွေကလည်း ပြတင်းပေါက်ဆီမှ ပြန်လှည့်လာသည်။
“ဘာစွန်ပဲဖြစ်ဖြစ် ချီးတော့ချီးကျူးစရာပဲကွ။ အလေးချိန်ရှိတဲ့အရာတိုင်းကို ဆွဲထားတဲ့ ကမ္ဘာကြီးကနေ လွတ်အောင်ရုန်းထွက်သွားနိုင်တဲ့အစွမ်းတော့ သူတို့မှာရှိတာပဲ။ သူတို့ ပျံဝဲနေကြတယ်။
ကြိုးတပ်လွှတ်တဲ့ စက္ကူစွန်ကတော့ သက်မဲ့ပဲ။ လေအားနဲ့အပေါ်ကို ရောက်သွားတယ်။ အပေါ်ကိုရောက် တော့မှ သူ့ကိုအမြင့်မပျံနိုင်အောင်ဆွဲထားတာကြီးပါလားဆိုပြီး ကြိုးကိုဖြုတ်ချပစ်လိုက်တယ်။ ခဏတော့လွင့်ဝဲပြီး မြေပေါ်ကို ကျသွားရတာပဲ။ မင်းက အဲဒီစွန်လား”
ခေါင်းကို ဆတ်ခနဲခါယမ်းလိုက်ပုံက မာန်ပါလွန်းလှသည်။
“မိဘတွေနဲ့ဝေးတာနဲ့ စိတ်လေလွင့်သွားရတယ်ဆိုတာမျိုးက အဲဒါတွေပဲပေါ့ကွာ။ အဖြစ်မရှိဘဲနဲ့ လေအားနဲ့ တက်လာတဲ့ကောင်တွေ”
အသံနည်းနည်းမာသွား၍ အရှိန်လျှော့ရင်းနှင့် ဘာပြန်ပြောမည်လဲ နားစွင့်နေမိသည်။ ချိုးချိုးချွတ်ချွတ် အသံကိုတောင် မကြားရ။ ငြိမ်သက်တိတ်ဆိတ်နေပုံက အသံတွေကိုစုပ်ယူထားလိုက်သည်လားတောင်ထင်ရသည်။
ကောင်းကင်ပေါ်ကစွန်ကတော့ ဝေ့ဝဲနေဆဲဖြစ်သည်။ ကြိုးပါလား၊ မပါလားကို မမြင်နိုင်သောကြောင့် သူ သည်လည်း တစ်ခုခုအဖြစ် ဟန်ဆောင်ထားနိုင်သည်။ တစ်ခုခုအဖြစ် အထင်မှားခံရနိုင်သည်။ တစ်ခုခုအဖြစ် ယုံကြည်ထားနိုင်သည်။
စိတ်ထဲတွင် သိမ်းငှက်တစ်ကောင်၏ဟစ်အော်လိုက်သံကိုပါ ကြားလိုက်ရသလို ခံစားနေမိသည်။ တိမ်တွေ ကလည်း လေတွေကြားမှာ တဝုန်ဝုန်းအော်မြည်ကာ ရွေ့တက်လာသည်။ လေနှင်ရာလွင့်သော တိမ်တွေသည်ပင် ပုံ ရေးခြယ်ထားသလို ထင်ချင်ထင်နေတတ်သည်။
“စွန်တွေ၊ လင်းယုန်တွေ သူ့စွမ်းအားနဲ့သူ ပျံပြီးတက်လာကြတယ်။ မြေဆွဲအားကို ဆန်ရတယ်။ လေကို ခွဲရ တယ်။ အမှားတွေ၊ နာကျင်မှုတွေ စတေးအပြီးမှာမှ ကောင်းကင်မှာ လေဟုန်စီးတတ်လာတယ်။ ဘာကြိုးနဲ့မှ ချည် စရာမလိုဘူး”
“ဘာကြိုးနဲ့မှ ချည်စရာမလိုဘူး”
“ဘာကြိုးနဲ့မှ ချည်စရာမလိုဘူး”
“ဘာကြိုးနဲ့မှ ချည်စရာမလိုဘူး”
“.........”
စကားသံက ပဲ့တင်ထပ်၍နေသည်။ တစ်စုံတစ်ခုထဲတွင် အလုံပိတ်ပြီးထည့်ထားလိုက်သော အားကောင်း ကောင်းအသံလိုပဲ မြည်ဟီး၍ပဲ့တင်ထပ်နေသည်။ လေလွင့်တိမ်တွေက နေနှင့်သူတို့၏ကြားတွင် အမှောင်ချထားမှုကို လေကပဲ ဖရိုဖရဲလွင့်ထွက်သွားစေသည်။ တစ်စစီကွဲထွက်သွားသော တိမ်၏ပုံသည်လည်း မော်ဒန်ပန်းချီကားတစ်ချပ် လို ဖွဲ့စည်းမှုအားကောင်းနေသည်။ နေကတည့်တည့်ကြီး အလင်းရောင်ပေး၍ထွက်လာသလို တိမ်တွေ၏ မျက်နှာ ပြင်ဆီမှလည်း အရောင်ပြောင်းပြီး ထွက်လာသည်။
“မင်းက ဘာလဲဆိုတာ မင်းကိုယ်တိုင်သိပါတယ်။ နောက်ဖြစ်လာမယ့်ကိစ္စတွေကလည်း မင်းပေါ်မှာပဲ မူ တည်နေတယ်။ အားလုံးမင်းသဘောပဲ။ မင်းရဲ့ပုံတူကို မင်းစိတ်ကြိုက်ရေး။ ဟိုးမှာ တိမ်တွေ အခန့်မသင့်ရင်တော့ ရေးထားတာထက်တောင် ပိုပီပြင်တဲ့ပုံတွေထွက်လာတယ်။ ဘာခံမှာလဲ။ လေကပြန်တိုက်ပစ်လိုက်ရင် တစ်စစီပြန်ကွဲ ထွက်သွားရတာပဲ”
စကားလုံးများဖြင့်တည်ဆောက်ထားသော ကမ္ဘာကြီးက ပြီးဆုံးသွားခဲ့သည်။ ယုံကြည်နားလည်မှုဖြင့်တည် ဆောက်ထားသော နေ့သစ်တွေက တံခါးခေါက်၍နေသည်။ မျက်လုံးများကို မှိတ်လိုက်ပြီး စကားလုံးတွေ၏နောက် ကွယ်က အသံတွေကို နားထောင်နေလိုက်သည်။ ချိုမြစူးရှ၍နေသည်။
“ကျွန်တော်က လင်းယုန်ပါ”
ဟိုးအဝေးကောင်းကင်ဆီ ပျံတက်သွားသည်။ တစ်ယောက်ကလည်း ဆန့်ကျင်ဘက်ဆီကိုဦးလှည့်ကာ အတောင်တွေဖွင့်လိုက်သည်။
သူတို့နှစ်ယောက် တစ်ချိန်ချိန်တော့ ပြန်တွေ့ကြပါလိမ့်ဦးမည်။ ဘာကြောင့်လဲဆိုတော့ သူတို့က သိမ်းစွန် ငှက်တွေဖြစ်နေ၍ပင်ဖြစ်သည်။
ခရမ်းသစ်အိမ်
Teen Magazine August 2010
Comments
Post a Comment