အမျိုးသမီး၏ပုံစံကရဲတင်းလွန်းသည်။ မထီမဲ့မြင်သဘောနှင့် ခေါင်းကိုမော့ထားသည်က မထီမဲ့မြင်နိုင် သည်လား၊ မျက်ရည်မကျအောင်ထိန်းထားသည်ပဲလား တွေးကြည့်ချင်စရာပင်ဖြစ်သည်။ အားလုံးသောလူတွေ၏ အကြည့်မှာ သူ့အပေါ်တွင် ရွံရှာမုန်းတီးမှုတွေအပြည့်နှင့်ဖြစ်လာမည်ကို ကြိုမသိ၍တော့မဟုတ်လောက်။ သူ့ပုံစံ က IQ အနည်းဆုံး ၁၅၀ ကျော်လောက်ရှိမည့်ပုံမှာရှိနေသည်။
တရားသူကြီးဝင်လာတော့မှ လူအုပ်ကြီးတစတစငြိမ်သက်သွားသည်။ မကြုံစဖူးအမှုမို့ လူတိုင်းကလာ ရောက်၍တရားခံကိုကြည့်ချင်နေကြရာ ဘောလုံးကွင်းကိုပင်တရားရုံးလုပ်ပစ်လိုက်ရသည်။ ရုပ်မြင်သံကြားမှာ တိုက်ရိုက်လွှင့်တာကိုလည်း ဝိုင်းကြည့်နေကြသူတွေနည်းလိမ့်မည်မဟုတ်။ အမှုက ကမ္ဘာကိုဖျက်ဆီးရန်ကြံစည်မှု နှင့် အခြားအမှုတွေကိုပါ စွဲချက်တင်ထားရာ တစ်ကမ္ဘာလုံးအတွက် သေရေးရှင်ရေးနေ့ရက်ကြီးပင်ဖြစ်တော့သည်။
ရှေ့နေကြီးကထပြီး တရားခံကိုလှမ်း၍မေးတော့သည်။ သူတို့တွေလည်း တရားရုံး၏လုပ်ငန်းစဉ် ပြုမြဲကျင့် ဝတ်တို့ကိုဘေးချိတ်ပြီး အတိုဆုံး၊ အထိရောက်ဆုံးနည်းလမ်းကိုသာ ကျင့်သုံးကြတော့သည်။
“မင်းလုပ်ခဲ့တာ ကမ္ဘာကြီးပျက်စီးသွားနိုင်တယ်သိရဲ့လား”
အမျိုးသမီးက စူးစူးရဲရဲပြန်ကြည့်သည်။ ဘာမှပြန်မပြော။
“ပရိတ်သတ်ကြီးခင်ဗျား၊ ဒီအမျိုးသမီးဟာ ဉာဏ်ရည်မမီတဲ့ကလေးငယ်ကို ကမ္ဘာလောကထဲခေါ်သွင်းပြီး ကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြိုးစားသူပါပဲခင်ဗျား”
ပြဇာတ်ဆန်ဆန်အသုံးတော်ခံနေသော ရှေ့နေကြီး၏တင်ဆက်မှုတွင် ပရိတ်သတ်ကြီးမှာ သိပြီးဖြစ်သည့် တိုင် ဝေါခနဲအသံကြီးနှင့်ရုန်းြွကလာသည်။
“ဒီအမျိုးသမီးဟာ သူ့ကလေးမှာ ဉာဏ်ရည်မမီနိုင်တဲ့ ဒေါင်းဆင်းဒရုန်း ရှိနေရက်နဲ့ကို လက်မှတ်အတုနဲ့ ရှောင်ရှားပြီးရအောင်မွေးခဲ့ပါတယ်ခင်ဗျား။ နယ်ကျော်မွေးဖွားခွင့်ကို ချိုးဖောက်ပြီးတော့လည်း ကမ္ဘာ့အရှေ့ဖျား ဘက်မှာသွားရောက်ဖွားမြင်ခဲ့ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ မွေးလာတဲ့ကလေးဟာ မွန်ဂိုမျိုးနွယ်စုပုံစံဖြစ် နေမှာကို သူကြိုသိနေလို့ပါပဲ။ ကျွန်တော်တို့ဟာ ယဉ်ကျေးပြီး အသိဉာဏ်တွေမြင့်မားလာတဲ့အလျောက် အသက် တစ်ချောင်းကို အဆုံးစီရင်ဖို့ မဖြစ်မှန်းသိနေတော့လည်း သူ့အတွက်အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုမသိ၊ အလုပ်အကိုင်မလုပ်တတ်၊ မြင့်မားစွာမတွေးတတ် အို ဘယ်လိုမှ လူတစ်ယောက်လို့မသတ်မှတ်နိုင်တော့တဲ့ ကလေးတစ်ယောက်ကို သူကတင်သွင်းပေးလိုက်ပါပြီ။ ဒီလို ဒီလိုတွေ များလာရင် ဘာဖြစ်လာမလဲစဉ်းစားကြည့်ပါဦးလို့ ကျွန်တော်ပြောနေစရာမလိုပါဘူး။ ခင်ဗျားတို့ကတော်ပြီးသား တွေပဲ”
ထိတ်လန့်ကြောက်ရွံ့နေသည့်ကြားမှပင် ချီးမွမ်းသံကြောင့်လက်ခေါက်မှုတ်သံတွေပါ ထွက်လာတော့သည်။
“သူ့ကိုတိတ်တဆိတ်ထောက်ပံ့ပေးနေတာ သူ့အမေပါ။ ဟုတ်ရဲ့လား”
အမျိုးသမီး၏အမေဖြစ်သူက တည်ငြိမ်စွာပင်ခေါင်းညိတ်ပြသည်။ အမျိုးသမီးက အားတက်သွားပုံရသည်။ ပြုံးပြီးတော့ သူ့အမေကိုလှမ်းကြည့်သည်။
“အဲဒါလည်း ပြစ်မှုပဲ သိရဲ့လား”
မိုးချုန်းသံအလား အော်သံကြီးကို သူ့အမေတုံ့ပြန်ပုံက အေးအေးဆေးဆေးခေါင်းညိတ်ပြရုံသာရှိသည်။
“ဒါမျိုးဖြစ်လာမှာ မသိလို့လားပြောပါဦး”
“ကျွန်မ မဖြေချင်ပါဘူး။ ကျွန်မထောက်ပံ့တဲ့အတွက်အပြစ်ရှိတယ်ဆိုရင် ရှိပါတယ်၊ ဝန်ခံပါတယ်”
ပြတ်ပြတ်သားသားဆိုလာတော့ ရှေ့နေကြီးပင် ဆွံ့အသွားသည်။ တရားသူကြီးက မူလတရားခံကိုသာ ဆက်လက်အမှုတင်ပြဖို့ ပြန်လမ်းကြောင်းပေးသည်။
“သူမဟာ ဉာဏ်ရည်မမီတဲ့ ကလေးကိုမွေးမှု ၁၆၀/၂၀၅၀၊ ကမ္ဘာကိုဖျက်ဆီးရန်ကြံစည်မှု ၁၇/၂၀၁၅၊ နယ်ကျော်သားဖွားမှု ၁၆၇/၂၀၅၀ စတဲ့ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ခဲ့ပါတယ်။ ဝန်ခံပါ မိန်းကလေး”
အမျိုးသမီးက သူ့လက်တွေမှာချုပ်နှောင်ထားသော ကြိုးတွေကိုဖြည်ပေးဖို့နှင့် လွတ်လပ်စွာတင်ပြခွင့် အကြောင်းကိုအရင်တောင်းဆိုသည်။ ကြိုးများကိုဖြည်ပေးလိုက်ရတော့ အားလုံး၏စိတ်ထဲတွင် ငါတို့ရှုံးတော့မှာ လား ဆိုသည့် အတွေးတွေပေါ်လာသည်။ သူတို့စဉ်းစားနေမိသည်က မိုက်ရူးရဲသူနှင့် ရင်ဆိုင်ရပါက အမြဲအရှုံးပေး ရသည် ဆိုတာပဲဖြစ်သည်။
“အဲဒီပြဋ္ဌာန်းချက်တွေကိုချိုးဖောက်ခဲ့တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ငြင်းရလောက်အောင်လည်း ကျွန်မ မရူးပါဘူး။ ဒါပေမယ့် လူတွေလို့ဆိုလာရင် ဉာဏ်ရည်အဆင့်အတန်းကွဲပြားနေစေကာမူ ရှင်သန်ပိုင်ခွင့်ကို သူတို့ သန္ဓေသားဖြစ်ကတည်းက ရရှိသင့်ပါတယ်”
ပရိတ်သတ်ကြီးဟာခနဲဖြစ်ပြီး တိတ်ဆိတ်သွားသည်။ ရှေ့နေကြီးကစိတ်မသက်မသာနှင့်ထပြီး “မိန်ကလေး ဉာဏ်ရည်ကွဲပြားခွင့်ဆိုပေမယ့် အနိမ့်ဆုံးသတ်မှတ်ချက်ရှိတယ်လေ။ သူများအပေါ်မှာ မှီခိုနေရမယ့်လူသားမျိုးကို ဘာကြောင့်ရှင်သန်ခွင့်ပေးရမှာလဲ။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ဘယ်သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး လေ။ ကြံ့ခိုင်သန်စွမ်းသူတို့သာနေထိုင်ရာ ကမ္ဘာလေမိန်းကလေးရဲ့”
“သားလေးဟာ ကျွန်မအတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူးရှင်”
ရှေ့နေကြီး ငုတ်တုပ်ထိုင်ကျသွားသည်။ ပရိတ်သတ်ကြီးထဲမှ အားပေးသံတချို့ ကျဲကျဲကလေးထွက်လာပြီး တော့ ပြန်ငြိမ်သွားသည်။
“ကျွန်မသားလေးဟာ ဉာဏ်ရည်မပြည့်မီပေမယ့် အလားအလာတွေရှိနေသေးတဲ့ ကလေးငယ်လေးတစ် ယောက်ပါ။ ကျွန်မတို့ အဲဒါကို စွန့်ပစ်ရမှာလား။ သူ့မှာလည်းလင်းလက်တဲ့ အနာဂတ်တွေရှိနေပါသေးတယ်”
“ဒေါင်းဆင်းဒရုန်းဆိုတာ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဖြစ်နေတဲ့ လက္ခဏာစုပါ။ ဘယ်လိုမှပြန်ပြင်လို့မရနိုင် ပါဘူး”
တရားသူကြီးကဝင်ထောက်တော့ အမျိုးသမီးကပြုံးရင်း ခေါင်းညိတ်ပြသည်။
“ဗီဇကို မပြုပြင်နိုင်တာကတော့ ဟုတ်ပါပြီ။ ကျွန်မတို့ရဲ့လေ့ကျင့်သင်ကြားပေးနိုင်မှုတွေကို မေ့ပစ်လိုက်ရ တော့မှာလား။ ကျွန်မတို့ဟာ ဉာဏ်ကောင်းပြီးသားလူတွေကိုပဲ သင်ကြားမှုတွေပေးနိုင်တဲ့ ခပ်ညံ့ညံ့လူ့အဖွဲ့အစည်း တစ်ခုလား”
အမျိုးသမီးတင်လိုက်သော စွဲချက်တွင် အကုန်လုံးအငိုက်မိသွားကြသည်။ ရှေ့နေကြီးကသာ နီရဲနေသော မျက်နှာကြီးဖြင့် “သူ့ရဲ့ သင်ကြားနိုင်စွမ်းမှာကိုက အကန့်အသတ်တွေရှိနေတာပါ။ ပေးသူကြောင့်မဟုတ်ပါဘူး။ ယူ သူမှာသာ ခံယူစရာနေရာလွတ် များများမရှိနေတဲ့သဘောပါ”
“သားလေးဟာ သူများတွေထက် ထိုင်တာ၊ စကားပြောတာ နောက်ကျတယ်၊ ဟုတ်တယ်။ ဒါပေမယ့် ခု လမ်းသွားနိုင်၊ စကားပြောနိုင်နေပြီ။ သီချင်းတွေလည်း ဆိုနေနိုင်တာပဲ။ တကယ့်ကိုချစ်စရာကောင်းတဲ့ကလေးတစ် ယောက်ပါ”
“မိန်းကလေး လောကမှာရှင်သန်ဖို့က ချစ်စရာကောင်းနေရုံနဲ့မရဘူးလေ။ ဉာဏ်ပညာပြည့်စုံနေမှ ရှင်သန် နိုင်မှာ။ အကောင်းဆုံးဉာဏ်ပညာရှိသူတွေတောင် ရုန်းကန်နေရတဲ့ဒီကမ္ဘာကြီးပေါ်မှာ သီချင်းဆိုတတ်ရုံ၊ ချစ်စရာ ကောင်းနေရုံနဲ့ နေလို့ဘယ်ရမလဲ”
“ကျွန်မတို့ရဲ့ အမျိုးတွေထဲမှာတော့ အဲဒီလိုမျိုးတစ်ယောက်ရှိခဲ့ဖူးတယ်လို့ ငယ်ငယ်တုန်းကကြားဖူးခဲ့ပါ တယ်။ ဘယ်သူ့ကိုမှ ဘာဒုက္ခမှမပေးခဲ့ပါဘူး။ သူ့ရဲ့တိုတောင်းလှတဲ့သက်တမ်းအတွင်းမှာ ပျော်ရွှင်စွာနဲ့ပဲနေထိုင်ခဲ့ တယ်။ သူ့ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်စေခဲ့တာပါပဲ။ ကျွန်မအမေမမွေးခင် ၂၀၃၀လောက်ကတည်းက ဆုံးသွား ပါတယ်တဲ့။ တော်ကြာတရားထပ်စွဲနေဦးမယ်”
အမျိုးသမီးက ရွဲ့ရွဲ့လေးပြောလိုက်သော်လည်း ဘယ်သူမှမရယ်ပါ။ ကင်မရာတွေနှင့် မျက်လုံးတွေက သူ့မိခင်နှင့် ဆွေမျိုးတွေရှိရာဆီကိုသာ ဦးတည်ရောက်သွားကြသည်။ သူတို့အမျိုးကိုက မသန့်စင်တော့သည့်မျိုးရိုး အဖြစ် ဦးတည်လာတော့သည်ကိုး။
သူ့အမေကချက်ချင်းထရပ်လိုက်ပြီး “သူ့ကိုကျွန်မပြောပြခဲ့တာပါ။ ကျွန်မလိမ်ခဲ့တာပါ။ ဟာသလေးသက် သက်ပြောခဲ့တာပါ။”
သူတို့မျက်လုံးချင်းဆုံမိနေတော့အမုန်းတွေရှိမနေပါ။ နာကျည်းမှုတွေခံပြင်းမှုတွေလည်းပါမနေခဲ့။ အချင်း ချင်းလေးစားမှု၊ မေတ္တာတရားနှင့်သာကြည့်နေကြသည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မသားလေးဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ပါဘူး။ သူဟာ ပုရွက်ဆိတ်လေးတစ် ကောင်ကိုတောင် ဒုက္ခမပေးခဲ့ပါဘူး။ ရှင်သန်ခွင့်ပေးပါလိမ့်မယ်။ ဉာဏ်ရည်မမီဘူးဆိုပေမယ့် သူဟာ သူများတွေ ရဲ့ရှင်သန်မှု၊ ရှင်သန်ခွင့်ကိုမနှောက်ယှက်ပါဘူး။ ဖျက်လိုဖျက်ဆီးမလုပ်ပါဘူး။ ဉာဏ်ရည်ကောင်းမွန်လှသော လူကြီးမင်းတို့ကသာ...”
စကားကိုဆက်မပြောတော့ဘဲ ရပ်ထားလိုက်သည်။ ပရိတ်သတ်ကလည်း ဒေါသနှင့်ပေါက်ကွဲလာကြပြီဖြစ် သည်။ တရားသူကြီးက တရားစီရင်ဖို့ကို အသည်းအသန်စဉ်းစားနေသည်။ ရှေ့နေကြီးကလည်း ချေပဖို့စကားလုံး တွေရှာနေသည်။ အမျိုးသမီးက တည်ငြိမ်သောအပြုံးဖြင့်ရပ်နေသည်။ တစ်ကမ္ဘာလုံးကလူတွေ၏ အာရုံကဒီမှာပဲ ရောက်နေကြသည်။ အချိန်အတော်ကြီးကြာအောင် ငြိမ်သက်နေသော်လည်း ဘယ်သူမှစိတ်အနှောက်အယှက် မဖြစ်ကြ။ သူတို့ကိုယ်တိုင်ပင် ဘာကိုမှမပြောနိုင်ဘဲ မင်တက်ပြီးစိတ်ဝင်တစားရှိနေသောကြောင့်ပင်ဖြစ်သည်။
အချိန်တွေဘယ်လောက်ကြာသွားမှန်းမသိ။ လူတွေအားလုံး ရာသီဥတုကြောင့်ပဲလားမသိ ချွေးတွေပြန် လာကြသည်။ အပူရှိန်က ထင်တာထက်ပြင်းနေသည်။ အမျိုးသမီးက စကားကိုဆက်ပြောသည်။
“နောက်ဆုံးပြောချင်တာက သူဟာ ကျွန်မရဲ့ကလေး။ သူဘာပဲဖြစ်နေဖြစ်နေ ကျွန်မရဲ့သွေးနဲ့သားနဲ့ တည် ဆောက်ခဲ့ရတဲ့ကလေးပါ။ လူကြီးမင်းတို့ရဲ့ကလေးတွေဟာလည်း”
စကားသံကိုတွေကိုကြားမှ တရားသူကြီးလည်းသတိဝင်လာပုံရပြီး ခုံကိုတူဖြင့်ခေါက်ကာအရပ်ခိုင်းသည်။ အမျိုးသမီးက စကားရပ်သွားပြီဖြစ်သော်လည်း သူကတော့မရပ်နိုင်သေး။ ခုံကိုအညှိုးကြီးစွာနှင့်ခေါက်နေသည်။ ထိုခေါက်သံက တဖြည်းဖြည်းကျယ်လောင်လာသည်လားမသိ။
“ ဝုန်း”
ဆူညံလှသောအသံတွေနှင့် မျက်စိတမှိတ်လျှပ်တပြတ်အတွင်းမှာပင် ကမ္ဘာကြီးပြောင်ရှင်းသွားသည်။ ပြင်း ထန်လှသော ဗုံးများ၏ဒဏ်ကြောင့် ကမ္ဘာကြီးသွက်သွက်ခါအောင်လည်ရမ်းသွားပြီး မည်သည့်အရာကမှ ကမ္ဘာ ပေါ်မှာ တင်ကျန်မနေရစ်တော့။
လူသားတို့၏ လုံခြုံရေးသတိလက်လွတ်သွားသည့်မိနစ်ပိုင်းတွင်းမှာပင် ဂြိုဟ်ကိုဝင်စီးခဲ့သော ဂြိုဟ်သားတို့ ကတော့ “အသန်စွမ်းဆုံးသာ ကျန်ရစ်ခဲ့တာပဲ” ဟုပြောနေကြလေတော့သည်။
ခရမ်းသစ်အိမ်
မဟေသီ ဧပြီ ၂၀၁၁
Pic: တွေ့ရာပုံ ယူသုံးထားသည်။
Pic: တွေ့ရာပုံ ယူသုံးထားသည်။

Comments
Post a Comment