(၁)
ဆေးခန်းထဲသို့ လူတစ်ယောက်ဝင်လာသည်။
“အတွေးတွေကို ဖယ်ထုတ်ပစ်ချင်လို့ပါဆရာ..”
(၂)
ယနေ့ဆေးပညာသည် Therapeutic Amnesiation ခေါ် ကုသမှုဆိုင်ရာမှတ်ဉာဏ် ပျောက်သွားစေနိုင်မှုကို ခွင့်ပြုထားပြီးဖြစ်သည်။ လွယ်လွယ်နှင့်ရခဲ့သည်တော့ မဟုတ်။ တစ်ချိန်တစ်ခါ က ကိုယ်ဝန်ဖျက်ချခြင်းကို လက်မခံခဲ့ကြသလိုပင် ခါးခါးသီးသီးငြင်းပယ်ခဲ့ကြသည်မှ တဖြည်းဖြည်း လက်ခံလာခဲ့ကြခြင်းဖြစ်သည်။
ဤနည်းပညာကို တွေ့ရှိခဲ့ခြင်း၏အစမှာ XXXနိုင်ငံသား သိပ္ပံပညာရှင်တစ်ယောက်မှ ဦးနှောက်အတွ င်း၌ စဉ်းစားချိန်တွင်လှိုင်းများထွက်တတ်ပုံ ( Thinking Waves) နှင့် ထိုလှိုင်းများ ကို ဖမ်းယူပုံဖော်နိုင်သော RI စက် ( Radioimaging) များ ပေါ်လာခြင်းမှ အစပြုသည်။ ဦးနှောက် အတွင်း၌ ဆဲလ်များ ( neurones) သည် မှတ်ဉာဏ်များကို ရေတိုနှင့်ရေရှည် နှစ်မျိုးဖြင့် သိမ်း ဆည်းထားသည်။ ရေတိုမှတ်ဉာဏ်များသည် လျှပ်စစ်လှိုင်းများသာဖြစ်ပြီး တိုတောင်းလှသောအချိန် အတွင်း ပျောက်ကွယ်ကြသည်။ ရေရှည်မှတ်ဉာဏ်များမှာကား ထိုလျှပ်စစ်လှိုင်းများ၏ အထပ်ထပ်လှုံ့ ဆော်မှုကြောင့် ဦးနှောက်ဆဲလ်များတွင် Synapse ခေါ် လမ်းကြောင်းသစ်များ ဖြစ်ပေါ်လာစေခြင်းနှင့် မှတ်သားခံရသည်။ RI စက်များဖြင့် အထက်ပါ Synapse များကို ရှာဖွေတွေ့ရှိခြင်းဖြင့် ကျွန်တော်တို့ သည် အတွေးများနှင့်မှတ်ဉာဏ်များ၏ တည်နေရာကို သိရှိနိုင်သည်။ ထို Synapse များ ပျောက်ကွယ် သွားစေရန်အတွက် Photofibre ခေါ် အလင်းကို ဝါယာကြိုးသဖွယ်အသုံးပြု၍ လျှပ်စစ်ဓာတ် ဖြင့် လှုံဆော်ပေးခြင်းကို ကျွန်တော်တို့ တီထွင်နိုင်ခဲ့ကြပြီးဖြစ်သည်။ ဤနည်းဖြင့် ကျွန်တော်တို့မှတ်ဉာဏ်များ ကို ဖယ်ထုတ်ပစ်နိုင်ခဲ့ကြသည်။
ထို RI စက်များသည် မူလက သုတေသနဓာတ်ခွဲခန်းများတွင်သာ အသုံးပြုခဲ့ရာမှ တဖြည်း ဖြည်း တွင်ကျယ်လာရာ ကျွန်တော့် လို သာမာန်ဆရာဝန်တစ်ယောက်၏ဆေးခန်း၌ပင် တပ်ဆင်နိုင် လာသည်။ တရားဝင်ဖောင်များဖြည့်၍လည်းကောင်း၊ ဖောင်များမဖြည့်ဘဲလည်းကောင်းမှတ်ဉာဏ်ပေါင်းများစွာကို ကျွန်တော်ဖျက်ပေးခဲ့ပြီးဖြစ်သည်။ လူတစ်ယောက်သည် (သူယူဆမိသည့်) သာမာန် မကောင်းမှုလေးတစ်ခုကြောင့် တစ်သက်လုံးစိတ်ဆင်းရဲနေရမည့်အစား ထိုမှတ်ဉာဏ်ကို ဖျက်ဆီးပစ် လိုက်ခြင်းက ပိုကောင်းသည်မဟုတ်လား။
‘လူတိုင်းလူတိုင်း၌ ကိုယ်မေ့ချင်တာတွေကို မေ့ပစ်ဖို့ အခွင့်အရေးရှိသည်။’
ထိုစာတန်းကို ကျွန်တော့်ဆေးခန်းရှေ့၌ကပ်ထားသည်မှာ လေးငါးနှစ်ခန့်ရှိပြီဖြစ်သည်။
(၃)
ကျွန်တော် အင်တာနက်မှဆွေးနွေးလက်စလူနာကို အစဖြတ်လိုက်ပြီးမှ ထိုသူကို လှမ်းမေး လိုက်သည်။
“အတွေးတွေ၊ ဘာအတွေးတွေမို့လို့လဲ”
သူ့မျက်လုံးတွေက ဝေသီသွားသလိုပင်။ “အတွေးတွေက ကျွန်တော့်အိပ်စက်ခြင်းကို ယူ ဆောင်နေခဲ့ တာကြာပြီ”
သူ့စကားလုံးများနှင့် သူ၏ပိန်ပိန်နွမ်းနွမ်းအသွင်အပြင်အရ စာရေးဆရာ ဒါမှမဟုတ် ကဗျာ ဆရာပင် ဖြစ်ရမည်ဟု ကျွန်တော်ခန့်မှန်းမိလိုက်သည်။ တစ်ဆက်တည်းလိုပင် သူဆက်ပြောလိုက်သော စကားတွေအရ သူ့အတွေးများက ဘာမျှမဟုတ်လောက်သော အမြင်ချင်းမတူသောခံစားမှုကလေးပင် ဖြစ်သည်။
“အတွေးတွေဆိုတာ ကိုယ်ဝန်ဆောင်ထားရသလိုပဲ တစ်ခုခုကိုမွေးဖွားစေနိုင်တယ်နော်။ ဖျက် ပစ်ချင်တာ သေချာရဲ့လား”
ကျွန်တော့်စိတ်ထဲမှာမပါသော်လည်း မေးနေကျမေးခွန်းကိုမေးလိုက်သည်။ စိတ်က အင်တာ နက်ပေါ်မှ လူနာဆီသို့ စိတ်ရောက်နေမိသည်။ ကျွန်တော်မျှော်လင့်ထားသည့်အတိုင်းပင် သူ့နှုတ်မှ
“အဲဒါကြောင့်မို့လို့လည်း ကိုယ်ဝန်ဖျက်ချသလို ဖျက်ချပစ်ချင်တာပေါ့”
တရားဝင်ဖျက်ဖို့အတွက်ဆိုလျှင် ထိုမှတ်ဉာဏ် ဖြစ်ပွားစေသောအချက်အလက်အတွက် တာ ဝန်ရှိသူ (သို့မဟုတ်) မျက်မြင်သက်သေ (သို့မဟုတ်) စိတ်ခွဲပညာရှင်များ၏သက်သေခံချက်တစ်ခု လို ပေလိမ့်ဦးမည်။ ကျွန်တော့်အတွက် အချိန်သိပ်မရ။ သူ့အတွက်လည်း ဘာမျှမဟုတ်တဲ့ မှတ်ဉာဏ်လေး ဖျက်ဖို့အတွက်နှင့် အလုပ်မရှုပ်စေချင်တော့။ ဆေးခန်းနက်ဝပ်ထဲမှ သူနာပြုဆရာမလေးထံလှမ်းပြော ပြီး စာရင်းသွင်းခိုင်းလိုက်သည်။ ထို့နောက် မှတ်ဉာဏ်ကို ဖျက်ပေးလိုက်သည်။
တစ်ခုတော့ရှိသည်။ ကျွန်တော်ဖျက်ပေးလိုက်သောအတွေးမှာ သူ၏အတွေးကိုဖျက်ပစ်ချင် သောအတွေးကိုပင် ဖြစ်သည်။ အမြင်ချင်းမတူသည့်ကိစ္စလေးအတွက်နှင့်တော့ ထိုအတွေးအသိကို စွန့်လွှတ်စရာမလိုဟုပဲ ကျွန်တော်ယူဆမိသည်။ ပန်းပေါင်းတစ်ရာ ပွင့်နိုင်ကြသည်မလား။ ကျွန်တော် ဆရာဝန်တစ်ယောက်နှင့် လူသားတစ်ယောက်ပီသစွာ တစ်နည်း တာဝန်နှစ်ခုလုံး ကျေပွန်စွာပင် ဆောင်ရွက်ခဲ့သည်။
(၄)
နောက်တစ်နေ့မနက်တွင် ကျွန်တော့်ကွန်ပျူတာ၌ Email တစ်ခုရောက်လာသည်။ ကျွန်တော့် သူနာပြုဆရာမက ပေးပို့လိုက်ခြင်းဖြစ်သည်။ ကိုဇော်ထက် သူ့ကိုယ်သူသတ်သေသွားသည်တဲ့။ မနေ့ ကလာသောလူ၏အမည်မှာ ကိုဇော်ထက်ဟု ကျွန်တော်မသိ။ ဓာတ်ပုံကိုမြင်လိုက်မှပင် ကျွန်တော်သိ လိုက်ရသည်။ သည်ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုသည် လွန်စွာမှပင်ရှားပါးလှသောအရာ ဖြစ်သည်။ သတ်သေစေနိုင်သော လိပ်ပြာမလုံစိတ်များကို ကျွန်တော်တို့၏ RI စက်ကြီးက ဖြေရှင်းပေး နိုင်သည် မဟုတ်လား။
စာရေးဆရာဇော်ထက်၏သေဆုံးမှုသည် ကမ္ဘာကျော်အမှုကြီးဖြစ်သွားတော့သည်။ သူ့စာများ နှင့် ကဗျာများကို ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝယ်ယူရန်ကမ်းလှမ်းလာကြသည်။ သူသေဆုံးရခြင်း ကို မည်သူမျှ ရေရေရာရာ မပြောနိုင်။ တချို့က Chatting ထဲ၌ သူဘာကြောင့်သတ်သေရသည်ကို သူ့ ကိုမသေခင်ပြောသွားသည်ဟု ဘလော့များ ရေး၍တင်ကြသည်။ သို့သော်လည်း ကိုဇော်ထက်သည် အင်တာနက် Chatting တို့ကို အယုံအကြည်မရှိ သူတစ်ယောက်ပင်ဖြစ်သည်။ သူက လူလူချင်းတွေ့ ဆုံဆက်ဆံမှုကို အလေးထားသော်လည်း တစ်သက်လုံး၌ သူကြုံတွေ့ခဲ့ရသူမှာ လက်ချိုးရေတွက်၍ရ သည်။ သူငယ်စဉ်က Chatting ဝင်ခဲ့စဉ်က သိကျွမ်းမှုများ၊ ပြောဆိုခဲ့မှုများသာမရှိပါက သူ့အတွက် ကမ္ဘာကြီးသည် ခြောက်သွေ့တိတ်ဆိတ်လွန်းလှသည်။
သူ ကျွန်တော့်ဆီရောက်လာခဲ့သည်မှာလည်း သူ၏အင်တာနက်နင့် Chatting မကြိုက်မှုကို ဖျက်ပစ်ရန်ဖြစ်သည်။ ထိုကိစ္စသည် ဖျက်ပစ်စရာကိစ္စမဟုတ်ပေ။ ကျွန်တော့်ဆရာဦးမာဒင်သည်လည်း ထိုသို့သောသူ တစ်ယောက်ပင် မဟုတ်လား။ ထိုကိစ္စလေးလောက်နှင့်တော့ သူ့ကိုယ်သူ သတ်မသေ တန်ရာ။ အခြားအကြောင်းများလည်း ရှာမရ။ အင်တာနက်ပေါ်၌လည်း ကျန်းမာရေးဝဘ်ဆိုက်များက တိကျသောအကြောင်း မပေးနိုင်ကြ။ အွန်လိုင်းစာကြည့်တိုက်များ၌ ဝင်ရှာကြည့်သလောက်လည်း ဆက်စပ်ကြည့်၍မရ။ ကျွန်တော့်ခေါင်းတွေ ရှုပ်ထွေးလာသည်။
နောက်ဆုံးတော့ ကျွန်တော့်အားကိုးရာ ဆရာဦးမာဒင်ဆီပင် သွားရတော့သည်။
(၅)
ဆရာဦးမာဒင်သည် သူ့ဘဝတလျှောက်လုံး၌ အသက်ရှည်စေရေးအတွက်သု တေသနများ ပြု လုပ်ခဲ့သူဖြစ်သည်။ ထို့နောက်လျှို့ဝှက်ချက်ကိုတွေ့ရှိပြီး ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ယနေ့ အသက် (၁၂၀) ကျော်ခဲ့ပြီ ဖြစ်သည်။ အခြားသောသူများက အသက် (၆၀) ကျော်၊ (၇၀)ခန့်သာ အများဆုံးနေရပြီး အများစုမှာ အသက် (၅၀)ဝန်းကျင်သာ နေနေရသည်။ သို့သော်လည်း ဆရာသည် သူ့သုတေသနလျှို့ဝှက်ချက်ကိုမဖော်ပြဘဲ ကျန်းမာရေးဆောင်းပါးများအဖြစ် စက်အားမကိုးဘဲ ကိုယ် တိုင်လုပ်ဆောင်နိုင်သမျှလုပ်ဆောင်ကြရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်နှင့် လူလူချင်းမေတ္တာဖြင့် ထိတွေ့ဆက်ဆံမှုပြုရန်သာ အကြိမ်ကြိမ်ရေးသားနေခဲ့သည်။ ‘ကိုယ့်အား ကိုယ်ကိုး၍ မေတ္တာဖြင့်နွေး ထွေးခြင်း’ ဟူသောအမည်ဖြင့် အဖွဲ့အစည်းဖွဲ့ခဲ့သော်လည်း မည်သူမျှစိတ်ဝင်စားခြင်းမရှိကြဘဲ သူ့ အိမ်၌ အသက်ရှည်စေနိုင်သော စက်တစ်ခုခုရှိရမည်ဟုသာ လူအများက တွေးနေကြသည်။ ထိုစက်ကို ကျွန်တော်တို့တပည့်ရင်းများပင် မြင်ခွင့်မရ။
ကျွန်တော့်ဆရာအိမ်ရောက်သွားတော့ ဆရာနှင့်ဆရာ့မိသားစုသည် ပန်းဥယျာဉ်လေးတစ်ခု၌ အတူတူပေါင်းသင်နေကြသည်။ မြို့ထဲမှအဝေးကြီးလာရောက်ရ၍ ခရီးပန်းနေသည့်အချိန်တွင် ကလေးများနှင့် ရှုပ်ယှတ်ခတ်နေသည်ကိုမြင်တွေ့လိုက်ရတော့ ကျွန်တော်စိတ်ပျက်သွားသည်။ ကလေး တွေက ကျွန်တော့်ဆီ တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြရာ ကျွန်တော့်နားတွေပေါက်ကွဲတော့မ တတ် ခံစားနေရပါသည်။ ဆရာ့သားလား၊ မြေးလား မသိ၊ တစ်ယောက်က သူတို့ကိုလာခေါ်သွားမှပင် သူတို့ ထွက်ခွာသွားကြတော့သည်။
“အောင်မင်းမဟုတ်လား။ ဘာဖြစ်လာလို့လဲ”
ကြည်အေးသောအပြုံးဖြင့် ဆရာကမေးသည်။ ကျွန်တော့်ကိုမှတ်မိနေသေးသောဆရာ့ကို အံ့ ဩသွားမိသည်။ လာရင်းကိစ္စပြောပြလိုက်တော့ ဆရာ့မျက်နှာပေါ်၌ ဝမ်းနည်းမှုတစ်ခုဖြတ်ပြေးသွား သည်။
“အင်း မသေသင့်တဲ့သူတစ်ယောက် သေရတာပေါ့ကွယ်”
ဆရာ့စကားကို ကျွန်တော်ထောက်ခံလိုက်မိတော့ ဆရာက ကျွန်တော့်ကိုပြုံးရင်းနှင့် ကြည့်သည်။
“အေး ခဏနေ အဲဒီလို ထောက်ခံနိုင်ပါစေဦးကွာ”
ဆရာကကျွန်တော့်ကို အိမ်ထဲသို့ခေါ်သွားသည်။
“သား သူ့ကိုသေသေချာချာကြည့်လိုက် မေးလိုက်ရဲ့လား”
“မေးပါတယ် ဆရာ”
“သား Depression (စိတ်ကျရောဂါ) ရဲ့ signs and symptoms (လက္ခဏာ) တွေကိုရော သတိထားလိုက်မိရဲ့လား”
ကျွန်တော်မူးမေ့လဲမတတ်ဖြစ်သွားသည်။ သူဖျက်ချင်သည်ကိုပဲ ဂရုစိုက်မိပြီး ဘာကြောင့် ဖျက်ချင်ရသလဲ ကျွန်တော် မစစ်ဆေးမိလိုက်။ ကျွန်တော့်စက်ကြီးက ဘာမှမပြ။ ကျွန်တော် ချွေးသီး ချွေးပေါက်တွေကျလာသည်။
“သား မသေသင့်ဘဲသေရတယ်ဆိုတာကို လက်ခံရဲ့လား”
ကျွန်တော်ဘာမျှပြန်မပြောနိုင်တော့။ ဆရာ့စကားသံတွေကသာအဆက်မပြတ်စီးမျောလာ သည်။
“သား လူတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ခြင်းကို ဘယ်စက်ကမှ အစားမထိုးနိုင်ဘူးကွယ့်။ လူလူချင်း မျက်နှာချင်းဆိုင်စကားပြောရတာမျိုးထက် ဘယ်စက်ကမှ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချဖို့ အတွက် အချက်တွေ မပေးနိုင်ဘူး။ သားတို့ရဲ့စက်တွေအပေါ်မှီခိုအားထားမှုလွန်ကဲလာခြင်းဟာ မသေသင့်တဲ့လူတစ်ယောက်ကို သေစေခဲ့ပြီဆိုတာကို သားလက်ခံရဲ့လား”
ဆရာ့စကားသံတွေမဆုံးခင်မှာဘဲ ကျွန်တော်ထွက်ပြေးလာခဲ့သည်။ ကျွန်တော့်ပေါ့လျော့မှုက လူသတ်ပစ်လိုက်ပြီ။ ဆရာဝန်တစ်ယောက်အဖြစ်သာမဟုတ် သာမန်လူသားတစ်ယောက်အဖြစ်တောင် မှ ကျွန်တော် တာဝန်မကျေပွန်နိုင်ခဲ့။ ကျွန်တော့်အတွက် သိပ်ကိုချောက်ချားဖွယ်ရာကောင်းသည့် အတွေ့အကြုံပင်ဖြစ်သည်။
(၆)
ဆေးခန်းကိုရောက်တော့ ကျွန်တော့်ရဲ့ မှတ်ဉာဏ် ဖျက်စက်ကြီးဆီသို့ လျှောက်သွားရင်း ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်သည်။
“ဖျက်ဆီးပစ်လိုက်တော့မယ်”
ကျွန်တော် ကျွမ်းကျင်စွာပဲ ဖျက်ဆီးပစ်လိုက်သည်။ ကျွန်တော့်ဆီ ကိုဇော်ထက်လာပြသည့်အကြောင်း၊ ကိုဇော်ထက်အကြောင်းများနှင့် ဆရာဦးမာဒင်နှင့်တွေ့ဆုံပြောကြားခဲ့မှုများ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
‘လူတိုင်းလူတိုင်း၌ ကိုယ်မေ့ချင်တာတွေကို မေ့ပစ်ဖို့ အခွင့်အရေးရှိသည်။’
(၇)
ဆေးခန်းထဲသို့ လူတစ်ယောက်ဝင်လာသည်။
“အတွေးတွေကို ဖယ်ထုတ်ပစ်ချင်လို့ပါဆရာ..”
ခရမ်းသစ်အိမ်
စရဏမဂ္ဂဇင်း ဧပြီ ၂၀ဝ၉
Comments
Post a Comment