မိုးတွေရွာသောတစ်နေ့တွင် နာရီဝယ်ဖို့ကျွန်တော်အိမ်ကထွက်လာသည်။ မိုးတွေရွာနေတုန်းမှာပင် မအောင့်အီးနိုင်အောင်ဘာကတွန်းအားပေးနေသည်လဲတော့ ကျွန်တော်မမှတ်မိတော့။ ကျွန်တော်မှတ်မိနေသည် က မိုးရေတွေကြားမှာပင် နာရီကလေးကိုပတ်ထားခဲ့ရခြင်းဖြစ်သည်။ နာရီဝယ်ချင်စိတ်ကလည်း ထူးဆန်းသည် ဟုတော့ဆိုနိုင်သည်။ ဘယ်လိုနာရီမျိုးဆိုသည်ကို ထူးထူးခြားခြားမတောင့်တမိ။ အဝိုင်း လေးထောင့် စသဖြင့် ကြိုတင်စဉ်းစားထားခြင်းမရှိ။ နာရီတစ်လုံးလောက်ကို လက်တွင်ပတ်ချင်နေခြင်းသက်သက်ပင်ဖြစ်သည်။
ဆွစ်ဇာလန်ထုတ်နာရီကိုမှ လိုချင်ရလောက်အောင် ကျွန်တော်မချမ်းသာခဲ့၊ မရူးသွပ်ခဲ့ပါ။ ဒစ်ဂျစ်တယ် ဂဏန်းပြနာရီ ဂျပန်ဖြစ်မှဟူ၍လည်း စိတ်တွင်မရှိခဲ့။ လက်တံနှင့်နာရီကိုပင်ဝယ်ရမည်လား လမ်းလျှောက်ရင်း နှင့်မှ စဉ်းစားမိသည်။ ဂဏန်းပြသောနာရီသည် ကလေးကလားနိုင်လှသည်ဟု တွေးမိသော်လည်း အဲဒီအချိန် တုန်းက ကျွန်တော့်အသက်က ၁၇ နှစ်လောက်ပဲရှိပေလိမ့်မည်။ ယခုပြန်တွေးကြည့်လျှင် အရှည်တွေးမိသည် ဟုဆိုရမည်လား၊ ကြောင်တောင်တောင်နိုင်သည်ဟု ဆိုရမည်လား တစ်လှည့်စီလိုလိုပင်ဖြစ်နေသည်။ ဖြစ်ပြီး သွားသောအရာများကို ပြန်သုံးသပ်၍နေချိန်တွင် လက်ရှိအချိန်၏ စိတ်နေသဘောထားကလည်း အရေးကြီး သည်။ ဘာပဲဖြစ်ဖြစ် လုပ်ခဲ့စဉ်တုန်းကတော့ ရည်ရွယ်ချက်တစ်ခုရှိခဲ့ပြီး ထိုရည်ရွယ်ချက်သည် အလွန်ပင် ကျိုး ကြောင်းဆီလျော်ခဲ့သည်ဟု ဆိုနိုင်သည်။ ဦးနှောက်နှင့်တန်သလောက်ပဲ ရလိမ့်မည်ဟုတော့ လက်ခံထားရပေ လိမ့်မည်။
နာရီအရောင်းဆိုင်လေးထဲသို့ မိုးခိုသူတစ်ယောက်ပြေးဝင်သွားသလိုပင် ကျွန်တော်ပြေးဝင်သွားလိုက် သည်။ အများအပြောအရသော် ြွကက်စုတ်ပုံစံပေါက်နေမည်ဖြစ်သော်လည်း ကျွန်တော်စိတ်ထဲတွင်တော့ အိမ် ဘေးနားကခွေးလေး ဂျော်နီရေစိုနေသည်ကို သတိရလိုက်သည်။ သူတို့လို တစ်ကိုယ်လုံးခါချပစ်လို့ရလျှင် ကောင်းမည်ဟု တွေးမိသော်လည်း တကယ်မလုပ်ဖြစ်ပါ။ ခေါင်းပေါ်ကဆံပင်ကိုပဲသပ်မိလိုက်သည်။ ခြေ ထောက်တွေကိုငုံ့ကြည့်လိုက်မိတော့ ရေတွေရွှဲနေသည့်ကြမ်းပြင်ကို မြင်လိုက်ရသည်။ ကျွန်တော့်စိတ်ထဲတွင် အတော်ကလေး အားတောင့်အားနာဖြစ်သွားသည်။ နာရီတစ်လုံးကိုတော့ ဝယ်ဖြစ်အောင်ဝယ်မည်ဆိုပြီး ခိုင်မာစွာဆုံးဖြတ်လိုက်သည်။
“နာရီကြည့်ချင်လို့ခင်ဗျ”
အားနာနာအပြုံးနှင့်ပြောမိပြီးမှ နည်းနည်းတော့လွဲသွားပြီဖြစ်ကြောင်းတွေးမိလိုက်သည်။ ကြည့်ချင်တာ ကို ခွင့်တောင်းစရာလိုသည်ဟုပင် ကျွန်တော်တွေးခဲ့သည်လား စကားကပ်၍ပြောနိုင်သည်။ သို့သော်လည်း ကြည့်ချင်လို့ဆိုသော ခွင့်တောင်းခြင်းသည် ဝယ်ယူချင်သောကြောင့်ဆိုသည်ကို အဲဒီအချိန်တုန်းက ကျွန်တော် ရောသူပါ နားလည်ခဲ့သည်ဟုထင်သည်။ ကျွန်တော့်ယူဆမှုမှားယွင်းကြောင်းကို သူ့မျက်နှာအပြောင်းအလဲတွင် ရိပ်မိလိုက်သည်။ သူဆိုသည်က ကျွန်တော်တို့အိမ်နှင့် သိပ်မဝေးလှသော လမ်းထောင့်အိမ်မှကောင်မလေးဖြစ် သည်။ သူ ဒီဆိုင်တွင်အလုပ်လုပ်မှန်း ကျွန်တော်သိပြီးဖြစ်သော်လည်း ထိုအချိန်ပိုင်းမတိုင်ခင်ထိတော့ ကျွန်တော့်စိတ်ထဲတွင် နာရီတစ်လုံးမှအပ တခြားမရှိ။ သူက စကားကိုနားလည်မည်မှာ သေချာသော်လည်း အခြေအနေကိုတော့ အထင်လွဲသွားပုံရသည်။
ကျွန်တော်သည် မိုးခိုဖို့သက်သက်ရောက်လာသူတစ်ယောက်ဖြစ်ပြီး အလုပ်ရှုပ်အောင်လာလုပ်နေသည် ဟု သူယူဆနေမည်လားမပြောတတ်။ သူ့ကိုလာကြောင်နေသည်ဟုထင်သွားခြင်းလည်းဖြစ်နိုင်သည်။ ကျွန်တော့် ဟိုမရောက်ဒီမရောက်အပြုံးက အဲဒီအတွေးလမ်းချော်မှုကို ဆီဆွတ်ပေးလိုက်ပုံရသည်။ စိတ်မပါသလိုမျက်ဝန်း၊ မသိမသာမဲ့နေသောပါးစပ် အိပ်မက်ယောင်၍ပြောသောအသံများဖြင့် တုံ့ပြန်သည်။ သာမာန်အခြေအနေမျိုး တွင်သာဆိုပါက စိတ်တိုပြီးလှည့်ထွက်သွားသည်မျိုးမဟုတ်တောင်မှ နာရီကိုမဝယ်ဖြစ်ဖို့ လုံးဝသေချာသည်။ အဲဒီတုန်းကတော့ ပြင်းပြင်းပြပြနာရီဝယ်ချင်နေသည့်စိတ်က ကြီးစိုးနေသည့်အပြင် အမှားဟုဆိုချင်ဆိုနိုင်သည့် ချို့ယွင်းချက်ကလေးများ၊ အခြေအနေနှင့်မကိုက်ညီမှုလေးများကို ကျွန်တော်လုပ်ထားမိသည်ဆိုသည့် စိတ် ကြောင့်လည်း ဘာမှထူးထူးခြားခြားမခံစားမိလိုက်။
“ဘယ်လိုမျိုး လိုချင်တာလဲ
သူ့အမေးကြောင့်ပင် ကျွန်တော် ဇဝေဇဝါဖြစ်သွားသည်။ ကျွန်တော်ဘာလိုချင်မှန်းမသိသေးမှန်း သိ ရက်နှင့်ပင် မသိရကောင်းလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်ချင်နေခဲ့သည်။ စိတ်ထဲတွင် မြင်ဖူးသမျှနာရီတွေ ကို မြင်ကြည့်လိုက်သည်။ ဘာကိုရွေးချယ်ရမှန်းမသိသေး။
“ကြည့်လိုက်ဦးမယ်ဗျာ”
ကျွန်တော်ရိုးသားစွာပြောလိုက်မိသော်လည်း ထိုသို့ပြောမိလိုက်ခြင်းကပင် မှားယွင်းသွားခဲ့ရသည်။ သူ့ စိတ်ထဲမှ သည်းခံထားရမှုများ ကုန်သွားပုံရသည်။ ဘောပင်ကိုပစ်ချလိုက်သံက ကျယ်လွန်းသည်။ မိုးပေါက်ကျ သံ ဆူညံနေသည့်ကြားမှ မိုးခြိမ်းသံကိုကြားလိုက်ရသလိုပင် ဖြစ်သည်။ သူ့ပါးစပ်ကရွတ်နေသော ကျွန်တော် ကောင်းကောင်းမကြားရသည့် နားမလည်နိုင်သောစကားများသည်လည်း မိုးပေါက်တွေလိုပင် ခံစားနေရသည်။ အမိုးအကာလုံခြုံသော အဆောက်အဦးတစ်ခုအတွင်း၌မိုးမိနေသလိုပင်ဖြစ်သည်။
နာရီတွေကိုလိုက်ကြည့်မိတော့ Casio, Sicko, DM ဈေးမျိုးစုံနှင့် တံဆိပ်ပေါင်းစုံရှိနေခြင်းကို အံ့အံ့ ဩ ဩ အသိအမှတ်ပြုလိုက်ရသည်။ ဒိုင်ခွက်တွေကလည်း အဝိုင်း ဘဲဥ လေးထောင့် တြိဂံ တြာပီဇီယံစသဖြင့် တွေ့ရသည်။ ငယ်ငယ်တုန်းက Geometry သင်ခန်းစာများကိုပင် သွားသတိရလိုက်မိသည်။ နာရီလက်တံ တွေကို ၁၀နာရီ ၁၀မိနစ်လောက်မှာထားရသော အကြောင်းပြချက်သည် ပြုံးနေသည့်သဘောမျိုးကိုအသုံးချ ထားခြင်းဖြစ်ကြောင်း ကျွန်တော်ဖတ်ဖူးထားသည်။ ခု ကျွန်တော့်ကို အပြုံးအမျိုးမျိုးဖြင့် ကြိုဆိုကြသည်။ တချို့ က ထီမထင်အပြုံးမျိုး။ မဲ့ပြုံး၊ ဝမ်းသာပြုံး၊ အားငယ်ပြုံး အများကြီးပင်ဖြစ်သည်။ ဆိုင်ထိုင်သူကလေးထက် တော့သာကြောင်း ကျွန်တော်တွေးဖြစ်အောင်တွေးမိသည်။
တချို့သောနာရီတွေတော့ သွားနေသည်။ စက္ကန့်တံလေးများလှုပ်စိလှုပ်စိနှင့်သွားနေသည်။ အများစုက ၃း၄၀ ဝန်းကျင်တွင်ပြနေသော်လည်း တချို့က ကိုယ့်အချိန်နှင့်ကိုယ်ပင်။ ၃း၄၀ဆိုတော့ မဲ့နေသည်ပေါ့ဟု လည်း ကျွန်တော်သတ်မှတ်လိုက်သည်။ အချိန်တစ်မျိုးစီဖြင့်လည်ပတ်နေသော နာရီများကိုလည်း မှားသည်ဟု ကျွန်တော် အပြစ်မတင်ရက်။ သူ့ဟာသူတော့ မှန်မှန်လေးသွားနေပြီး ကမ္ဘာ့တစ်နေရာရာက အချိန်နှင့် တူနေ လိမ့်မည်ဟု တွေးမိလိုက်သည်။
နာရီတွေကိုလိုက်ကြည့်နေရင်းနှင့်မိုးတိတ်သွားသည်ကို အမှတ်မထင်သတိပြုလိုက်မိသည်။ တဝုန်းဝုန်း မိုးသံအစား တချပ်ချပ်နာရီသံတွေက နားထဲကိုရောက်လာသောကြောင့်ပင်ဖြစ်သည်။ ကျွန်တော့်ကိုတော်တော် ပင် ခြောက်ခြောက်ခြားခြား ဖြစ်သွားစေသည်။ နာရီတစ်ခုကိုအမြန်ဆုံးရွေးဖို့ ကြိုးစားရတော့သည်။ တစ်ကိုယ် လုံး ရေတွေစိုရွှဲပြီး အေးစက်နေသည့်ကြားမှပင် အာခေါင်တွေခြောက်ပြီး ရေတွေငတ်လာသည်။ နာရီတွေကို ကြည့်ရင်းနှင့် မျက်စိညောင်းသွား၍ ဖြန်းခနဲပဲဝှေ့ကြည့်လိုက်သည်။ ဒီတော့မှပင်နာရီလေးတစ်လုံးကို ထင်ထင် ရှားရှား မြင်လိုက်ရသလို သတိထားမိသွားသည်။
နာရီလေးကိုကြည့်လိုက်တော့ သူရပ်နေသည်လား၊ သွားနေသည်လားကို ခန့်မှန်း၍မရ။ သူ့တွင် အလုပ်များတတ်သော စက္ကန့်တံတစ်ချောင်း မပါဝင်သောကြောင့်ဖြစ်သည်။ စိတ်ထဲတွင်မနှစ်ကကားအက်စီးဒင့် ဖြစ်ပြီး ညာလက်ကောက်ဝတ်မှ ဖြတ်လိုက်ရသော သူငယ်ချင်းတစ်ယောက်ကို သတိရမိလိုက်သည်။ နာရီ ကလေးသည် ရှင်းရှင်းလေးနှင့် လှသည်ဟုလည်း ခံစားမိလိုက်သည်။ ဈေးနှုန်းကိုဖတ်ကြည့်မိသည်။ ကျွန်တော့် တွင်ပါလာသောငွေနှင့်ကိုက်သည်မို့ ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီအချိန်တွင် ဈေးတအားကြီးသောနာရီတွေ ဝယ်ယူဖို့ ကျွန်တော့်မှာ ငွေနှင့်စိတ်ကူးမရှိပေ။ ဈေးနည်းသောနာရီ မဝယ်မိဖို့ကလည်း ဂုဏ်သိက္ခာကို ထိန်းဖို့ဖြစ်သည်။ အပေါစားတွေ ဝတ်တယ်ဆိုသော သူ၏အမြင်ကို ကျွန်တော်ကြောက်၍မဟုတ်။ သူ့ကိုလာ ကြောင်ရင်းဝယ်သွားသည် သို့မဟုတ် မိုးခိုရင်းအားနာ၍ သဘောလောက်ဝယ်သွား သည်ဟု ထင်မှာကို ကြောက်၍ဖြစ်သည်။ ကျွန်တော် တကယ်ပင် နာရီဝယ်ဖို့လာခဲ့ကြောင်းကို သက်သေပြဖို့က ဒီနည်းလမ်းသာ ရှိတော့သည်။
“နာရီကသွားရောသွားရဲ့လားတော့ မသိဘူးနော်”
လွှတ်ခနဲဆိုသလို ပိုက်ဆံရှင်းရင်းနှင့် ပြောမိသွားတော့သူကမော့ကြည့်သည်။ သူ့အကြည့်ကမဝယ်ချင် ထားခဲ့၊ မရစ်နဲ့ပင် ဖြစ်မည်ဟု ကျွန်တော်ဘာသာပြန်လိုက်မိသည်။ ကျွန်တော်ရယ်မပြမိအောင်ထိန်းရင်း ခပ်တည်တည်မျက်နှာထားဖြင့် နာရီကိုယူပြီးအမြန်ပြန်ထွက်လာလိုက်သည်။ လမ်းရောက်မှနာရီကိုအိတ်ထဲမှ ထုတ်၍သေချာကြည့်မိသည်။ လက်တံ အနေအထားပြောင်းသွားသည်ဟု မသေမချာမှတ်မိလိုက်သော်လည်း နာရီသွားနေကြောင်းကို ကျွန်တော်လက်ခံလိုက်သည်။ နာရီကို နားနားကပ်နားထောင်ကြည့်တာတောင်မှ အ တွင်းက သွားနေသည့်အသံကို မကြားရ။ တိတ်ဆိတ်လွန်းသောနာရီကလေးပင်ဖြစ်သည်။ ရှက်တတ်သော၊ အားငယ်နေသောနာရီကလေးလည်း ဖြစ်နိုင်သည်။ သူ့ကိုအားပေးသည့်အနေဖြင့် ကျွန်တော်လက်တွင် ချက် ချင်းပတ်လိုက်သည်။ ကျွန်တော်နှင့်ကွက်တိပင်ဖြစ်ပြီး အလွန်လိုက်ဖက်သည်ဟု ကျွန်တော်ထင်မိလိုက်သည်။ ငါ့အတွက်ရည်ရွယ်ပြီးထုတ်ထားတာဟူ၍ပင် တွေးလိုက်မိသည်အထိ နာရီကလေးကိုကျွန်တော်ချစ်သွားသည်။
နာရီကလေးကို အဲဒီကတည်းကစ၍ကျွန်တော်မချွတ်ချင်တော့။ အိပ်လျှင်လည်းပတ်ထားသည်။ ရေချိုး သည့်အချိန်မှာပင်မချွတ်မိသည့်နေ့များရှိလာသည်။ နာရီကလေးကလည်း သူ့မျက်နှာရေခိုးရိုက်၍ ကျွန်တော် မမြင်ရသည်မျိုးအဖြစ်မခံ။ သို့နှင့်နာရီသည် ကျွန်တော့်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလိုပင် ဖြစ်လာသည်။ နာရီကလေးကိုချွတ်ထားမိသည့်ညများတွင် အိပ်မက်ဆိုးများမက်၍ နေ့ဘက်ဆိုပါက မပေါ်အပ်သောအသား များ ပေါ်နေ၍ရှက်သလိုမျိုးခံစားရသည်။ တစ်နှစ်လောက်အကြာတွင်တော့ နာရီကလေးကိုလုံးဝမချွ တ်တော့။ လက်၏အစိတ်အပိုင်းအဖြစ်ပဲသဘောထားတော့သည်။
“ဟေ့ကောင် မင်းဘယ်ပျောက်နေတာတုံး”
“မတွေ့တာကြာပြီကော”
“မင်းကိုတွေ့လိုက်ရင် အိပ်နေတာချည်းပဲ”
“-------”
စကားတိုင်းက ကျွန်တော့်ကိုစွပ်စွဲနေကြသည်။ ကျွန်တော်လုပ်သမျှအလုပ်တွေကို ဘယ်သူမှမမြင်ကြ။ ကျွန်တော်သည်ငပျင်းတစ်ယောက်သာဖြစ်ပြီး ဘာမှမလုပ်ဟုသာ သူတို့သဘောထားကြသည်။ ကျွန်တော့် အလုပ်များ၏ရလဒ်များကိုလည်း ကံကောင်းမှုသက်သက်အဖြစ်သာမြင်တော့သည်။ တဖြည်းဖြည်းနှင့် သူတို့ ကို ကျွန်တော်ရွံ့မုန်းလာသည်။ ကြောက်လည်းကြောက်လာသည်။ သူတို့နှင့်စကားသိပ်မပြောဖြစ်တော့။ လမ်း လျှောက်တိုင်းလည်း တစ်ခုခုကိုသာတွေးနေမိ၍ ဘယ်သူ့ကိုမှမော့မကြည့်ဖြစ်တော့။ ခေါင်းကိုငုံ့ပြီး သွက်သွက်ကလေးသာ လျှောက်နေတတ်သည်။
တစ်ရက်တွင်တော့ ကျွန်တော်လမ်းလျှောက်နေရင်းနှင့် ဆိုင်တွေသာရှိသော အခြမ်းဆီမှ မီးစူးစူးနှင့် ထိုးတာခံရ၍ကျွန်တော်မော့ကြည့်မိသည်။ ကျွန်တော်တော်တော်ကလေးပင် တုန်လှုပ်အံ့ဩသွားသည်။ ဒီနေ ရာတွင်ဘယ်အချိန်က မှန်တွေအပြည့်တပ်လိုက်မှန်း မသိ၍ဖြစ်သည်။ ထို့ထက်ပို၍အံ့ဩသွားစေသည်က မှန်ထဲကလူပင်ဖြစ်သည်။ မှန်ရှေ့မှာဘယ်သူမှမရှိ၍ ထိုလူသည်ကျွန်တော်ပင်ဖြစ်ရမည်ဟု သိလိုက်ရခြင်းက ကြေကွဲဖွယ်ရာကောင်းသည်။ မှတ်မိနိုင်စရာပင်မရှိ။ ကုပ်ခြောင်းခြောင်းနှင့်ဖြစ်နေပြီး မျက်နှာကလည်း အမွေး အမျှင်တွေကြားမှ မနည်းတိုးထွက်နေရသည်။ (သူကျဆုံးခဲ့ပုံရသည်) အံ့ဩစရာအကောင်းဆုံးကတော့ ကျွန်တော့်ဘယ်ဘက်လက်တွင် နာရီတစ်လုံးပတ်ထားမိခြင်းကို သတိထားမိလိုက်ခြင်းပင်ဖြစ်သည်။
ဆက်၍လျှောက်လာရင်း စဉ်းစားနေမိသည်။ အဖြေဟုယူဆဖွယ်ရာတစ်ခုကိုသိလိုက်သည်။ အဲဒီ နောက်ပိုင်းမှာပင် ပြောင်းလဲခဲ့ရသည်ကို ကျွန်တော်မှတ်မိနေသည်။
“အဲဒီမကောင်းဆိုးဝါးနာရီကွာ”
လွှတ်ခနဲပြောမိပြီးမှ နာရီလေးကြားသွားပြီလားစိုးရိမ်မိသွားသည်။ ဘာပဲဖြစ်ဖြစ်တော့ သူ့ကိုယ်သူပြန် ပြောင်းလဲရမည်ဟု တွေးမိသည်။ အရင်ဆုံးတော့ အသွင်အပြင်ပြောင်းရမည်။ ဆံပင်ညှပ်၊ မုတ်ဆိတ်မွေး၊ ပါး သိုင်းမွေး၊ ပါးမုန်းမွေး ၊ နှုတ်ခမ်းမွေး အားလုံးရိတ်၊ အဝတ်အစားအသစ်တွေဝယ်ဝတ်၊ ပြီးလျှင်တော့---------
ပြောင်းလဲမှုကြောင့် ရှက်စရာကောင်းနေမည်လားဟုလည်း အိပ်ခါနီးအထိစဉ်းစားနေမိသည်။ စဉ်းစား ရင်းစဉ်းစားရင်းဖြင့် ဘယ်နှစ်ရက်မှန်းမသိထပ်ကုန်သွားသည်။ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး ဆံပင်ညှပ်ဆိုင်သို့သွား ကာလုပ်ချင်တာအကုန်ပြော၍ မျက်စိမှိတ်လျက်ထိုင်နေလိုက်သည်။ အိမ်အပြန်တွင်ဈေးဆိုင်မှ အဝတ်အစား တချို့ဝယ်သည်။ အိမ်အရောက်တွင်တော့ မှန်ထဲမှရုပ်ကိုပြန်ကြည့်ပြီး မျက်နှာတွင်နေရခက်သလိုမျိုးကို ပြန် မြင်လိုက်ရသည်။
နာရီလေးကိုချွတ်ပစ်လိုက်ရမည်ကိုသိလျက်နှင့် တင်းခံနေမိသေးသည်။ ကလစ်လေးကိုဖြုတ်ဖို့လှမ်းနေသည်အထိ စိတ်ကတားနေသေးသည်။ ဖြုန်းခနဲဖြုတ်လိုက်သောအသံလေးထွက်လာမှပင် စိတ်ထဲတွင်ပြတ်သားသွားသည်။ မျက်စိထဲမှာတော့ကြည့်ရင်းဝါးလာသည်ကိုသိလိုက်သည်။ ခဏနေတော့ကျွန်တော့်ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်ကိုနောက်ကျမှ ကျွန်တော်သိလိုက်သည်။ ခေါင်းကိုမော့၊ မျက်လုံးကိုမှိတ်ကြိုးပတ် ထားသည်ကို ဖြေချလိုက်သည်။
ကြိုးကလေးသည် အလိုက်သင့်ပါမလာတော့။ လက်ကိုခါချတော့လည်း ကျမလာ။ ဆွဲခွါလိုက်ရတော့ သည်။
“အား”
နာရီလေး၏ကွာသွားသောကြိုးရာအောက်တွင်သွေးစို့နေသောအသားစိုင်တွေကိုတွေ့လိုက်ရသည်။
စဉ်းစားဉာဏ်ရှိသော လူတွေသည်ကိုယ့်ကိုယ်ကိုညှင်းဆဲခံပြီး အကျိုးမရှိသည့်အလုပ်ကို လုပ်လိမ့်မည် မဟုတ်ဟု ကျွန်တော်ခံယူထားသည့်အလျောက်ပင် ကျင့်သုံးဖို့ဆုံးဖြတ်လိုက်သည်။
ခရမ်းသစ်အိမ်
Teen Magazine December 2010
Comments
Post a Comment