“သားရေ၊ ယုန်လေးတွေ သွားကြည့်ရအောင်ဟေ့”
အဖေက ကျွန်တော့်ကို သဘာဝကိုချစ်တတ်လာအောင်သင်ပေးခဲ့သည်။ ယုန်လေးတွေက ချစ်ဖို့ကောင်းသည်။ အညိုရောင်တွေ၊ မီးခိုးရောင်တွေတော့ မကြိုက်။ အဖြူရောင်လေးတွေကိုပဲ ချစ် သည်။ သူ့အမွေးတွေက ဖြူပြီးနုပျော့နေသည်။ နားရွက်ကလေးများ ထောင်နေပုံ၊ ကုပ်နေပုံ အမျိုးမျိုး အဖေ့ကိုပြန်ပြောပြသောအခါ အဖေသဘောကျနေတတ်သည်။ ယုန်မွေးချင်တယ်ဟု အဖေ့ကို ပြောမိ တော့ ဘာကြောင့်လဲတဲ့ အဖေက မေးသည်။ ကျွန်တော်ကလည်း မဆိုင်းမတွဘဲ ချစ်လို့ပေါ့ အဖေရဲ့ ဆိုတော့ မင်းက ဒုက္ခခံနိုင်လို့လား။ သူတို့ချေးက သိပ်နံတာနှောတဲ့။ နှာခေါင်းကိုပါ ရှုံ့ပြသည်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ သိပ်ကိုမွေးချင်နေသည်။
“ယုန်မွေးတဲ့ဦးလေးကြီးဆီ သွားပြောပေါ့ကွာ”
အဖေက ကျွန်တော့်ကို ပြောရဲဆိုရဲရှိလာအောင် သင်ကြားပေးခဲ့သည်။ ကျွန်တော်ကတော့ ဘယ်ကြောက်မလဲ၊ အဖေ့သားပဲဟာ ဦးလေးကြီးကိုသွားပြောတော့ ဦးလေးကြီးက အဖေ့လိုပဲ သူတို့ ချေးက သိပ်နံတာကွတဲ့။ နှာခေါင်းရှုံ့ပြသည်။ ဦးတောင် မွေးနိုင်သေးတာ သားလည်း မွေးနိုင်ရမှာပေါ့ ဟုပြောတော့ အဖေကော ဦးလေးကြီးပါ သဘောကျသွားသည်။ ဘယ်အကောင်ယူမှာလဲဆိုတော့ ယုန်အဖြူလေးကိုပဲ ရွေးလိုက်သည်။ သူ့မျက်လုံးတွေက နီနေတာမှ အရုပ်ကလေးလား ထင်ရသည်။ ဒါပေမယ့် သူက ကြောက်တတ်သည်။ ကျွန်တော်ကိုင်လိုက်တဲ့အချိန်မှာ တစ်ကိုယ်လုံးတုန်နေသည်။ သူ့အဖေက အဖေ့လိုမကြောက်တတ်အောင် မသင်ပေးဘူးနဲ့တူတယ်ဆိုတော့ အဖေက ရယ်သည်။
“သူတို့က မျိုးနဲ့ ရိုးနဲ့ကြောက်တဲ့ကောင်တွေကွ။ သူတို့မိဘတွေကလည်း ကြောက်တတ်တော့ မကြောက်တတ်အောင် မသင်ပေးတတ်ဘူး။ သင်ပေးရကောင်းမှန်းလည်း မသိဘူး။ သူတို့တွေ သင် ပေးတတ်ကြတာက အစာရှာတတ်အောင် နေရာရရှာတတ်အောင်နဲ့ ထွက်ပြေးတတ်အောင်ပဲကွ”
အဖေ ပုံပြင်ထဲက ရွှေယုန်ဆိုတာ ဒီယုန်တွေကိုပဲ ပြောတာလားလို့ မေးမိတော့ အဖေက ခေါင်းညိတ်သည်။ ဦးလေးကြီးက ခင်ဗျားသားကတော့ မောင်လူမွှေးပဲတဲ့။ ကျွန်တော်က မောင်လူမွှေး မဟုတ်ဘူးဗျ။ ကျွန်တော့်နာမည် မောင်မျိုးချစ်ခင်ဗျ ဆိုတော့ အဖေတို့ နှစ်ယောက်လုံး ရယ်မောကြ သည်။ ဦးလေးကြီးက ကျွန်တော့်ခေါင်းကိုပုတ်ပြီး မင်းကတော့ အာဂပဲကွတဲ့။ ကျွန်တော်ကလည်း ယုန်လေးခေါင်းကို ပွတ်သပ်နေမိသည်။ မနက်ဖြန်မှ ယူရအောင်တဲ့ အဖေက ပြောသည်။ ဘာလို့လဲ ဆိုတော့ အိမ်ဆောက်ပေးရဦးမယ်ဆိုပြီး ယုန်အိမ်လေးကို လက်ညှိုးထိုးပြသည်။ ကျွန်တော် သိပ်ပျော် သွားသည်။ လှလှလေးဆောက်ပေးနော် ဆိုတော့ မင်းလည်းပါရမယ်လေကွာတဲ့။
သား ရွှေယုန်နဲ့ ရွှေကျား ပုံပြင်ရယ်၊ ဟိုဥသျှစ်သီးေြွကကျတဲ့ပုံပြင်ရယ် မှတ်မိလားတဲ့။ လမ်း ရောက်တော့ မေးသည်။ သိတာပေါ့၊ ဥသျှစ်သီးဆိုတာ သားတို့ အိမ်နောက်အပင်ကသီးတဲ့အသီးလေ ဆိုတော့ ပုံပြင်ကိုကောမှတ်မိရဲ့လားလို့ ထပ်မေးသည်။ ကျွန်တော်က အမေပုံပြောသလိုမျိုး အိပ်တော့ ကွယ်၊ လိမ္မာတယ်နော်တွေပါ ထည့်ပြီး ပုံပြောပြလိုက်တော့ အဖေ သဘောကျနေသည်။
“အဲဒီပုံပြင်တွေထဲမှာ ယုန်တစ်ကောင်က သိပ်ကြောက်တတ်တာ။ နောက်တစ်ကောင်က သိပ်ကိုလည်တဲ့ ငလိမ်လေ။ ဘယ်ဟာမှမကောင်းဘူး သားရဲ့။ ဒါပေမယ့် ယုန်ဆိုတာဘာမှသိတာ မဟုတ်ပါဘူး သားရယ်။ လူတွေကသာ သူတို့ကို တံဆိပ်အမျိုးမျိုးကပ်လိုက်ကြတယ် သူတို့ကတော့ စားဖို့အတွက် အသက်ရှင်နေရုံလေးပဲ။ လူတွေကသာ စဉ်းစားတတ်ကြလို့ သူတို့ကို အဲဒီလိုသတ်မှတ် နိုင်တာ။ တကယ်က လူတွေကမှ အမျိုးမျိုးဖြစ်နေတာ။ အဲ သား ဘယ်တော့မှ တစ်ခုခုကို တံဆိပ်အ ရင်ကပ်ပြီး မစဉ်းစားနဲ့။ သေချာပြီဆိုရင်လည်း တံဆိပ်ကပ်ဖို့ ဝန်မလေးနဲ့”
အဖေ ကျွန်တော့်ကို သင်ပေးနေမှန်းသိသည်။ ဒါပေမယ့် နားမလည်။ အဖေကလည်း သား သိပ်နားလည်မှာ မဟုတ်ဘူး။ အဖေလောကြီးသွားတယ်ဆိုတော့ ကျွန်တော် ဘာမှပြန်မမေးတော့။
အိမ်ပြန်ရောက်သည်နှင့် ကျွန်တော်တို့အိမ်ဆောက်ကြသည်။ ကျွန်တော် သယ်လာပေးသော ဝါးလုံးတွေကို အဖေကခွဲပြီး ကတ်ပြားလေးတွေရက်ကာ အိမ်လေးစဆောက်ကြသည်။ အဖေ ကျယ် ကျယ်လေးဆောက်ပေးနော်၊ သားလည်း ဝင်လို့ရအောင်ဆိုတော့ ကျယ်ကျယ်တော့ဆောက်ပေးမှာ၊ ဒါ ပေမယ့် ဝင်ပေါက်ကို သေးသေးလေးပဲ ထားမှာ၊ အဲဒါမှ သားဝင်လို့မရမှာလို့ အဖေကပြောသည်။ မှောက်ပြီးဝင်မှာပေါ့ဆိုပြီး မှောက်ပြလိုက်တော့ ကျွန်တော့် အင်္ကျီလေးတွေပေသွားသည်။ သားအင်္ကျီ တွေပေနေရင် ယုန်လေးတွေက အချီခံပါ့မလားဆိုတော့ အဖေလည်း မသိဘူးသားရယ်တဲ့။ သားကော သိလားဆိုတော့ သားတောင်ယုန်မည်းမည်းကြီးတွေမကြိုက်တာ။ သူတို့လည်း သားအင်္ကျီကြီး မည်းနေ ရင် ဘယ်ကြိုက်မှာလဲလို့ ကျွန်တော်ပြောလိုက်တော့ အဖေ ဝါးခုတ်နေတာ ရပ်သွားသည်။
“သားရဲ့ မည်းတာနဲ့ ညစ်ပတ်တာမတူဘူးကွ။ ပြီးတော့လည်း မသိတဲ့သူဆိုတော့ ဘာမှသိမှာ မဟုတ်ပါဘူးကွာ။ သားကသာ သိတဲ့သူမို့ တွေးမိတာ”
ကျွန်တော်တို့ရဲ့အိမ်လေးပြီးသွားသည်။ အမေပြန်လာရင်တော့သိပ်အံ့ဩနေမှာလို့ ကျွန်တော် တွေးမိသည်။ ညရောက်လို့ အမေက ပုံပြောမယ်၊ ဘာပုံပြောရမလဲဆိုတော့ ယုန်ကလေးက နားရွက် ထောင် ပညာရှိယောင်ဆောင်ဆိုပြီး အမူအရာတွေပါ လုပ်ပြလိုက်သည်။
နောက်နေ့ ကျောင်းရောက်တော့ သူငယ်ချင်းတွေအကုန်လုံးကို လိုက်ြွကားပစ်လိုက်သည်။ ငါ့ယုန်လေးက တအားလှတာကွလို့ပြောတော့ တစ်ယောက်က ယုန်နဲ့လိပ်၊ ယုန်နဲ့လိပ်လို့အော်သည်။ ကျွန်တော်စိတ်ဆိုးသွားပြီး မင်းကို ယုန်ပေးမကြည့်ဘူးကွဆိုတော့ မကြည့်ချင်ပါဘူးကွာ။ ငါ့လိပ်လေးပဲ ငါကြည့်မှာပေါ့လို့ ပြန်ပြောသည်။ မင်းယုန်က ငါ့လိပ်ကိုနိုင်တာမှမဟုတ်တာတဲ့။ ပုံပြင်ထဲမှာပဲ မနိုင် တာကွ။ အပြင်မှာတော့ နိုင်တယ်ဆိုပြီး ပြန်ပြောတော့ နောက်နေ့ကျရင်ပြိုင်မယ်ဆိုပြီး ချိန်းလိုက်ကြ သည်။ ငါ့ယုန်လေးနိုင်မှ မင်းတို့သိမယ်လို့ ကျွန်တော်တွေးလိုက်မိသည်။
ညနေရောက်တော့ ယုန်လေးကို ကျွန်တော်တို့သွားယူကြသည်။ ယုန်လေးကို သားပွေ့ခဲ့မယ် ဆိုတော့ ထွက်ပြေးသွားလိမ့်မယ်။ ခြေထောက်ကိုကြိုးချည်ရင်ချည်ထားလို့ ယုန်ပေးသည့်ဦးလေးကြီးက ပြောသည်။ သူ နာသွားမှာပေါ့ဆိုတော့ နာတာ၊မနာတာထက် သူထွက်ပြေးသွားမှာက ပိုဆိုးတယ်။ ဒါမှမဟုတ်ရင်လည်း မင်းအဖေကို ကိုင်ခိုင်းလိုက်လို့ပြောသည်။ အဖေ့ကိုမော့ကြည့်လိုက်တော့ အဖေ က မေးဆတ်ပြလိုက်သည်။ မင်းသဘောအတိုင်းပဲ ဆိုတော့ ကျွန်တော် ဒီအတိုင်းပဲပွေ့လိုက်သည်။
သူ ဘာလို့ထွက်ပြေးချင်ရမှာလဲ။ သူ့ကို အစာလည်းကျွေး၊ အိမ်လည်းဆောက်ပေးတဲ့ဟာ ဆို တော့ အဖေက ပြန်ပြောသည်။
“စားနေ၊သောက်နေရရုံနဲ့မပြီးတဲ့အာသီသတစ်ခုက လွတ်လပ်မှုပဲကွ။ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန် ပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်နေချင်ကြတာပဲ။ သားကိုကြိုးနဲ့ချည်ထားရင် သားမကြိုက်ဘူးမလား။ အဲ လိုပေါ့။ ဟိုပုံပြင်ထဲကကျားကြီးလို လှောင်အိမ်ထဲနေတတ်တော့တာက လွဲရင်ပေါ့လေ”
လမ်းမှာ ယုန်လေးကကြောက်ပြီး ကြောက်ချေးတွေပါချသည်။ မင်းက သိပ်မညှစ်နဲ့လေကွာ။ နည်းနည်းတော့ လျှော့ဦးမှပေါ့လို့ အဖေကပြောသည်။ သားက ထွက်ပြေးမှာစိုးလို့ပါဖေဖေရဲ့ဆိုတော့ ထွက်ပြေးတာ ထွက်မပြေးတာထက် သူသေသွားမှာက ပိုဆိုးတာပေါ့ကွာလို့ အဖေကပြောသည်။ ထွက် ပြေးရင်လည်း ကားနဲ့တိုက်ပြီး သေမှာပဲလို့ ယုန်လေးကိုပြောလိုက်သည်။ ကျွန်တော့်လက်ပေါ်ကို ချေး လုံးတစ်လုံးကျလာတော့ ကျွန်တော် ယုန်လေးကိုပါ လွှတ်ချမိမလိုဖြစ်သွားသည်။ အဖေက
“အဲဒါပဲ သားရဲ့။ ကိုယ့်ဘက်ကလိုချင်တာရှိရင် ကိုယ်ကလည်း ပြန်ပေးရာတာရှိမှာပဲ။ ကိုယ့် ဘက်က လက်ပေသွာရုံနဲ့ ယုန်လေးကိုလွှတ်ချလိုက်မယ်ဆိုရင် ယုန်လေးထွက်ပြေးသွားမှာပဲ။ ပေရတာ တန်ပါတယ်ကွာ”
ယုန်လေးအတွက် အစာကို ဘယ်နားသွားခူးရမလဲဆိုတော့ အဖေက ဟုတ်သားပဲ။ အဲဒါ ဖေဖေမေ့သွားတယ်။ ငါတို့ ကြိုပြီး ကန်စွန်းပင်လေးတွေစိုက်ထားရမှာကွလို့ ပြောသည်။ ဟိုဘက်အိမ်က သားသွားတောင်းပေးမယ် ဖေဖေဆိုပြီး ကန်စွန်းရွက်နည်းနည်းတောင်း၊ ယုန်လေးကိုကျွေးလိုက်သည်။ အဖေကလည်း ဘောင်တွေပေါက်နေသည်။ သားကိုယ်တိုင်စိုက်မှာနော်ဖေဖေဟု ကျွန်တော် အော် ပြောလိုက်သည်။
ခဏနေတော့ ကျွန်တော့်သူငယ်ချင်းတွေ ရောက်လာသည်။ ငါ့မှာလိပ်ပါလာပြီ ပြိုင်ရအောင် ဆိုတော့ မဖြစ်ဘူးကွ။ ယုန်လေးထွက်ပြေးသွားလိမ့်မယ်လို့ပြောလည်း သူတို့က မရဘူး။ ကတိမတည်တဲ့ကောင်ဟု ပြောနေကြသည်။ မင်းရှုံးမှာကြောက်လို့လား၊ ငကြောက်ကြီးဆိုတော့ ကျွန်တော် စိတ်ဆိုး သွားသည်။ အေး ယုန်လေးထွက်ပြေးရင်တော့ မင်းတို့ဝိုင်းဖမ်းပေးရမှာနော်ဆိုပြီး ယုန်လေးကို ထုတ် လိုက်သည်။
စည်းတစ်ကြောင်းတားပြီး ယုန်နှင့်လိပ်ကို တစ်ညီတည်းထားလိုက်ကြသည်။ ကျွန်တော် ယုန် လေးကို မလွှတ်ရဲသေး။ ဟိုဘက်ထိပ်က ဒညင်းပင်ကြီးအောက် အရင်ရောက်တဲ့သူအနိုင်နော်။ ဝမ်း တူး သရီးဆိုပြီး ယုန်လေးကို လွှတ်လိုက်သည်။ လိပ်ကလည်း တုပ်တုပ်မျှမလှုပ်။ ယုန်ကလည်း တုန် ပင်တုန်နေသည်။ ပုံပြင်ထဲကနဲ့မတူဘူးဆိုပေမယ့် မတူပုံမတူနည်း မတူသေးပါလားဟု ကျွန်တော်သိ လိုက်ရသည်။ ကျွန်တော်တို့တွေက ပြေးပြေးဆိုပြီး ညာသံပေးတော့မှ ယုန်လေးထပြေးသည်။ ကျွန် တော်ပျော်ပြီး ထခုန်လိုက်သည်။ သို့သော် ယုန်လေးက ဒညင်းပင်ကြီးတည့်တည့်မပြေး။ အဲဒီတော့မှ ကျွန်တော်တို့ လိုက်ဖမ်းကြသည်။ သို့သော် မမီ။ ယုန်လေးကလည်း ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေး လိုက် ပြေးသည်။ အဖေ့ကိုပါ ကူဖမ်းပေးဖို့ပြောရသည်။ သို့သော် ယုန်ကလေးက ထွက်ပေါက်ကို ရှာ ဖွေတွေ့ရှိသွားခဲ့သည်။ ပိတ်မထားသော ခြံဝန်းအပြင်တံခါးမှ အပြင်ကို ပြေးထွက်သွားသည်။ ကျွန် တော်တို့ အပြင်ကို လိုက်ထွက်ကြည့်တော့ ကားကြိတ်မိ၍ပြားနေသော ယုန်လေးကိုပဲ တွေ့လိုက်ရ တော့သည်။
ပေါ့ဆမှုတစ်ခုက အသက်ကို ဆုံးရှုံးစေခဲ့သည်။
ကျွန်တော်ဝမ်းနည်းနေသည်။ နောက်တစ်ကောင်ယူပေးမယ်ဆိုလည်း ထိုအကောင်ကိုပဲ လို ချင်ပြီး ငိုနေမိသည်။ အိမ်လေးကိုကြည့်လိုက် မစိုက်ရသေးသော ဘောင်တွေကိုကြည့်လိုက် ယုန်လေး ကိုပဲလွမ်းနေသည် ။ အဖေက ယုန်ကလေးကိုတွင်းတူးပြီး မြှုပ်လိုက်သည်။ အဲဒီမြေပုံပေါ်မှာ ကျောက် တုံးလေးတွေ စီထားလိုက်သည်။
နောက်နေ့မနက် သူငယ်ချင်းတွေ ဆော့ဖို့ခေါ်ပေမယ့်လည်း ကျွန်တော် လိုက်မသွားတော့။ အဖေက လာကွာ၊ ငါတို့နောက်တစ်မျိုးလုပ်ကြည့်ရအောင်တဲ့။ အိမ်လေးကိုဖျက်လိုက်သည်။ မဖျက်ပါ နဲ့ဖေဖေရယ်ဆိုတော့
“သေသွားပြီပဲကွာ။ သူလည်း ဘာမှလုပ်မရတော့ဘူး။ တို့ ရှင်နေတဲ့သူတွေကသာ ကောင်း ရာမွန်ရာ လုပ်နိုင်ကြတော့တာ။ အဲဒါမှ ယုန်လေးအတွက်ကောင်းမှာ”
အဲဒီကတ်ပြားလေးတွေနဲ့ ငါတို့ ပဲပန်းစိုက်ကြမယ်လေကွာတဲ့။ အဖေကပြောသည်။ ပဲပန်း တွေကို ကျွန်တော်သိပ်ချစ်တာ အဖေသိတာပဲဟု တွေးမိသည်။ တချို့ နီပြာပြာ၊ တချို့ကအဖြူရောင် ရောင်စုံပန်းခင်းကြီးတစ်ခု စိုက်ကြဦးမည်။ သားတစ်ယောက်ထဲစိုက်မှာနော်ဖေဖေ၊ ပြီးရင် ယုန်ကလေး ပန်းခင်းလို့ နာမည်ပေးမှာလို့ ပြောလိုက်သည်။
မျိုးစေ့လေးတွေကိုအဖေက ယူလာသည်။ အဲဒီမျိုးစေ့လေးတွေယူတုန်းက ကျွန်တော်မှတ်မိ နေသေးသည်။ ပန်းပွင့်လှလှတွေဆိုတော့ ကျွန်တော်က မခူးဘူးလားလို့ မေးလိုက်မိသည်။ ဒီအတိုင်း ပိုလှတယ်သားရဲ့။ ပြီးတော့ မျိုးလည်းယူရတာပေါ့လို့ အမေကပြောသည်။ အဲဒီပန်းပွင့်က မျိုးရတာဆို တော့ ကျွန်တော်အံ့ဩသွားသည်။ အဲဒီပန်းပွင့်လေးတွေကို မခူးဘဲထားမှာ။ အသီးလေးတွေဖြစ်၊ အဲဒီ အသီးတွေကမှ မျိုးစေ့ရတာ။ အဲဒီမျိုးစေ့တွေနဲ့ပြန်စိုက်ရင် မေမေတို့တစ်ခြံလုံးပန်းတွေမွှေးသွားမှာ ပေါ့။ အဲဒါက မလှဘူးလားလို့ အမေကပြောသည်။ အဖေကလည်း
“အသုံးချရုံသက်သက်အမြင်နဲ့မကြည့်နဲ့သား။ အဲဒီပန်းလေးတွေ ပန်လို့၊ ဘုရားတင်လို့ရတယ် ဆိုပေမယ့် နောက်ပွင့်နိုင်ဖို့မျိုးချန်ရသေးတယ်။ ပြီးတော့ စိတ်ကြည်နူးစေဖို့ အလှအပလည်း လိုတာပဲ။ ပန်းပင်တွေအကုန်ငုံးတိကြီးဆို ကြည့်လို့ကောင်းရဲ့လား”
မျိုးစေ့လေးတွေချပြီး ကောက်ရိုးလေးတွေ အပေါ်ကအုပ်လိုက်သည်။ ရေနဲ့မျောသွားမှာစိုးလို့ ဟု အဖေကပြောသည်။ ရေဆိုတာ အပင်ရှင်ဖို့လိုသလို သေလည်းသေသွားစေနိုင်တာပဲဟု ကျွန်တော် သိလိုက်ရသည်။
အပင်လေးတွေ ပေါက်လာပြီ။ အညှောင့်ကောက်ကောက်လေးတွေက သိပ်ကိုနူးညံ့သည်။ နေရောင်အောက်မှာ သိပ်လှသည်။ လက်နဲ့ထိကြည့်ချင်သော်လည်း ကျိုးသွားမှာကြောက်နေမိသည်။ မြေကြီးမွမွလေးကိုပဲ လက်နဲ့ထိုးကြည့်နေမိသည်။ ယုန်၊ ယုန်တဲ့။ အသံတစ်သံကြားလိုက်ရသည်။ ကျွန် တော့်ယုန်လေးကို သတိရမိလိုက်သည်။ ဖေဖေရေ ယုန်တဲ့ဟုအော်ပြီး ခြံဝင်းဝသို့ပြေးထွက်ပြီး ရှာ ကြည့်သည်။ ယုန်ဟုအော်နေသော အဒေါ်ကြီးကိုတွေ့လိုက်ရတော့ ယုန်လာပါဦးဟု ကျွန်တော် လှမ်း အော်လိုက်သည်။ အဖြူရောင်တစ်ကောင် ပေးပါဆိုတော့ အဒေါ်ကြီးက ရယ်သည်။ အဖြူလား၊ အမည်းလားတော့မသိဘူး။ ဒါမျိုးပဲပါတယ်ဆိုပြီး သူ့တောင်းထဲက နှိုက်ထုတ်ပြသည်။
အဲဒါယုန်တဲ့။ ခြေကားယား၊ လက်ကားယားအသားတွေ။ ကျွန်တော့်စိတ်ထဲကယုန်တွေက မြက်ခင်းတွေပေါ်မှာသာ ပြေးလွှားပျော်မြူးနေခဲ့ကြသည်။ ခုတော့ .......
ကျွန်တော် ခုထိ ယုန်သားမစားသေးပါ။
ခရမ်းသစ်အိမ်
ရွှေအမြုတေ နိုဝင်ဘာ ၂၀ဝ၇ ရွှေအသစ်
Comments
Post a Comment