အိမ်ကလေးက တိတ်ဆိတ်သည်။ လုံခြုံသည်။ ကြမ်းတမ်းပြင်းထန်သော ရာသီဥတုကြားတွင် အထီးတည်းပေမယ့် သာယာဝေစည်သည်။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ပျော်စရာကောင်းသော အိမ်ကလေးဟု ဆိုနိုင်သည်။
ကြမ်းတမ်းလှသော ဆောင်းရာသီတွေဆိုလျှင် အဘွားက ကျွန်တော်တို့မောင်နှမတွေကို အပြင်ပေးမထွက်တော့။ အိမ်တံခါးအားလုံးကို လုံခြုံအောင် ဆွဲပိတ်လိုက်ပြီး အိမ်ထဲက မီးဖိုနံဘေးမှာသာ အချိန်တိုင်း ရှိနေစေခဲ့သည်။
“နှင်းတွေက ဖွေးနေအောင် အဆုပ်လိုက် အဆုပ်လိုက်ကျနေသတဲ့”
အဘွား၏ပုံပြင်ကိုနားထောင်ရင်း နှင်းတောကြီးကို စိတ်ကူးထဲ မြင်မိသည်။ အပြင်မှာကော ဒီ လိုပဲလားဆိုတာကို မသိတော့တာ အတော့်ကိုကြာခဲ့ပြီဖြစ်သည်။ အပြင်မှာ တအားအေးတယ်ဆိုသော စကားကိုပဲ သိရသည်။ အေးသည်ဆိုသော အဓိပ္ပာယ်ကိုပင် မီးလှုံသည်ဟူသောစကားလုံးနှင့် တွဲလျက် သိခဲ့ကြရသည်သာဖြစ်သည်။ ခုလည်း အပြင်မှာ သိပ်အေးနေသည်။
“သိပ်အေးတဲ့ရာသီဥတုမှာ ဘယ်သူမှ အပြင်မထွက်ကြဘူး။ အအေးဒဏ်ကိုခံနိုင်တဲ့ လူပုလေး တစ်ယောက်ကတော့ နှင်းတွေထဲကို ထွက်လာတယ်”
အိမ်လေးထဲမှာ တဖျစ်ဖျစ်မြည်နေသော မီးတောက်သံနှင့် အဘွား၏ပုံပြောသံမှအပ ဘာကိုမှ မကြားရ။ ကျွန်တော်တို့အားလုံးလည်း လူပုလေးကို မြင်ယောင်နေမိသည်။
“နှင်းထဲက လူကလေးမို့ နှင်းလူလို့ လူတွေက သူ့ကိုခေါ်ကြတယ်။ နှင်းလူဟာ သိပ်ချစ်စရာ ကောင်းတယ်။ လူတွေက နှင်းလူရဲ့ခြေရာကိုတွေ့ရင် ကံကောင်းတယ်လို့တောင် ဆိုကြတယ်။ နှင်းလူလေး က တံခါးတွေလိုက်ခေါက်ပြီး စားစရာတွေ ဝေငှပေးတတ်တာကိုး”
ကျွန်တော်တို့၏အိမ်ရှေ့တံခါးလေးဆီကို လှမ်းကြည့်မိသည်။ လက်ဆီတွေတက်၊ မီးခိုးနှင့် ကျပ်ခိုးရိုက်ခံထားရ၍ ညစ်ထပ်ထပ်ဖြစ်နေသော သစ်သားတံခါးလေးက ကျွန်တော့်အတွက် ရင်းနှီးလွန်း နေသည်။ အမြဲတမ်းပဲ ပိတ်ထားခဲ့တာဖြစ်သည်။ လက်ကိုင်က ကြေးလက်ကိုင်။ အဲဒီမှာ ကျွန်တော့်လက် ရာ ထင်ကျန်နေဦးမည်။ ကျွန်တော်ကိုယ်တိုင်ပဲ ဒီတံခါးကို နောက်ဆုံးပိတ်ခဲ့တာဖြစ်သည်။
တံခါးက မြေကြီးနှင့်ထိကပ်မတတ် ပူးကပ်၍နေသည်။ ကြားထဲမှာ အလင်းရောင်ပင် ဖြတ် သန်း၍မရ။ အလယ်တည့်တည့်နားလောက်မှာတော့ လက်သည်းနှင့် မြေကြီးကို ကုတ်ခြစ်ထားသည့်အရာ ရှိနေသည်။ ခွေးတစ်ကောင်ကုတ်ခြစ်ထားသလိုမျိုး မြေပျော့ပျော့မှာ အခြစ်ရာသုံးရာ ရှိနေသည်။ ကျွန်တော်တို့၏ခွေးလေး ဘိုဖြူလည်းမဖြစ်နိုင်။ သူက ဒါမျိုး လုပ်တတ်သူမဟုတ်။ လုပ်လျှင်တောင်မှ ဒီလို တစ်ချက်တည်း ခပ်နက်နက်ကုတ်ခြစ်ပြီး ရပ်ထားမှာမဟုတ်။ တွင်းတစ်ခုဖြစ်အောင် ယက်လိမ့်မည်သာ ဖြစ်သည်။
ဝံပုလွေတစ်ကောင်၏ လက်သည်းရာလား၊ မကောင်းဆိုးဝါးတို့၏ မှတ်သားထားခြင်းလား ကျွန်တော်တွေးနေမိသည်။
“သူဟာ သူတွေ့သမျှလူတွေကို ကူညီတတ်တယ်။ နှင်းတောထဲ လမ်းပျောက်နေတဲ့သူတွေရဲ့ ရှေ့မှာ သူဟာ နတ်သားတစ်ပါးလိုပဲ ပေါ်လာတတ်တယ်”
ပုံပြင်လား၊ တကယ်လား ကျွန်တော်မစဉ်းစားမိ။ အဘွားကိုယ်တိုင်ကော စဉ်းစားမိပါရဲ့လား ဟု ကျွန်တော်တွေးကြည့်မိသည်။ ကြာကြာမတွေးနိုင်ပါ။ အဘွားစကားပြောပုံက ကောင်းလွန်း၍ မျောပါ သွားရသည်သာ ဖြစ်သည်။
“တစ်နေ့မှာတော့ နှင်းလူလေးဟာ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ဖို့ အရင်လိုပဲ ထွက် လာတယ်။ အဲဒီနေ့ကလည်း နှင်းတွေက ခါတိုင်းထက်ကို ပိုကျနေခဲ့တယ်။ သူ့ခြေကျင်းဝတ်ကိုတောင် မြုပ် ဝင်သွားအောင် နင်းလျှောက်ပြီးသွားနေရတော့ ခရီးသိပ်မတွင်ရှာဘူး”
နှင်းလူလေး၏ပင်ပန်းနွမ်းနယ်မှုကို ကျွန်တော်ခံစားမိလိုက်သည်။ တံခါးပေါက်အောက်ခြေက လက်သည်းရာတွေကို ပြန်ကြည့်မိသည်။ ထွန်ခြစ်ရာတွေလားမသိဘူးဟု ထပ်တွေးမိပြန်သည်။ အသွား သုံးချောင်းနှင့် ထွန်ခြစ် ကျွန်တော်တို့အိမ်မှာ မရှိသော်လည်း ကျွန်တော်ဂရုမစိုက်ဘဲ ဆက်တွေးသည်။ ခု တော့ အဲဒီအရာလေးတွေထဲမှာ ရေတွေရှိနေသည်။ နှင်းတွေ တစက်စက်ကျရာကနေ စုမိသွားပုံရသည်။
ရေတွေထဲကိုစိုက်ကြည့်လိုက်တော့ အလင်းရောင်ကို တွေ့ရသည်။ လောက၏အလင်းရောင် လား၊ ကောင်းကင်၏ အလင်းရောင်လားမသိ။ ဒီရေတွေထဲမှာ သစ်ပင်တွေ၊ တောင်တွေနှင့် နှင်းကျနေတာ တွေကို မြင်ရလိမ့်မည်ဟုတွေးရင်း ကျွန်တော် ငေးစိုက်ကြည့်နေမိသည်။ ရေထဲကအလင်းရောင်ပေါ်တွင် ရံဖန်ရံခါဖြတ်သန်းသွားသော အရိပ်တွေက ဘာတွေလဲ ကျွန်တော်မသိ။ ငေးကောင်းကောင်းနှင့်သာ ငေး နေမိသည်။
“သတ္တဝါဆိုးကြီးဟာ သူ့လက်သည်းတွေနဲ့ သစ်ပင်ကို ကုတ်ခြစ်ပစ်လိုက်တယ်”
အဘွား၏အသံကိုကကြမ်းရှနေသည်။ ကျွန်တော်တို့၏စိတ်တွေကိုပါ ကုတ်ခြစ်ပစ်လိုက်သည်။ ယောင်ယမ်းပြီး အို ဟင် ဆိုသူတို့က ဆိုကြသည်။ နှင်းလူကလေး ဒုက္ခရောက်နေပြီဟု ကျွန်တော် သိ လိုက်သည်။ ကျွန်တော်လည်း အဘွားဘက်ကို ပြန်လှည့်ကြည့်ပြီး ပုံပြင်ကို ဆက်နားထောင်သည်။ စိတ် ဝင်စားစရာအကောင်းဆုံး အခိုက်အတန့်ပင်ဖြစ်သည်။
နှင်းလူကိုကော ကယ်ဆယ်ကူညီမည့် နှင်းလူရှိဦးမည်လား၊ အဘွားသိမသိကို ကျွန်တော် မေး လိုက်ချင်သော်လည်း ဘာဆက်ပြောမည်လဲကိုပဲ နားထောင်နေမိသည်။ အဘွားက စကားပြောရတာ မော ၍လား၊ ဇာတ်ရှိန်တက်အောင်ပဲလားမသိ။ ခဏနားထား၍ တိတ်ဆိတ်မှုက ကြီးစိုးလာသည်။
ရုတ်တရက် အိမ်ရှေ့ဆီမှ ခြေသံလိုလိုအသံတွေကို ကြားလိုက်ရသည်။ ကျွန်တော်တို့အားလုံး တံခါးဆီကို လှည့်ကြည့်မိကြသည်။ နှင်းလူလား သတ္တဝါဆိုးကြီးလား၊ ကျွန်တော်က အဘွားကို မေးလိုက် သည်။ အဘွားက ဘာမှပြန်မပြော။ ပုံပြင်ကိုလည်း ဆက်မပြော။
ခဏနေတော့ တံခါးအောက်က လက်သည်းရာထဲရှိ ရေတွေကတဆင့် စူးရှရှအလင်းရောင် တန်းများ တိုးဝင်လာသည်။ ကျွန်တော်တို့အားလုံး အံ့အားသင့်မင်တက်နေမိသည်။ အဘွားက တံခါးဆီ ကို ဒရောသောပါးထပြေးသည်။ အိမ်ပြန်လာမည့်သားတွေကို ပြေး၍ကြိုဆိုနေသလိုမျိုးလား၊ အန္တရယ်ဆိုး တွေကို တားဆီးကာကွယ်ဖို့ပြေးခြင်းမျိုး လား ကျွန်တော် မဝေခွဲတတ်။
အလင်းရောင်က ပို၍စူးရှလာသည်။ အဘွား တံခါးနားလည်းရောက်သွားရော အလင်းရောင် ကြီးက ဟုတ်ခနဲ ရပ်ငြိမ်းသွားပြီး အဘွားလည်း လက်သည်းရာထဲက ရေထဲပြုတ်ကျပျောက်ကွယ်သွား သည်။ အလယ်ခေါင်တည့်တည့်က လက်သည်းရာထဲက ရေလေးတစ်စက်ခုန်တက်လာပြီး တံခါးနှင့်တိုက် မိကာ ကွဲထွက်သွားသည်။
နောက်ထပ်အလင်းရောင်ကြီးထွက်လာတော့ ကျွန်တော်လည်း ဘာကြောင့်မှန်းမသိ၊ ထိန်းချုပ် ၍လည်း မရတော့ဘဲ တံခါးဆီ အမြန်ပြေးသွားမိသည်။ တံခါးနားရောက်တော့ အလယ်ခေါင်တည့်တည့်က လက်သည်းရာထဲကို ခုန်ချလိုက်သည်။
အေးစက်သည့်အထိအတွေ့၊ စူးရှသည့်အလင်းရောင်တွေဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် ဝါး ဖျာလေးတစ်ချပ် ခင်းထားသော ခုတင်ပေါ်မှာ လှဲလျောင်းလျက်သား တွေ့လိုက်ရသည်။
ရင်ဘတ်က စပ်ဖျဉ်းဖျဉ်းနာကျင်မှုကြောင့် ငုံ့ကြည့်မိတော့ လက်သည်းဖြင့် ကုတ်ခြစ်ခံထားရ သော ခပ်နစ်နစ်ဒဏ်ရာသုံးခုကို တွေ့လိုက်ရသည်။
ခရမ်းသစ်အိမ်
မဟေသီ ဇန်နဝါရီ ၂၀၁၁
Comments
Post a Comment