ခန်းမက တီးတိုးစကားသံတွေကလွဲပြီး တိတ်ဆိတ်နေသည်ဟု ဆိုနိုင်သည်။ အဓိကတာဝန်ရှိသူကို စောင့် နေရသော အစည်းအဝေးတစ်ခု၏ အသက်က ဝင်မလာသေး။ နာရီကိုမော့ကြည့်တော့ ကိုးနာရီထိုးဖို့ ငါးမိနစ် လို သေးသည်။ နာရီကိုကြည့်မိတော့မှ ပိုပြီး ပူလာသလိုမျိုး ခံစားလိုက်ရသည်။ အပူငွေ့တွေက အခန်းထဲမှာ ဝေ့ဝဲနေ သည်။ အစည်းအဝေးလာသည့်လူတွေဆီကပဲ ထွက်လာတာများဖြစ်နေမည်လား မသိ။ သူတို့အားလုံး၏မျက်နှာတွေ က ညှိုးနွမ်း၍နေသည်။ ပြင်ပအပူကြောင့်လား၊ သူတို့၏ စိတ်ပူပင်သောကရောက်မှုတွေကြောင့်ပဲလားမသိ။
ကိုးနာရီထိုးဖို့ သိပ်မလိုခင်မှာပဲ ဆေးရုံအုပ်ကြီးနှင့် မြို့နယ်မှ တာဝန်ရှိသူတို့ ရောက်လာကြသည်။ အစည်း အဝေးတော့မည်ဆိုတော့ သူတို့အားလုံး၏ စာအုပ်နှင့်ယပ်ခတ်နေရမှုကို ရပ်တန့်လိုက်ကြသည်။ အစည်းအဝေးများ၏ ပုံမှန်လုပ်နည်းလုပ်ဟန်များကို သူတို့ ပျင်းရိငြီးငွေ့စွာဖြတ်ကျော်အပြီးတွင် အားလုံးကို ဒုက္ခပေးနေသည့် ကိစ္စ ရောက်လာလာ၍ ထိုင်ခုံတွေပေါ်တွင် ခါးကိုမတ်လိုက်ကြသည်။
ခုတလောမှာပူပန်နေရသည်က ဒီကိစ္စကြောင့်လား၊ ဒီကိစ္စကပတ်သက်ဆက်နွယ်လာမည့် ယခု အစည်းအဝေး အပါအဝင် ကိစ္စပေါင်းသောင်းခြောက်ထောင်အတွက်လား ဘယ်သူမှ ဝေခွဲ၍မရနိုင်။ စဉ်းလည်းမစဉ်းစားချင်တော့။ ပြဿနာကိုဖြေရှင်းပြီးမှပဲ နားအေးပါးအေးနေမည်ကို သိထားကြသောကြောင့်လည်းဖြစ်သည်။
“ကဲဗျာ ဒီဆိုင်းဘုတ်ကို ဘယ်လိုလုပ်ကြမတုန်း”
အမှောင်ချပစ်လိုက်သော အခန်း၏နံရံတွင် ပရိုဂျက်တာမီးရောင်က လင်းလက်လာသည်။ ဆေးသားတွေ ကွာကျနေပြီဖြစ်သော အပြာညစ်ညစ်ပေါ်မှ အဖြူရောင်ခပ်မွဲမွဲစာသားတွေက ပြည်သူ့ဆေးရုံတဲ့။ ရှေးရိုးအစဉ်အလာ အတိုင်းပင် ဝိုင်းစက်နေသောစာလုံးများဖြင့် ရေးသားထားခြင်းဖြစ်သည်။ နောက်ဆုံးဆေးထပ်ထားသည်မှာပင် ဘယ်နှစ်ခုနှစ်ကမှန်း မသိနိုင်တော့။
“ခု ဒီဆိုင်းဘုတ် ပြန်ရေးဖို့နဲ့ ဆလိုက်မီးထိုးပေးဖို့ဖြစ်လာပြီ။ အဲဒီအတွက် အဖွဲ့အစည်းတစ်ခုကနေပြီး တာဝန်ယူဖို့ ပြောထားတာရှိတယ်။ အရောင်နဲ့ ဒီဇိုင်းကိစ္စကို ဒီနေ့ပြောပေးရမယ်။ မဟုတ်ရင်တော့ သူတို့စိတ်ကြိုက် ဆွဲကြလိမ့်မယ်”
ဟောင်းနွမ်းဆွေးမြေ့နေသော ဆိုင်းဘုတ်ဓာတ်ပုံနှင့် ထိထိရှရှစာသားတချို့ ဂျာနယ်တစ်စောင်ထက်မှာ ပါလာကတည်းက သူတို့တွေ အတော်လေး ခံစားခဲ့ရသည်။ များပြားလှသော လူနာတွေကြားတွင် ခေါင်းမြုပ်နေခဲ့ရပြီး စားဝတ်နေရေးအတွက် မိသားစုကိုပင် လှည့်မကြည့်နိုင်ဘဲ လှုပ်ရှားရုန်းကန်နေရတာတွေကို သူတို့ချင်းပဲ နားလည်နိုင်ခဲ့ကြသည်။
ခုတော့လည်း ပြင်ဖို့လိုကိုလိုအပ်နေသည်ဆိုတာကို သိနေသည်ဖြစ်၍ ပြင်ရတော့မည်ဖြစ်သည်။ ဤကိစ္စအတွက် ယခင်ကပြောခဲ့ကြဖူးသော်လည်း ခုလို အစည်းအဝေးတစ်ခုတော့ ဖြစ်မလာခဲ့။ ပြောကြရင်းနှင့် အလုပ်တွေကြား နစ်ကာ မေ့သွားရသည်သာဖြစ်သည်။ ခုတော့ မေ့လို့မရတော့။ အချိန်အကန့်အသတ်ရှိနေပြီဖြစ်သည်။
“စာလုံးကိုတော့ ကျွန်တော်တို့က အပြာပေါ်မှာ အဖြူရိုးရိုးအဝိုင်းပဲထားဖို့ စဉ်းစားမိကြပေမယ့် မီးအရောင် မှာ တော်တော်လေး ကွဲလွဲနေကြလို့ဗျ။ ဒီက မိတ်ဆွေကြီးက မီးကိုအဖြူမဟုတ်ဘဲ အပြာတို့ ဘာတို့ ထားစေချင်နေ တယ်”
ဆေးရုံအုပ်ကြီးက ပြောရင်း မြို့နယ်မှတာဝန်ရှိသူတစ်ဦးကို ညွှန်ပြကာ ပြန်ထိုင်ချသွားသည်။ ထိုသူကထ လာပြီး “ကျွန်တော်တို့ ဆလိုက်မီးကျတော့ အဖြူရောင်မတွေ့ဖူးဘူးဗျ။ အဲဒါကြောင့်ပါ။ ရှိတော့ရှိပါလိမ့်မယ်။ ဒီမှာ တော့ ရှာလို့မရနိုင်လို့ပါ”
သူတို့စိတ်ထဲတွင် တစ်မျိုးတစ်မည်ဖြစ်သွားရသည်။ အရောင်ဆိုးချင်သည်လား တွေးမိကြသည်။ ပြောသူကိုယ်တိုင်လည်း တွေးမိသွားပုံရသည်။
“ကျွန်တော်ပြောချင်တာက လှမ်းပြီးမှာနိုင်ရင်တော့ လုပ်လို့ရတာပေါ့လေ။ ဒါပေမယ့် သူတို့က ၁၅ရက်နေ့ အမီလို့ပြောနေကြပြီ။ ဘာလို့လောနေမှန်းတော့ ကျွန်တော်လည်း မသိပါဘူး”
“သူတို့ပြောတာကတော့ ရက်ကောင်းရက်မြတ်မို့လို့တဲ့။ တစ်နှစ်အတွင်းမှာ ဒီတစ်ရက်ထက်ပိုကောင်းတဲ့ရက် မရှိဘူးလို့ သူတို့ဆရာကပြောထားတယ်လို့ ပြောတာပဲဗျာ”
ရယ်သံလေးတွေထွက်လာကြသည်။ ဆေးရုံအုပ်ကြီးက သူ့စကားကြောင့် ပြေလျော့မှုရသွားကြ၍ ပီတိဖြစ် သွားပုံရသည်။ ခဏလောက်တော့ သူတို့တွေ ဘာမှမပြောဘဲ တိတ်ဆိတ်နေကြသည်။ အတော်ကလေးကြာသွားမှ တစ်ယောက်ထလာသည်။
“ကျွန်တော်ကတော့ မာကျူရီမီးလား၊ ဘာလားမသိပါဘူးဗျာ။ ငယ်ငယ်တုန်းက မီးတိုင်တွေမှာတပ်တဲ့ဟာ တွေကော။ အဲဒါတွေကို သဘောကျတယ်ဗျ။ ခရမ်းရောင်လိုလို၊ ဘာလိုလိုနဲ့ အဖြူရောင်ဆိုရင်တော့ သူ့မီးရောင် အောက်မှာ ပိုပြီးတောက်လာအောင်ဖြူတဲ့ဟာမျိုးလေ။ အဲဒါမျိုးဆို ပိုကောင်းမလားလို့”
“ဈေးနှုန်းက စကားပြောလိမ့်မယ်ဗျ။ ပြီးတော့ ရဖို့ခက်လိမ့်မယ်။ နောက်တစ်ခုက ဒီကောင်တွေက ပူလာ ရင် မှိတ်သွား တတ်သလားလို့၊ အဲဒါသတိထားရမယ်ဗျ။ သိတယ်မလား၊ လင်းချင်မှလင်းတဲ့ ဆေးရုံကြီးဆိုပြီး ထပ်ပါ လာနေဦးမယ်”
နောက်ထပ် ပိုပြီးတိတ်ဆိတ်သွားရသည်။ အစည်းအဝေးခန်းမနှင့်ပင် မတူတော့သလိုဖြစ်လာသည်။ အပူ ဒဏ်က ပိုပြင်းလာသည်။ တကျွီကျွီမြည်နေသော ပန်ကာအိုကြီးတွေနှင့်အပြိုင်ပင် လက်တွေလည်း တဖျတ်ဖျတ်ခတ်နေကြသည်။ တစ်ခုတည်းသော မတ်ရပ်ပန်ကာဘေးနားမှလူတွေလည်း သက်သာပုံမရ။ လေပူတွေပင်ဖြစ်နေသောကြောင့် ကျိန်းစပ်စပ်ကြီးဖြစ်နေကြပုံရသည်။ အဲကွန်းလေးနဲ့သာဆိုရင်ဆိုသော အတွေးတွေကို သူတို့ တွေးနေမိကြ ပေလိမ့်မည်။
တိတ်ဆိတ်မှုကြောင့် နေရခက်လာ၍လားမသိ။ မီးတွေကို ပြန်ဖွင့်လိုက်သည်။ မီးချောင်းတချို့ က တကျွီကျွီ မြည်သံတွေထွက်လာကြသည်။ မီးရောင်မှိန်နေသော်လည်း ပရိုဂျက်တာပေါ်က ပုံရိပ်ကတော့ မှုန်ဝါးဝါးပဲ ကျန်တော့သည်။
“ဟဲ ဟဲ ကျွန်တော်တို့ကလည်း စိတ်ကူးပဲယဉ်နေကြတာလား မသိပါဘူးဗျာ။ မီးချောင်းဆိုရင် ပြီးနေပြီးပဲ ကို” မီးချောင်းတွေကို လက်ညှိုးထိုးပြီး တစ်ယောက်ကပြောသည်။ “ကျွန်တော်တို့ ရောင်စုံတောင် ထွန်းချင်ထွန်း ပစ်လို့ရသေးတယ်”
“မီးအားကသိပ်မကောင်းဘူးလေ။ ပြီးတော့ သူတို့တွေက ဆလိုက်မီးနဲ့ပဲ လိုချင်နေကြတယ်ဗျ”
သူတို့ဆိုတာက ဘာကိုရည်ရွယ်သည်မှန်း စဉ်းစားရင်း ငြိမ်သက်သွားရပြန်သည်။ အစည်းအဝေးက ရှည်ကြာလာပြီဖြစ်၍ ပျင်းကုန်ကြပြီလား မသိ။ နောက်နားက တစ်ယောက်က အိုးတိုးအမ်းတမ်းဖြင့် ထလာ၍သာ တော်သေးသည်။
“ဟဝှာ ကျွန်တော်တစ်ခုပြောချင်လို့ပါ။ မီးဆလိုက်တွေ ဘာတွေထက်လေ။ ကျွန်တော့်သူငယ်ချင်း တစ် ယောက်က LED မီးလုံးလေးတွေနဲ့ ဆိုင်းဘုတ်လုပ်တာရှိပါတယ်။ အဲဒါ နေ့ခင်းဘက်လည်း မြင်ရအောင် ဆေးအခံ မှာမှ မီးလုံးလေးတွေ ခေါင်းပေါ်ရုံ မြှုပ်တပ်ထားရင် ပိုလှသွားမလားလို့။ တခြားကမီးတွေထိုးလို့လင်းနေတာထက် ကိုယ့် ဘာသာကိုယ် လင်းနေတာဆိုတဲ့ အဓိပ္ပာယ်မျိုးလေ”
သူတို့တွေအားလုံး ပြုံးသွားကြသည်။ လက်ခုပ်တွေပင် ထတီးမိမတတ် ဝမ်းသာသွားကြသည်။ ဆေးရုံအုပ် ကြီးကတော့ မချိပြုံးလေးဖြင့်
“အဲဒီလိုဆိုရင် ဟိုက လုပ်ပေးပါဦးမလားပဲ”
စကားပင်မဆုံးသေး။ ရှေ့နားကတစ်ယောက်က လက်ကိုထောင်လိုက်သည်။ မျက်မှန်ကိုပင့်တင်ရင်း မတ်တပ်ရပ်လိုက်ပြီး နောက်ကထပြောသူကို ပြုံးပြီး ဦးညွတ်ပြသည်။ ပြီးမှ ရှေ့သို့လှည့်ပြီး
“ကျွန်တော်တို့တွေပဲ စိုက်ထုတ်ပြီး လုပ်လိုက်ရင်မပြီးဘူးလား။ လုပ်စရာရှိတာ လုပ်လိုက်ရုံပဲ။ သူတို့သဘော ကျ ခြယ်လှယ်ခံနေစရာ မလိုပါဘူးဗျာ”
သူတို့အားလုံး သဘောတူညီမှုရသွားသည့် အသံမျိုးတွေ ရွှင်မြူးစွာထွက်လာကြသည်။ အားလုံးပြုံးပျော်နေ ကြသည်။ ထိုအခိုက်တွင် ရုတ်ခနဲမှောင်ကျသွားသည်။ အမှောင်ထဲမှလည်း အသံတွေထွက်လို့လာနေသေးသည်။
“ဟာ မီးပျက်ပြီဟ”
“ခုလိုဆိုရင်လည်း ဘယ်ဆိုင်းဘုတ်မှ မမြင်ရပါဘူးဗျာ”
ပြတင်းတံခါးကို ဖွင့်လိုက်၍ ထိန်လင်းသွားမှုနှင့်အတူ တစ်ယောက်က ပြန်ပြောလိုက်သည်။
“ဒီလိုလင်းထိန်နေမယ်ဆိုရင်လည်း မမြင်နိုင်ပါဘူးဗျာ”
ခရမ်းသစ်အိမ်
စရဏ စက်တင်ဘာ ၂၀၁၀
Comments
Post a Comment