သီချင်းသံက ကျယ်လောင်ပေမယ့်လည်း မြစ်ဆီကလေပြင်းပြင်းတိုက်လာချိန်တွင်တော့ သူတို့ ဆီမှာ မကပ်နိုင်ဘဲ လွင့်ဝဲသွားရသည်။ သူတို့သည်လည်း စကားစတွေလွင့်ပါသွားမည်ကိုစိုးသည့် အလား ငြိမ်သက်တိတ်ဆိတ်ရင်း မြစ်ပြင်ကိုငေးကြည့်နေမိကြသည်။
တစ်ယောက်က ကွမ်းတစ်ယာထုတ်ဝါးလိုက်ပြီး နောက်တစ်ယောက်က လက်ဖက်ရည်တစ် ခွက်ကို မော့သောက်လိုက်သည်။ လက်ဖက်ရည်ကို အရသာခံသလိုမျိုး ကြာကြာလေးငုံထားပြီးမှ မျိုချ လိုက်သည်ကိုကြည့်ပြီး ကွမ်းဝါးနေသူက နှုတ်ခမ်းလေးတွန့်ရုံပြုံးသွားတာကို သူမြင်လိုက်ရသည်။ ပြီး တော့ လေထဲဝဲသွားသောဆံပင်တွေကို လက်နှင့်သပ်ပြီး မြစ်ဘက်ကိုပြန်ငေးကြည့်နေကာ မမြင်ချင် ယောင်ဆောင်နေသည့်မို့ သူလည်း မသိချင်ယောင်ဆောင်ပြီး ရေနွေးခွက်ကိုမော့သောက်လိုက်သည်။ လက်ဖက်ရည်သောက်နေသူကတော့ ရှုခင်းကိုပါရော၍ မျိုချလိုက်သလိုမျိုး အငမ်းမရကြည့်နေသည်။
မြစ်ပြင်ကြီးကိုကြည့်ရတာ မျက်စိနဲ့တောင် မဆန့်သလိုပဲကွာ၊ အားကိုမရဘူးဟု တစ်ယောက် ကပြောတော့ အဲဒီခံစားမှုက တစ်မျိုးပဲကွ၊ မြင်ကွင်းကျယ်ကျယ်ရဲ့အရသာလေဟု တစ်ယောက်က ထောက်ပေးသည်။ ပင်လယ်ကိုကြည့်ရတုန်းကတောင် ဒီလိုမဖြစ်ဘူးကွ၊ လှိုင်းတွေများရှိနေလို့လား မသိဘူးဟုပြောတော့ ကွမ်းဝါးနေသူ ကပြန်မပြောတော့။ တော်တော်ကြာအောင်တိတ်ဆိတ်နေပြီးမှ အလှအပခံစားမှုမှာ ခံစားသူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လူမှုအခြေအနေတွေပေါ်မှာ မူတည်တာပဲဟု မျက်မှောင်ကျုံ့ပြီးပြောလိုက်သည်။ နောက်ထပ် ဘာစကားသံမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်နေကြ သည်။
ကျင်လည်ရာအသိုင်းအဝိုင်းချင်း မတူတော့သည့်အချိန်၌ သူတို့အကြားတွင် ပြောစရာက အတိတ်တွေပဲ ကျန်တော့သည်။ ဒါတောင်မှ အတိတ်တွေတိုင်းက ပြောလို့ကောင်းသည် မဟုတ်တော့။ အတိတ်ကို အခုအမြင်နှင့်ပါ ဆုံးဖြတ်ပြီးပြန်ကြည့်မိနေခြင်းကြောင့် သတင်းမေးရုံလောက်၊ စမြုံ့ပြန်ရုံ လောက်နှင့်ပင် အတိတ်တွေက ကုန်သွားခဲ့ရသည်။
သုံးယောက်ရှိတာတောင်မှ တိတ်ဆိတ်နေရသည့်အထဲ သူကိုယ်တိုင်က တစ်ခွန်းမှမပြောမိသူ ဆိုတော့ နေရထိုင်ရခက်သလိုဖြစ်လာသည်မို့ သူလည်း လေလာရာကိုနောက်ပြန်လှည့်ကြည့်ပြီး တစ်ခု ခုပြောဖို့ရှာသည်။ ပြောစရာရှာမရဘဲ လည်ပင်းသာညောင်းလာခဲ့သည်မို့ ပြန်လှည့်ပြီး ရေနွေးခွက်ကို ငေးကြည့်နေမိသည်။
ဪ ဒါနဲ့ ကျောင်း ဆယ်နှစ်ပြည့်ပွဲရှိတယ်ကွ၊ မင်းတို့လာဖြစ်ဦးမလားဟု ကွမ်းဝါးနေသူ က သူ့ကိုမေးငေါ့ပြီး မေးလာသည်။ သူက အမေးကိုမဖြေသေးဘဲ ဆယ်နှစ်တောင်ရှိသွားပြီနော်ဟု ခပ်တိုး တိုးလေးပြောလိုက်သည်။ လေက သူတို့ဘက်သွားသည်မို့ သူတို့ကြားကြပါလိမ့်မည်။ ဘာမှပြန်မပြော တာက သူ မဖြေသေးလို့ပဲလားမသိ။ သူ သက်ပြင်းချလိုက်မိပြီးမှ မလာဖြစ်လောက်ဘူးကွာ၊ ခုတောင် မှ တော်တော်ကြီး ကို အကြောင်းတိုက်ဆိုင်လို့ လာဖြစ်သွားတာဟုဆိုတော့ သူတို့မျက်နှာတွေက တစ်မျိုးတစ်မည်ဖြစ်ကုန်ကြသည်။
မေလထဲမှာမလား၊ ငါလည်း ထိုင်းဘက်သွားရဖို့ရှိတယ်၊ ကုမ္ပဏီကလွှတ်တာလေဟု တစ် ယောက်ကလည်း မလာဖြစ်သည့်အကြောင်းကို မလာဖြစ်ဆိုသည့်စကားမပါဘဲ ပြောလာသည်။ ကွမ်း ဝါးနေသူကသာ မချိပြုံလေးဖြင့် ငါကတော့ ရှိနေဦးမှာပေါ့ကွာဟု ရွဲ့တဲ့တဲ့အသံမျိုးထွက်လာသည်။ သူ မသိမသာမျက်စိစွေကြည့်နေရာမှ တမင်တည့်တည့်ကြည့်လိုက်တော့လည်း သူ့အကြည့်ထဲကရှောင် ထွက်ပြီး ကွမ်းတံထွေးထွေးသလိုလုပ်နေသည်။
ကျောင်းပြီးသွားချိန်တွင် ဆရာဝန်တွေအဖြစ်နှင့် တညီတညွတ်တည်း ခြေလှမ်းထွက်ခဲ့ကြသည့် သူတို့သုံးယောက် ခုတော့လည်း ပြောင်းလဲသွားကြပြီဖြစ်သည်။ ဘယ်လိုမှ ညှိလို့မရတော့သလိုမျိုး ကွာခြားကုန်ကြပြီဖြစ်သည်။ သူငယ်ချင်းဆိုသောအရာသည်ပင် လွမ်းဆွတ်တမ်းတဖွယ်ရာဟု သူထင် လိုက်မိသည်။ စကားတွေပြောလိုက်တိုင်း ညှိစရာမလိုခဲ့သော သူတို့သည်ပင် ခုတော့ ဘယ်လိုမှ အပေါက်အလမ်းတည့်တည့်ပြောမရတော့တာက ဝမ်းနည်းစရာကောင်းနေသည်။
တံတားကမီးရောင်တွေ မြစ်ထဲမှာရောင်ပြန်ဟပ်နေတာ တကယ်လှတယ်ကွာဟု အခုမှမြင်ဖူး သလိုပြောလာတော့ သူလည်း တံတားကိုပြန်လှည့်ကြည့်မိသည်။ တံတားကြီးပေါ်ကကားတွေ ဆိုင် ကယ်တွေက သေးသေးလေးဖြစ်သွားတာတောင်မှ တံတားကြီးက အကြီးကြီးဖြစ်နေတုန်းပဲဟု သူတွေး မိသည်။ မနေ့က အဲဒီပေါ်မှာ ဆိုင်ကယ်တစ်စီး ဘေးဘောင်နဲ့တိုက်မိလို့တဲ့ကွာ၊ မူးနေတာနေမှာပေါ့ ဟု ကွမ်းဝါးနေရင်းမှ ဗလုံးဗထွေးသံဖြင့် ပြောလာတော့ သူ ဒီဘက်ပြန်လှည့်လိုက်သည် ။ မြစ်ထဲမှာ တော့ တံတားကြီးရှိနေပါလိမ့်ဦးမည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ ပျောက်သွားပြီဖြစ်သည်။
တံတားမရှိခင်တုန်းက ဇက်နဲ့ခက်ခက်ခဲခဲကူးရသလောက် တံတားလည်းရှိလာရော လူတွေက ဆိုးတာပဲကွာ၊ မူးရူးပြီးကူးကြတော့ တံတားကပဲအပြစ်ဖြစ်နေရောပေါ့ဟု ပြောပြီးသည်နှင့် ကွမ်းကို ထွီ ခနဲထွေးပစ်လိုက်သည်။ ဘေးဝိုင်းက ကောင်လေးတစ်ယောက် ဟာ ဆရာဆိုတော့ လက်ကာပြပြီး ဒီ ဘက်ပြန်လှည်ကာ တို့တုန်းကလိုပဲ ငပေလေးဟု ပြောသည်။ ပြီးတော့ ရေနွေးနှင့် ပလုပ်ကျင်းလိုက်ပြီး အလုပ်တွေရှုပ်နေသည်။
သူက ငေးကြည့်နေရင်းနှင့်မှ ပြောစရာတွေပေါ်လာသော်လည်း မပြောဖြစ်တော့ဘဲ တံတား ကို ပြန်လှည့်ကြည့်နေမိသည်။ တံတားက သူ့ဆီကို အတင်းတိုးဝင်လာပြီဖြစ်သည်။ ကြည့်စမ်းကွာ၊ ဟို ဘက်ကမ်းကော ၊ ဒီဘက်ကမ်းမှာပါ မှောင်ပြီး တံတားကြီးပဲ လင်းကျန်နေရစ်တော့တယ်ဟု ငေးကြည့် ရင်းပြောလာေ တာ့ သူ့ခေါင်းထဲတွင် အတွေးတွေဖြာထွက်သွားသည်။ သူ ပြောဖို့ရာစကားတွေစီရင်း ရေနွေးတစ်ခွက်ကို မော့သောက်လိုက်သည်။
တကယ်တော့ တံတားဆိုတာ ဖြတ်သွားရုံသက်သက်ပဲဆိုပေမယ့် ခုလိုမှောင်နေချိန်မှာတော့ ဟိုဘက်ကမ်းကိုဖြတ်ဖို့ ဆိုပြီးလာရင်တောင် တံတားကြီးဆီရောက်ဖို့လို့ပဲ စိတ်ထဲရှိတော့မှာ၊ မြင်တာက လည်း အဲဒါကိုးဟု သူ စကားအစပျိုးလိုက်တော့ ဟိုနှစ်ယောက်၏မျက်လုံးတွေက သူ့ဆီတည့်တည့် ရောက်လာသည်။
ငါတို့တွေလည်း တံတားပေါ်မှာ ဆုံမိကြတဲ့သူတွေပေါ့ကွာ၊ ဒီတံတားကနေဆက်သွားဖို့ဆိုပေ မယ့် တံတားကြီးဆီအရောက်ဆိုပြီးပဲ လှမ်းလာခဲ့ရတာလေ၊ ဟိုဘက်ကမ်းကို မြင်မှမမြင်နိုင်ပဲကိုး၊ ခု ဆိုရင်တော့ တံတားကိုလွန်လို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတော့ အချင်းချင်းတွေတောင် ဝေးသွားကြ ပြီနော်ဟု သူကဆက်ပြောလိုက်တော့ မင်းစာတွေရေးဖြစ်သေးလားဟု တစ်ယောက်က ပြန်မေးသည်။ သူ ခေါင်းခါပြလိုက်ပြီး မအားတော့ဘူးကွ၊ အချိန်မရတာထက် မတွေးအားတော့တာဟု သူ ပြန်ဖြေ လိုကု်သည်။
မင်းပြောသလိုဆိုရင်တော့ အနည်းဆုံး တံတားကြီးဆီရောက်လာရင်တော့ ဟိုဘက်ကမ်းကို လှမ်းမြင်ရအောင် မီးထိုးပြသင့်တာပေါ့၊ ဘယ်လိုဆက်သွားရမလဲဆိုတာနဲ့ ဘာကြောင့်ဆက်သွားရ မယ်ဆိုတာ သိအောင်လို့လေ၊ ဟုတ်လားဟု တစ်ယောက်ကပြောတော့ တစ်ယောက်ကရယ်ရင်း အိတ် ကပ်ထဲမှကွမ်းကို ထုတ်ပြန်သည်။ ငါတို့တာဝန်ပေါ့ ဟုတ်လား၊ ကိုယ့်ဘာသာဆက်သွားရမှာလေကွာ၊ မဟုတ်ဘူးလားဟု ကွမ်းငုံပြီးမှပြောတော့ အသံက နည်းနည်းဝါးသွားသည်။
Ideal ကတော့ အားလုံးလင်းနေတာပေါ့၊ ငါတို့မှာတော့ မှောင်မှောင်မည်းမည်းထဲမှာ ဘယ်မှ မသွားတတ်တော့ ဒီလင်းနေတဲ့နေရာကို အူလည်လည်နဲ့ရောက်လာတာပဲကွ၊ တချို့တွေ ရေကူးချင်ကြ တယ်လေ၊ တံတားပေါ်ကဆိုတော့ အကျနာတာပေါ့ဟု သူကပြောလိုက်တော့ ကွမ်းဝါးနေသူက ခေါင်း ခါသည်။ တော်ပါတော့ကွာ၊ ဦးနှောက်တွေခြောက်လာပြီ၊ မင်းတို့ကလည်း စကားကိုရှင်းရှင်းပြောကြပါ ကွာဟု ရယ်ရင်းပြောတော့ သူတို့လည်း လိုက်ရယ်လိုက်ကြသည်။ မင်းအဲဒါကို ဝတ္ထုသာရေးလိုက်ပါ ကွာဆိုတော့ သူကလည်း အေးကွ အက်ဆေးဆန်ဆန်လေးပဲဟုသာ ပြောလိုက်မိသည်။ ရေးဖို့ကိုတော့ သူလည်း အာမမခံနိုင်တော့ဟု သူ့ကိုယ်သူ အရှက်ရစွာဖြင့်တွေးနေမိသည်။
သူတို့အတော်ကြအောင်ပင် စကားမပြောဖြစ်ဘဲ ထိုင်နေကြသည်။ ဖုန်းတစ်လုံးကထမြည်ပြီး ကွမ်းဝါးနေသူကို ဆွဲခေါ်သွားတော့မှပဲ သူတို့လည်း အိမ်ပြန်ကြရတော့မည်ကို အမှတ်ရသွားသလိုမျိုး ထပြန်ကြသည်။ သူတို့ ဆိုင်ကယ်ကိုယ်စီကို စက်နှိုးလိုက်ကြြ ပီး လမ်းမီးမရှိသောလမ်းတွေဆီမှာ သွား ကြဖို့ ရှေ့မီးကို ဖွင့်လိုက်ကြသည်။ သူတို့နောက်က တံတားကြီးတော့ အမှောင်ထဲတွင် မြစ်ရေပေါ် အလင်းရှည်ရှည်တွေကျနေပြီး ကင်းခြေများတစ်ကောင်လိုပဲ မြစ်ကိုကုပ်တွယ်ထားလေသည်။
လသာနေသည်လား မသာသည်လားကိုတော့ သူတို့ မော့ကြည့်ဖို့မေ့နေကြသည်။
ခရမ်းသစ်အိမ်
ကလျာမဂ္ဂဇင်း ဒီဇင်ဘာ ၂၀၁၂
Comments
Post a Comment