Skip to main content

ဖျားနာနေသော

“ဘာဂမ်ဒီလေး နေမကောင်းဘူးလားမသိဘူးနော်”
လာဆော့တာ မတွေ့သည်နှင့် လူတွေကြားတွင် တီးတိုးပြောလာကြသည်။
“သတိထားအေ။ သူ လာမဆော့ဘူးဆိုရင် လေကြီးမိုးကြီးကျတတ်တယ်”
လေကြီးမိုးကြီးဆိုသည်က သူတို့လို ကျွန်းစုနေသူများအတွက် ထူးခြားလှသည်မဟုတ်သော်လည်း ခုလိုပြောခဲ့ ခြင်း၏ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာပါဝင်နေသည်။ ကလေးတွေကတော့ ဘာရယ်မသိ၊ ရှိနေသည့်လူများဖြင့်ပင် ဆော့နေကြအတိုင်းပဲ ပျော်ရွှင်စွာဆော့ကစားနေကြသည်။ သူတို့လေးတွေက ပျော်၍ရယ်မောလိုက်တိုင်းတွင် ရယ်သံ ကျယ်လျှင်ကျယ်သွားသလောက် လူကြီးတွေက ကြောက်ရွံ့ထိတ်လန့်နေကြရသည်။ အပြစ်ကင်းသည့်ရယ်သံများသည် ပင် ခြောက်လှန့်တတ်သောတစ္ဆေများအဖြစ် ပြောင်းသွားတော့သည်။
ပင်လယ်ဘက်ကိုမျှော်ကြည့်လိုက်လျှင်တော့ သာယာရှုမောဖွယ်မြင်ကွင်းက ရှိနေသည်။ သို့သော်လည်း မြင်နေ ကျဖြစ်၍လား၊ စိုးရိမ်ပူပန်မှုကြောင့်ပဲလားမသိ၊ ငြိမ်သက်တိတ်ဆိတ်ခြင်း၏နောက်ကွယ်တွင် မုန်တိုင်းတစ်ခုများရှိနေ မည်လား ထင်မှတ်တွေးတောနေမိကြသည်။ စိုးရိမ်ပူပန်မှုဖြင့် မျှော်တွေးမှန်းဆနေမှုများထဲတွင် အကောင်းဘက်က တစ်ခုမှမပါဝင်နေခြင်းကတော့ ထူးဆန်းလှသည်ဟုလည်း ဆိုတော့ဖြင့် မဆိုနိုင်ပါ။
ဘာဂမ်ဒီလေးတစ်ခါကနေမကောင်းဖြစ်တုန်းက ကျွန်းပေါ်ကဝင်မွှေသွားသောမုန်တိုင်းသည် ထိုစဉ်ကအသက် ရှိသူများ အားလုံးအတွက် အကြမ်းရမ်းဆုံးဖြစ်ခဲ့သည်။ ဒါကို တိုက်ဆိုင်မှုအဖြစ် မည်သူကမှ ထင်မှတ်ထားခဲ့ခြင်းမရှိ။ လူတိုင်းကပင် ဘာဂမ်ဒီလေးသည် ကျွန်းစောင့်နတ်သမီးလေးက လူဝင်စားခဲ့သည်ဟု ယုံကြည်ခဲ့ခြင်းကြောင့်ပင် ဖြစ် သည်။ ယုံကြည်မှုတစ်ခု၏နောက်ကွယ်သို့ အကျိုးအကြောင်းနှင့်ဆင်ခြင်Óဏ်က ဝင်ရောက်နေရာမယူနိုင်ခြင်းက ယခု အချိန်ထိ တည်မြဲနေသော ဓလေ့ထုံးတမ်းပင်ဖြစ်သည်။
နေလုံးကြီးက ပင်လယ်ထဲရေဆင်းချိုးချိန်ထိ ဘာဂမ်ဒီလေးပေါ်မလာသည်တွင်တော့ လူတိုင်း ကျောက်ဆောင် တွေထက်က နန်းတော်ကြီးဟုပင် ခေါ်ဆိုနိုင်မည့်အိမ်ကြီးဘက်သို့ တကြည့်ကြည့်ဖြစ်လာကြသည်။ အိမ်ကြီးကတော့ ဆင်စွယ်တွေနှင့် တည်ဆောက်ထားသောရဲတိုက်ကြီးလို ဖြူဖွေးတောက်လက်နေသော်လည်း အသက်ဝင်သည့် အရိပ် အယောင်မရှိလှ။ အေးစက်ငြိမ်သက်လွန်းလှသည်။ နူးညံ့လှသော သဲသောင်ပြင်နှင့် မပတ်သက်ချင်တော့သလိုမျိုး တင်းမာနေသော်လည်း သူတို့၏စိုးရိမ်စိတ်တွေက အတွင်းကို ထိုးဖောက်ဝင်ကြည့်နေကြသည်။ မှောင်လာသလောက် ပိုပိုလင်းလာသည်ဟုထင်ရသော အိမ်ကြီးသည်လည်း နောက်ဆုံးတွင် အမှောင်ထုထဲနစ်မြုပ်သွားတော့သည်။ မီးရောင် လေးများ ဝိုးတဝါးပေါ်လာဦးမည်လား သူတို့မျှော်လင့်မိကြသော်လည်း ဘာတစ်ခုမှထွက်ပေါ်လာခြင်းမရှိ။ ကောင်း ကင်ထဲမှ ငွေလဝန်းသည်ပင် ထွက်လာဖို့ နောက်ကျနေခဲ့ပုံရသည်။
ည၏တိတ်ဆိတ်မှုထဲတွင် တီးတိုးစကားသံတွေ၊ သက်ပြင်းချသံတွေက ရေလှိုင်းရိုက်သံကိုပင် ဖယ်ရှားပစ်လိုက် ကြသည်။ မိုးလင်းမှာကိုပင်မစောင့်နိုင်တော့ဘဲ ထိုင်စောင့်နေမိသူတချို့ကလည်း စောင့်နေကြသည်။ သူတို့ကြားတွင် ယခင်ကလို သာသာယာယာရယ်ရယ်မောမော စကားတွေမပြောဖြစ်ကြတော့။ ညနက်လာသည်နှင့်အမျှ မည်သည့် စကားမျှထွက်မလာတော့ဘဲ ငြိမ်သက်သွားကြသည်။ သို့သော်လည်း သူတို့ အိပ်မပျော်နိုင်ကြ။ ပူခြင်းကြီးစွာသောရင် ဖြင့် ထွက်လာမည့်နေကို စောင့်နေကြသည်။ အမှောင်ထဲတွင် အိမ်ကြီးဆီသွားဖို့လည်း မသွားဝံ့ကြ။ ဘာကိုကြောက်ရွံ့ မှန်းမသိ၊ ကြောက်နေကြသည်။ လမင်းသည်ပင် ကောင်းကင်တွင် ခြစ်ရာလေးသာသာ မထင်မရှားဖြင့် မထွက်ဝံ့ဝံ့ ထွက်လာခဲ့ပုံရသည်။
ပတ်ဝန်းကျင်တွင် ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့သော်လည်း လူတွေကြားတွင်တော့ တစ်ခုခုဖြစ်လာခဲ့သည်။ မဝေးလှသောအနာဂတ်အတွက် စိုးရိမ်နေရမှုက သူတို့ကိုပြောင်းလဲပစ်လိုက်သည်။ ထိုအပြောင်းအလဲက ချည်းကပ် လာပုံမှာ ညင်သာလွန်းသောကြောင့် သူတို့ကိုယ်တိုင်အပါအဝင် နီးစပ်သူတွေရော၊ ဝေးဝေးကသူတွေပါ မသိလိုက် ဖြစ်သွားခဲ့ရသည်။
ခုတော့ ကြောက်ရွံ့ထိတ်လန့်မှုက ဦးစွာလာသည်။
မိုးလင်းတော့ သူတို့ထဲက ဘယ်သူက အိမ်ကြီးဆီသို့သွားမေးကြမည်လဲ စဉ်းစားရတော့သည်။ အစိုးရိမ်ကြီး လွန်းလှသည်မှာ မှန်သော်လည်း အိမ်ကြီးဆီသွားရသည်က ပိုကြောက်စရာကောင်းသည်။ အဲဒါက ဘယ်တုန်းက ဘာ က တားမြစ်ထားသည့်အရာမှန်းမသိသော်လည်း တည်မြဲနေသည့် ဓလေ့ထုံးတမ်းလိုဖြစ်နေသည်။ အိမ်ကြီးဆီမှ မခေါ် ဘဲ သွားခြင်းကြောင့် ဘာတွေဖြစ်လာမည်လဲ သူတို့မသိကြသော်လည်း ကြောက်ရွံ့နေခဲ့ကြသည်။
ဘယ်သူကမှမသွားချင်သည့်အဆုံးတွင်တော့ အိမ်ကြီးဆီသွားခွင့်ရသော အိမ်ကြီးဆီမှာပင် နေနေသောသူတွေ ဈေးထွက်အလာကိုစောင့်ဖို့ဘဲ စဉ်းစားမိသွားကြသည်။ ဘာဂမ်ဒီလေး နေကောင်းမကောင်းဆိုသည်ကို သိနိုင်သော ရင်းမြစ်က ဒီတစ်ခုပဲဖြစ်နေသည်။ ဈေးဝယ်ပဲထွက်လာမည်လား အလည်အပတ်သဘောမျိုးရောက်လာမည်လား သူတို့ ကြိုမသိနိုင်ကြ။ ဘာဂမ်ဒီလေးဆော့ကစားဖို့ရာလိုက်ပို့ကြသည်ဆိုလျှင်တော့ အပျော်ဆုံးဆိုတာကတော့ ပြောစရာမလို။
သုံးရက်လောက်စောင့်ဆိုင်းရပြီးမှ ဟင်းသီးဟင်းရွက်တချို့လာဝယ်သဖြင့် သူတို့သတင်းရသည်။ သတင်းရ သွားခြင်းအတွက် ဝမ်းသာသွားရသော်လည်း ရသောသတင်းကတော့ ဝမ်းသာစရာသတင်းမဟုတ်။ ဘာဂမ်ဒီလေး နေ မကောင်းဖြစ်နေသည်တဲ့။ ဈေးဝယ်ထွက်လာသူသည် ဒီမေးခွန်းနှင့် နောက်ဆက်တွဲမေးခွန်းများကို အကြိမ်ကြိမ်ပြန်ဖြေ နေရသောကြောင့် စိတ်မရှည်နိုင်တော့သည်ထိပင် သူ့အနားတွင်စည်ကားနေခဲ့သည်။ တစ်ခါတစ်ခါဝိုင်းထားလျှင် ဘယ်ကိုမှ ဆက်မသွားနိုင်တော့ဘဲ မေးခွန်းတွေကိုဖြေရင်း အတင်းတိုးထွက်မှပင် ရသည်။ မနက်ကတည်းကထွက်လာ ပြီး နေ့လည်မွန်းတည့်သည်အထိ ပစ္စည်းဝယ်လို့မပြီးသေးသည့်အခါတွင်တော့ သူ့စိတ်မရှည်ခြင်းက ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွားသည်။ သူတစ်ခါမှ ဒီလောက်ထိ နောက်မကျဖူး၍ နောက်ကျလျှင်ဘာဖြစ်မည်လဲတွေးရင်း ခြောက်ခြား လာသည်။ ပိုးကောင်တွေ ယင်ကောင်တွေလို အော်မြည်ပျံဝဲနေသော မေးခွန်းများနှင့် ပူလောင်ပြင်းပြသောနေကြောင့် သူ မူးလဲတော့မလိုပင်ဖြစ်သွားသည်။ သည်းခံနိုင်မှုလုံးဝမရှိတော့ဘဲ သူ အာခေါင်ခြစ်အော်ပစ်လိုက်သည်။
“အား”
မေးခွန်းတွေကရပ်သွားပြီး စိုးရိမ်ထိတ်လန့်သော မျက်လုံးများဖြင့် အားလုံးသူ့ကို ဝိုင်းကြည့်နေကြသည်။ ဒီတစ် ခါအကြည့်တွေထဲတွင် ကြောက်ရွံ့မှုကပို၍တိုးလာသည်။ ကျိန်စာကစပြီလားဟု ယောင်ယမ်းပြီး တွေးမိလိုက်ကြသည်။ အဲဒီအတွေးကို ချက်ခြင်းပင်မေ့ဖျောက်ဖို့ကြိုးစားသော်လည်း မမီလိုက်။ သူတို့၏မျက်နှာတွေက လငပုပ်ဖမ်းခံသလို မည်းမှောင်သွားကြသည်။
“ရှင်တို့လုပ်တာနဲ့ ဘာဂမ်ဒီလေးအတွက် အစားအသောက်တွေ အချိန်မမီတော့ဘဲနေတော့မယ်။ ဖယ် ဘေး ဖယ်”
တကယ်ပြောလိုက်သည်လား၊ လူကြားထဲကထွက်ချင်သောကြောင့် ပြောလိုက်သည်လား ခွဲခြားမနေတော့ဘဲ သူတို့အားလုံး ဘေးကိုချဲပေးကြသည်။ ဘာဂမ်ဒီဆိုသည့် နာမည်ကပင် မေးခွန်းတွေကို ရှဲခနဲငြိမ်းသတ်ပစ်နိုင်သည်။ အိမ်ကြီးမှလူလည်း မျက်လုံးတွေမှိတ်ထားရာမှ ဖွင့်ကြည့်ပြီး ဘာလုပ်ရမည်မှန်းသိသွားပုံနှင့် ဈေးဆက်ဝယ်သည်။ လူ တွေကတော့ နောက်မှာတီးတိုးပြောရင်းကျန်ရစ်ခဲ့သည်။ အိမ်ကြီးကလူ ဈေးဝယ်ပြီးသွား၍ အိမ်ကြီးဆီပြန်တော့မည်ဆို မှ သူတို့ထဲမှ ဥပဓိရုပ်ခပ်သန့်သန့်နှင့် လူတစ်ယောက် အိမ်ကြီးကလူကို မနည်းတည်ငြိမ်အောင်ထိန်းထားရသောအသံ နှင့် သွားပြောသည်။
“ဘာဂမ်ဒီလေးဟာ သူတို့ရဲ့သမီးလေးဆိုပေမယ့် ကျုပ်တို့တစ်ကျွန်းလုံးရဲ့နတ်မိမယ်လေးပဲ။ သူ နေမကောင်း ဖြစ်တာအတွက် ကျွန်တော်တို့လည်းစိုးရိမ်လို့ သတင်းမေးချင်ပါတယ်လို့ သူ့အမေကိုပြောပေးပါလား”
အိမ်ကြီးကလူလည်း နောက်ကျရခြင်းအတွက် အကြောင်းပြချက်ကောင်းဖြစ်လာမည် ဖြစ်သောကြောင့် သေ သေချာချာ နားထောင်သည်။ သူ့အမေဆိုသည့်စကားနားအရောက်တွင် အိမ်ကြီးကလူ၏မျက်နှာက ဖွေးဆုပ်သွား သည်။ ရွေးချယ်စရာမရှိသောလမ်းမို့လက်ခံလိုက်ရသော်လည်း သူကြောက်ရွံ့နေပုံက ဘာကြောင့်ဒီလောက်ထိ ဆိုးဝါး နေသည်လဲဆိုသည်ကို သူကိုယ်တိုင်ပင် စဉ်းစား၍မရ။ ဘာမှမသိတော့သလို ထုံထိုင်းနေသောစိတ်ဖြင့် အိမ်ကြီးဆီ သူ ပြန်သွားပုံက ဒီကအသံတွေကို ပဲ့တင်ပေးမည့်နံရံကြီးတစ်ခုလိုပဲ ထင်ရသည်။ သူ့ဘက်က ဒီထက်ပိုတတ်နိုင်မှာမဟုတ် သလို လူတွေကလည်း ဒီလောက်ပဲ မျှော်လင့်ခဲ့ကြတာဖြစ်သည်။
သူထွက်သွားသည်နှင့် လူတွေလည်း တာဝန်အသီးသီးခွဲဝေကာ အလုပ်တွေရှုပ်နေကြတော့သည်။ သွားမည့်လူ တွေကိုရွေးချယ်ရာတွင် အားလုံးကသွားချင်နေသလို အားလုံးပဲ မသွားရဲကြ။ ဥပဓိရုပ်ကောင်းပြီး စကားပြောလိမ္မာသူ ငါးယောက်ကို ရွေးချယ်ပေးလိုက်တော့လည်း လူတိုင်း၏စိတ်ထဲတွင် မကျေလည်သလိုမျိုးက ရှိနေသည်။ ရွေးချယ်ခံရ သူများကိုယ်တိုင်လည်း သံသယကြောင့် သွားရောက်ချင်စိတ်ရှိပြီး ကောင်းကောင်းပြောနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ထင် မှတ်ထားသူများရှိရင်ထွက်ခဲ့ပါ၊ နေရာချင်းလဲပေးပါမယ် ဆိုတော့လည်း မည်သူမှထွက်မလာကြတော့ပေ။
ထို့အတွက် ကျန်သူများက သွားမည့်သူတွေအတွက် အဝတ်အစားနှင့်အစားအစာတွေ နှင့် ဘာဂမ်ဒီလေး အတွက် အစားအစာတွေနှင့်ဆေးဝါးတွေပြင်ဆင်ပေးဖို့ အလုပ်တွေရှုပ်ကြပြန်သည်။ သွားမည့်သူတွေကလည်း အချင်း ချင်းဇာတ်တိုင်သလို ဆွေးနွေးပြင်ဆင်နေကြပြီး အကြံပေးမည့်သူများဆီမှ အကြံÓဏ်ကိုလည်း ငံ့လင့်နေကြသည်။
ထိုအခိုက် အိမ်ကြီးဘက်ဆီမှအော်သံကိုကြားလိုက်ရသည်။ သူတို့တောလိုက်လျှင် အသံပြုသလိုမျိုး အော်ဟစ် လိုက်ခြင်းဖြစ်သည်။ ဘာအဓိပ္ပာယ်မှန်း သူတို့သေချာမသိသော်လည်း သူတို့ကို အိမ်ကြီးဆီသို့လာခွင့်ပြုကြောင်း လူမ ရောက်ခင် ကြိုတင်အကြောင်းကြားခြင်းဟုပဲ သူတို့ယူဆလိုက်ကြသည်။ မနက်တုန်းကဈေးဝယ်လာသူပင် အမောတ ကောဖြင့် ပြေးပြီးရောက်လာတော့မှ အဖြေကို သူတို့သိလိုက်ရသည်။ သူတို့ကို လာခွင့်ပြုလိုက်သည်တဲ့။ အလုပ်တွေ ရှုပ်နေကြသောသူများ အပန်းပြေသွားကြပြီး အောင်ပွဲတစ်ခုရသလိုမျိုးပင် ဝိုင်းပတ်ကခုန်ပစ်လိုက်ကြသည်။ အိမ်ကြီး ကလူသည်ပင် သူတို့ကိုကြည့်ပြီး အပျော်တွေကူးစက်ကာ ဝင်ရောက်ကခုန်သေးသော်လည်း သူ့ကပုံက အချိုးမပြေ။ ကိုးရိုးကားယားနှင့်မို့ သူတို့ရယ်ကြရပြန်သည်။
အတော်ကြာမှ ပျော်ပွဲသဘင်ကိုရပ်လိုက်ပြီး အိမ်ကြီးကလူနှင့် တစ်ပါတည်းလိုက်ပါသွားနိုင်ဖို့ ကတိုက်ကရိုက် ပြင်ဆင်ကြသည်။  ဝတ်ကောင်းစားလှတွေနှင့် သွားမည့်သူငါးဦးကတော့ ဖင်တြွကြွကနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေကြ သည်။ အိမ်ကြီးကလူကိုတော့ နယ်စားပယ်စားတစ်ဦးလိုပင် ဧည့်ခံကျွေးမွေးထားသည်။ သူက တစ်ယောက်တည်း စား သောက်နေရ၍ပျင်းသောကြောင့်လား၊ အိမ်ကြီးက မြန်မြန်ပြန်လာဖို့မှာထားလို့လားမသိ၊ သိပ်မကြာခင်မှာပဲ သွားကြရ အောင်ဟု ပြောလာသည်။ မည်သူကမှစောဒကမတက်ရဲတော့ဘဲ လုပ်ပြီးသမျှကို ချက်ခြင်းထုပ်ပိုးကာ သူတို့ကိုယ်တိုင် လိုက်ပို့ကြဖို့ပြင်သည်။
ရှိသမျှလူတွေအကုန်က သူတို့ခြောက်ယောက်ကို ဝိုင်း၍ကြည့်နေကြပြီး လက်ခုပ်တွေတီးကာအားပေးနေကြ သည်။ သူတို့ခြောက်ယောက်၏ခြေလှမ်းများကလည်း လေထဲတွင်မြှောက်တက်နေကြသည်။ ရင်တွေကိုကော့ထားလိုက် ကြသည်မှာလည်း ကျောရိုးကျိုးထွက်မှာပင်ကြောက်ရသည်။ မျက်နှာတွေက အစွမ်းကုန်ပြုံးနေပြီး မျက်စိက ဘာကိုမှ မမြင်တော့။ သဲမြေတွေကိုဖြတ်ကျော်ပြီး ကျောက်သားပေါ်ခြေချမိတော့မှပင် ထိုအရာအားလုံးပျောက်ကွယ်သွားသည်။ လိုက်ပို့သူအားလုံးက ပစ္စည်းတွေကို သူတို့ဆီပေးလိုက်ချိန်တွင် သူတို့၏မျက်နှာက ခရုခွံသာသာပဲကျန်တော့သည်။
သယ်ရမည့်ပစ္စည်းတွေကလည်း သူတို့အတွက် မနိုင်မနင်းဖြစ်နေသည်။ ဘယ်လိုမှသယ်မရသည့်အဆုံးတွင် တော့ စွန့်ပစ်ဖို့လည်းမဖြစ်သည်မို့ လူတွေဆီမှာပါလာသော တွန်းလှည်းကိုယူပြီး ပစ္စည်းတချို့တင်ကာ တစ်ယောက်က ဆွဲပြီး တစ်ယောက်ကနောက်ကတွန်းသည်။ ကျန်သည့်သူတွေကလည်း သူတို့၏ကိုယ်အလေးချိန်လောက်ရှိသော ပစ္စည်းတွေကို ပုခုံးပေါ်တွင် ထမ်းပိုးကာ ခရီးဆက်ကြသည်။ ကုန်အလေးချိန်က အချိန်ကြာလေ လေးသွားလေပဲ ဖြစ် သည်။ သူတို့၏ခြေလှမ်းများက နှေးသထက်နှေးလာပြီး အိမ်ကြီးရှေ့အရောက်တွင်တော့ သူ့အလိုလိုရပ်တန့်သွားကြ သည်။
အိမ်ကြီးထဲဝင်ချိန်တွင်တော့ သူတို့၏ပါးစပ်တွေကပါ လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တန့်သွားသည်။ အိပ်ရာပေါ် တွင်လှဲနေသောဘာဂမ်ဒီလေးကို မြင်လိုက်ရချိန်တွင်တော့ သူတို့ အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်းပါ ရပ်တန့်သွားလား ထင်လိုက်ရသည်။ အခန်းပေါက်ဝတွင်ပင် ကြက်သေသေကုန်ကြသည်။
ဘာဂမ်ဒီလေး၏ခေါင်းလေးကိုသာ မြင်နေရသော်လည်း မြင်နေရသမျှက မကောင်း။ နဖူးပြင်ပေါ်တွင် အနာဖု ကြီးများ ဖောင်းထနေသည်။ ပါးပေါ်တွင်လည်း ပက်ကြားအက်ကြီးများလို ကွဲကြောင်းများက မျက်နှာနှင့်ပင် မဆန့် တော့။ လေးရက်လောက်မမြင်ခဲ့ရသော ဘာဂမ်ဒီလေး၏ဆံပင်တွေသည်လည်း သူတို့မှတ်မိနေသလောက်၏ ဆယ်ပုံ တစ်ပုံပင် မကျန်တော့။ နှုတ်ခမ်းတွေကလည်း ဖြူဖျော့နေပြီး ခြောက်သွေ့အက်ကွဲနေသည်။ မျက်လုံးကလည်း မှိတ်နေ ပြီး အသက်ရှူသလိုလှုပ်ရှားမှုပင် မတွေ့သောကြောင့် သေများသေသွားပြီလားဟုပင် သူတို့တွေးမိကြသည်။
ဘာဂမ်ဒီ၏အမေက သူတို့နားရောက်လာပြီး “ကဲ ရှင်တို့တွေ့ပြီလား။ သူ နေမကောင်းဖြစ်နေတာကို။ ခုလေး တင်ပဲ အိပ်ပျော်သွားတယ်” ဟုဆိုသည်။
ပြောနေသည့်ပုံက ပြန်ပါတော့ဟု အဓိပ္ပာယ်အပြည့်အစုံပါအောင် ကြိုးစားပြနေသည်။ အတော်ကြာအောင် ငြိမ်သက်နေပြီးမှ သူတို့ထဲကတစ်ယောက် အမေကိုစူးစူးရဲရဲကြည့်သည်။ သူ့မျက်နှာကလည်း သွေးတွေထွက်နေသလို ရဲတွတ်နေသည်။
“ဒီမှာ ဘာဂမ်ဒီလေး ဒီလောက်နေမကောင်းဖြစ်နေတာကို ဘာလို့ကျုပ်တို့ကို မပြောတာလဲ။ ခု ဘာဆေးတွေ တိုက်ထားလဲ။ ဘာရောဂါဖြစ်နေတာတဲ့လဲ"
အမေက ထီမထင်အပြုံးဖြင့်ပင် တုံ့ပြန်သည်။ “ဒါက ကျွန်မသမီးပါ။ ရှင်တို့နဲ့ ဘာမှမဆိုင်ဘူး”
သူတို့အားလုံး ရှူးရှူးရှားရှားဖြစ်သွားကြသည်။
“ဘာဂမ်ဒီလေးဟာ ကျွန်းစောင့်နတ်သမီးလေးပဲဆိုတာကို မင်းမသိဘူးလား။ သူဒီလိုဖြစ်နေတာကနေ ပိုဆိုးဝါး သွားရင် ကျုပ်တို့အားလုံးလည်း ပျက်စီးရမှာပဲ”
သူ့စကားပင် မဆုံးလိုက်။ အမေက လှောင်ပြောင်သရော်သည့်မျက်
နှာပေး
ဖြင့်
“ဪသာ် ရှင်တို့က ရှင်တို့ ဒုက္ခ ရောက်မှာကြောက်တာကိုး။ စိတ်မပူပါနဲ့ရှင်။ သူက ကျွန်းစောင့်နတ်သမီး မဟုတ်ပါဘူး။ ကျွန်မရဲ့သမီးလေးပါ။ ကျွန်မ ပိုင်တဲ့သမီးလေးပါ။ ရှင်တို့နဲ့ ဘာမှမပတ်သက်ပါဘူး” ဟုပြောသည်။
သူတို့ဒေါသတွေထွက်လာသော်လည်း ငြိမ်သက်သွားကြသည်။ အတော်ကြာမှ အသက်ခပ်ကြီးကြီးလူက “ကျုပ် တို့နဲ့မဆိုင်ဘူးမပြောပါနဲ့။ ကျုပ်တို့လည်း ဘာဂမ်ဒီလေးကို ချစ်တာ ခင်ဗျားထက်တော့ မလျော့ပါဘူး။ ခုပြောနေရတာ ကလည်း ကျုပ်တို့အတွက်မဟုတ်ပါဘူး။ ဘာဂမ်ဒီလေးအတွက်ပါ။ သူ့ဝေဒနာက ဘာဖြစ်တာလဲ။ ဒါပဲအရေးကြီးတာပဲ ဗျာ။ ဘာဂမ်ဒီလေးကိုချစ်တဲ့သူချင်း ဘာလို့အငြင်းပွားနေရမှာလဲ”
သူတို့ထဲတွင် ဆေးဆရာတစ်ဦးမှ ပါမလာခြင်းအတွက် နောင်တရသွားမိကြသည်။
“ကျုပ်တို့ဆီက ဆေးဆရာတွေ လွှတ်လိုက်ပါ့မယ်”
အသံက တိုးညှင်းသွားသလို အမေဆီမှလည်း ရှိုက်ခနဲ ငိုသံထွက်လာသည်။
“ကျွန်မလည်း ဘာလုပ်ရမှန်းမသိပါဘူးရှင်။ ဘာတွေဖြစ်နေမှန်းလည်း မသိတော့ပါဘူး”
မျက်ရည်တွေစီးကျလာတော့မှ ထိုမျက်ဝန်းလေးကချိုင့်ခွက်နေမှန်း သူတို့သတိထားမိသွားကြသည်။ ချက်ခြင်း ပင် မျက်နှာနီနီနှင့်လူက  “ကဲ ကျုပ်တို့ ဆေးဆရာပြန်ခေါ်ရအောင် မြန်မြန်ပြန်ရအောင်ဗျာ” ပြောပြီး ရှေ့ကပြေးထွက် သွားတော့ ကျန်လေးယောက်လည်း နောက်ကပြေးလိုက်သွားသည်။
အပြန်ခရီးကတော့တိုသည်။ ချက်ခြင်းပဲရောက်သွားသည်လားထင်ရသည်။ သို့သော်လည်း သူတို့၏စိတ်ထဲတွင် တော့ အကြာကြီးကြာနေခဲ့သည်။ သူတို့ပြန်ရောက်သည်နှင့် စောင့်ဆိုင်းနေသောလူအုပ်ကြီးက ပြေးထွက်လာပြီး တစ် ယောက်တစ်ပေါက်ဝိုင်းမေးကြသည်။ သူတို့ထဲမှ အသက်ကြီးကြီးလူက အားလုံး၏အသံတွေကိုလွှမ်းမိုး၍ သူတို့ အေး အေးဆေးဆေးပြောပြမည်၊ ငြိမ်ငြိမ်နားထောင်ကြပါဆိုမှ တိတ်ဆိတ်သွားကြသည်။
သူတို့၏ပြောပြမှုကို နားထောင်နေကြသည့်အချိန်တွင် တိတ်ဆိတ်လွန်းနေမှုက မုန်တိုင်း၏ဗဟိုချက်လိုပဲ ထင် ရသည်။ ပြီးသွားချိန်တွင်တော့ ထင်မြင်ချက်များ၊ အကြံပြုချက်များ ဆူညံပွက်လောရိုက်နေကြသည်။
“အဲဒါ သူ့အမေက ဘာဂမ်ဒီလေးကို အဆိပ်ကျွေးသတ်နေတာပဲဖြစ်မှာပေါ့။ သူက မနာလိုဖြစ်နေတာလေ”
အဲဒီအသံက အားလုံးကိုလွှမ်းမိုးသွားပြီး ထိုအတွေးကြောင့် အားလုံးကြက်သေသေသွားကြသည်။
“ကျွန်းကြီးလည်းပျက်ပေါ့ဗျာ။ နားအေးတာပဲ။ ဟိုကောင်မလည်း ပါမှာပဲ။ ပြီးရောပေါ့။ သူက အဲလိုဖြစ်စေချင် နေတာလေ”
ဒါက နတ်ဆိုးတွေဝင်ပူးပြီးပြောလိုက်တာပဲဟု သူတို့တွေမှတ်ယူမိကြသည်အထိ ထိတ်လန့်တုန်လှုပ်သွားကြ သည်။ လက်မခံနိုင်စရာလားဆိုတော့လည်း အဲဒီလိုလည်းမဟုတ်ပြန်။ သူတို့၏စိတ်ထဲတွင် ထိုစွပ်စွဲမှုက တိတ်တဆိတ် တွဲခိုသွားသည်။
“ကျုပ်တို့ ဘာဂမ်ဒီလေးကိုတော့ တတ်နိုင်သမျှ ကုရဦးမှာပဲဗျာ။ ခင်ဗျားတို့ခင်ဗျား သူ့အမေကိုဘာလုပ်လုပ်”
ဆေးဆရာတစ်ယောက်က ထပြောတော့မှ သူတို့ဇာတ်လမ်းပြန်ဆက်နိုင်ကြသည်။
“ဟုတ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဘာဂမ်ဒီလေးပြန်ကောင်းလာဖို့လိုတာပဲ။ ဘာဂမ်ဒီလေး တစ်ခုခုဖြစ်သွား ရင် ကျုပ်တို့လည်း ဒုက္ခရောက်မှာပဲကို။ အနည်းဆုံးတော့ ကိုယ်ကိုယ်ကိုကယ်တင်မှုပေါ့”
နိုင်ငံရေးသမားတစ်ယောက်လို ကျင်လည်စွာစည်းရုံးလိုက်သည်တွင်တော့ သူတို့အားလုံး အဖြေတစ်ခုကို သဘောတူလိုက်ကြသည်။ အမှောင်ကလည်း ကြီးစိုး၍လာပြီဖြစ်ရာ သူတို့၏ဆွေးနွေးပွဲကို သိမ်းပစ်လိုက်ဖို့ဖြစ်လာ သည်။ ကိုယ်စီကိုယ်စီအတွေးများဖြင့် အိမ်ပြန်လာကြသော သူတို့၏ကျွန်းလေးဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာသော အရာတစ်ခုကိုတော့ သူတို့ အဖြေရှာနိုင်လိမ့်မည်မဟုတ်။ သူတို့ ဘာဖြစ်မှန်းပင် သိလိုက်မည်မဟုတ်။ သေမင်းဆိုမှ တော့ ခြေသံလုံလှသည်ကိုး။ ထိုသေမင်း၏အမည်ကွဲတစ်ခုက ဆူနာမီဟုခေါ်သည်။
ပြောဖို့တစ်ခုကျန်သွားသည်ကတော့ ဘာဂမ်ဒီဆိုသည်က သူတို့၏ဘာသာစကားအရသော် ‘ငါတို့နေထိုင်သော နေရာ’ ဟု အဓိပ္ပာယ်ရသည် ဆိုတာပဲဖြစ်သည်။
ခရမ်းသစ်အိမ်
စရဏ မေ ၂၀၁၅

 

Comments

Popular posts from this blog

Privacy policy

Privacy Policy Kayen Thit Ein built the ခရမ်းသစ်အိမ် စာအုပ်များ app as a Free app. This SERVICE is provided by Kayen Thit Ein at no cost and is intended for use as is. This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service. If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy. The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which are accessible at Rango unless otherwise defined in this Privacy Policy. Information Collection and Use For a better experience, while using our Service, I may require you to provide us with certain personally identifiable information, including but not limited to andr...

ဒွန်ကွီဟိုတေး ဘာသာပြန်အကြောင်း

၂၀၁၀ နဲ့ ၁၁ မှာ နတ်ရေကန်ဆိုတဲ့ နာမည်လှလှနဲ့ တောထဲမှာ တနှစ်လောက်နေခဲ့ဖူးတယ်။ မီးမရ ဖုန်းမရ ရွာတွေနဲ့တောင် အလှမ်းဝေးတဲ့ လက်ဖက်စိုက်ခင်းပေါ့။ ဘဘဗိုလ်ချုပ်ကြီးရဲ့ ရွှေဉာဏ်တော် စူးရောက်စွာနဲ့ လက်ဖက်စိုက်ခိုင်းတဲ့ ဒေသမှာ သစ်ကုမ္ပဏီတွေပေါင်းပြီး စိုက်ပြတဲ့နေရာပဲ။ မကွေးတိုင်းထဲမှာ ရှိပြီးတော့ ရခိုင်နဲ့နယ်စပ်၊ အနားမှာ နေကြတဲ့ရွာတွေက ချင်းရွာတွေဆိုတာက အဲဒီတုန်းက ကျနော့်အတွက် အတော်လေးကို ဆက်စပ်ကြည့်ခဲ့ရတဲ့အရာတွေပဲ။ အမှတ်တရရှိခဲ့ရတာတွေထဲကတချို့ကတော့ ခင်စရာကောင်းတဲ့သူတွေနဲ့ ခေါင်းကြီး ငါးလက်မလောက်ကွဲနေတာကို တစက်ကလေးမှ မငိုတဲ့ ကလေးပေါက်စကို ချုပ်ပေးခဲ့ရတာတွေပဲ။ မိုးရွာပြီဆိုရင်လည်း သည်းကြီးမည်းကြီးကို အကြာကြီးရွာနေတာက အထူးအဆန်းပဲ။ အဲဒီလိုနေရာမှာ ကျန်းကျန်းမာမာနဲ့အလုပ်လာလုပ်ကြတဲ့သူတွေချည်းပဲ တရာလောင်လေးပဲရှိတာကို ဆေးခန်းထိုင်ပေးရတာဆိုတော့ အချိန်တွေက အပိုချည်းပဲလို့ ပြောလို့ရတယ်။ အဲဒါနဲ့ပဲ ဘာသာပြန်ကြည့်မယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဆိုပြီး စစမ်းကြည့်တယ်။ ပထမဆုံးကတော့ ရှားရှားပါးပါးရထားတဲ့ စာအုပ်လေးတအုပ်ကို ပြန်ကြည့်တာပဲ။ အဆုံးမသတ်ပါဘူး။ ဝတ္ထုကလည်း နာမည်ကြီးမဟုတ်ဘဲ အပျော်ဖတ်မျိုးမျိုးသာသာပဲဖြစ်မယ် ထ...

ကျောင်းခေါင်မိုးက ဝင်လာတဲ့ နေပြောက်တွေ

  ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။ အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။  တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။  ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပ...