အဲဒီနေ့က ကျွန်တော်ဆေးခန်းရှေ့တွင် ထွက်ထိုင်နေခဲ့မိသည်။ လူပါးသည့်အတွက်ကြောင့် စိတ်ပျက်ရသော် လည်း မကျန်းမာနေသူတွေ မရှိခြင်းကြောင့်ဟုပဲတွေးပြီး စိတ်ကိုဖြေထားလိုက်သည်။ ပတ်ဝန်းကျင်က နေရောင် အောက်မှာ တောက်ပနေသော်လည်း အပေါ်တည့်တည့်ကကောင်းကင်ကတော့ မှိုင့်ညှို့နေသည်။ နေက အနားအဖျား ကစတိုက်သည့်ဗျူဟာမျိုးဖြင့် တိမ်တိုက်ကျဲပါးရာ အနောက်ဘက်စွန်းဆီမှ ထွန်းလင်းနေသော်လည်း သူနိုင်လိမ့်မည် မဟုတ်မှန်း ကျွန်တော်သိသည်။ သူ့သက်တမ်းက သိပ်မကျန်တော့သည်မို့ ရသလောက်လေးကို ထွန်းလင်းပြနေသည် ကိုပဲ ဝမ်းသာရမည်လား၊ သိပ်မကျန်တော့သော အနာဂတ်အတွက် သနားရမည်လား ကျွန်တော်ဝေခွဲမရ။
စက်ဘီးတစ်စီးက ဆေးခန်းရှေ့တွင် ထိုးဝင်လာပြီး ရပ်တန့်သွားမှုကြောင့် ကျွန်တော့်အတွေးတွေ ပြိုကွဲပြီး စက်ဘီးစီးလာသူကို လှမ်းကြည့်မိသည်။ ကျွန်တော့်အကြည့်ထဲတွင် သားကောင်ကိုလှမ်းကြည့်သောကျားတစ်ကောင်၏ အကြည့်တွေ ပါဝင်မနေတာကိုတော့ ကြိုပြောထားချင်သည်။ သို့သော်လည်း ထိုသူကိုတော့ စေ့စေ့စပ်စပ်ကြည့်မိပြီး ကောက်ချက်တချို့ကြိုချထားလိုက်သည်။
ထိုသူက ချောင်းအတုလုပ်ဆိုးပြီး ဆေးခန်းထဲကိုလှမ်းဝင်သည်။ ကျွန်တော့်ကိုကြည့်နေသောမျက်ဝန်းများထဲ တွင် တစ်ခုခုကိုတောင်းဆိုနေသည်။ သူတောင့်တသည့်အရာက ကျန်းမာရေးကို သက်တောင့်သက်သာရှိခြင်းဆိုသော အဓိပ္ပာယ်ဖြင့်ဟု ကျွန်တော်နောက်မှသိလိုက်ရသည်။
စပြောသောစကား၊ နောက်ဆုံးပြောသွားသောစကားနှင့် ကြားထဲတွင်ထပ်ကာထပ်ကာပြောသွားသောစကားတို့ ကအတူတူဖြစ်နေပြီး သူက Composer တစ်ယောက်လို လှပအောင်သီကုံးသွားခဲ့သည်။ ဆေးထိုးချင်လို့ပါဆရာ ဆို သောစကားကို လေသံအမျိုးမျိုးဖြင့် ထည့်သွင်းပြောဆိုပြီးတော့ ခုတင်ပေါ်တွင်လှဲချလိုက်ပုံက ယုံကြည်မှုပြည့်ဝလွန်း နေသည်။
ကျွန်တော်ကိုယ်တိုင်သည်ပင် ရန်သူကိုကြောက်ရွံ့နေမိသော စီးချင်းထိုးသူတစ်ယောက်လိုခံစားရပြီး ဘာလုပ်ရ မည်မှန်းမသိ ငြိမ်သက်သွားမိသည်။ ကျွန်တော့်ဘက်က ကိုယ့်ကိုယ်ကိုပြန်သတိပေးပြီး မေးခွန်းများဖြင့် ပြန်၍ ထိုးစစ် ဆင်နိုင်ခဲ့သော်လည်း မရတော့။ ကျွန်တော် ကျရှုံးခဲ့ရသည်။ ဆေးထိုးဖို့ရာလုံးဝမလိုအပ်သည့်အကြောင်းကို ကျွန်တော် ထုတ်ပြောလိုက်ရသည်။
သူကလည်း အမျိုးမျိုးသောအကြောင်းပြချက်တွေအဖြစ် အိပ်ရေးပျက်မှုများ၊ အစားအသောက်နည်းနေခြင်း၊ အရက် နှင့်ဆေးလိပ်သောက်ခြင်း အစရှိသဖြင့် ပြန်ပြောကာ ကျွန်တော့်မေးခွန်းထိုးစစ်ကို ဆေးထိုးချင်လို့ဆိုသော ဒိုင်း တစ်ခုတည်းဖြင့် တောင့်ခံသွားခဲ့သည်။ နောက်ဆုံးတွင်တော့ ကျွန်တော် မေးခွန်းလက်နက်ချလိုက်ရ ပြီး Placebo ဆိုသောစကားလုံးကိုပဲ ရေရွတ်မိနေရတော့သည်။ အမှန်တကယ်အစွမ်းထိရောက်မှုမရှိသော်လည်း စိတ်ချမ်းသာကျေ နပ်စေခြင်းဖြင့် အနာရောဂါသက်သာစေသောဆေးဝါးဟု ကျွန်တော်ရှည်လျားစွာ ဘာသာပြန်ဆိုနေမိသည်။
သူ့အတွက် ကျွန်တော်ဆေးတစ်ချောင်းထိုးပေးလိုက်ရသည်။ ထိုဆေးက သူ့အတွက်ဘာကောင်းသနည်းဟု မေးလာပါက ကျွန်တော့်အတွက် အဖြေမည်မည်ရရမရှိလှ။ သူ စိတ်ချမ်းသာသွားလျှင် သူ့ဝေဒနာသက်သာပျောက် ကင်းသွားရသည်ဟုပဲ ကျွန်တော်ဖြေတွေးတွေးလိုက်မိသည်။
နောက်ပိုင်းလည်း သူ ကျွန်တော့်ဆီ မကြာမကြာရောက်လာသည်။ အဲဒီအခါတွင်တော့ သူနှင်ကျွန်တော်ကြား တွင် ဆေးထိုးရခြင်း မှတပါး ဆက်ဆံမှုက သိပ်မရှိ။ လာသည့်အကြိမ်ရေများသွားချိန်တွင်တော့ သူ့ဘက်ကစကားတွေ ပို ပိုလာသည်။
အပ်ကဝင်သွားတော့ စူးခနဲဆို ခံစားရတာတွေပျောက်သွားတာပဲဟု သူဆိုလာတော့ ကျွန်တော် ဘာပြန်ပြောရ မှန်းမသိ။ နာကျင်မှုကို စွဲလမ်းနေခြင်းဟုပဲ ကျွန်တော် အဖြေထုတ်လိုက်သည်။ ထို့အတွက် စမ်းသပ်မှုတစ်ရပ်အဖြစ် သူ့တင်ပါးကို အပ်ဖြင့်စိုက်ရုံပဲစိုက်ပြီး ဘာမှမထိုးထည့်ဘဲ ခဏနေမှပြန်ထုတ်ကာ ချေခိုင်းလိုက်သည်။ သူကတော့ ဘာ မှသိပုံမရ။ နောက်လည်း သူလာတိုင်း ကျွန်တော် အဲဒီလိုပဲလုပ်ပေးလိုက်သည်။ တစ်ခါတစ်ခါတွင် သူ့ကိုကြည့်ပြီး ကျွန်တော်လည်း ဒီလိုမျိုး အပ်နှင့်အထိုးခံခြင်း ကို စွဲသွားအောင်လုပ်ကြည့် ရမလားတွေးမိအောင်ပင် သူက မထိုးမီနှင့် ထိုးပြီး ကွားခြားနေတတ်သည်။
တစ်ရက်တွင်တော့ သူက အဖော်တစ်ယောက်နှင့်လာသည်။ ထိုအဖော်ကလည်း ဆေးထိုးချင်လို့ဟုပြောတော့ ဒါသည်လည်း ကူးစက်တတ်သောရောဂါလားဟု ထင်ရအောင်ဖြစ်လာသည်။ သူကလည်း ကျွန်တော့်ထိုအတွေး ကို သက်သေပြဖို့ ကြိုးစားသလား ထင်ရအောင်ပင် ကြိုးစားပြနေသည်။ သူနှင့် သူ့အဖော်များ၊ သူ့အဖော်များ၏အဖော်များ နှင့် သူ့အဖော်များ၏အဖော်များ၏အဖော်များက ပို၍ပို၍များလာသည်။ ကျွန်တော်သည်ပင် ကူးစက်ခံရမည်စိုး၍ နှာ ခေါင်းစည်းနှင့် လက်အိတ်ကိုဝတ်ဆင်ပြီး နေနေရသည်အထိ စိတ်မသက်မသာဖြစ်လာရသည်။ ခုတင်ပေါ်တက်လာသူ တွေက တစ်ယောက်ပြီးတစ်ယောက် ကွန်ဗေယာကြိုးပေါ်မှာလိုဝင်လာပြီး ကျွန်တော်က အပ်ကိုစိုက်၊ခဏနား၊ ပြန်နှုတ် ဖြင့် ချာလီချက်ပလင်၏ Modern Times ကိုပင် သတိရသွားအောင် အလုပ်လုပ်နေခဲ့ရသည်။
မလုပ်သင့်တာကို လုပ်နေမိသည်ဟု တွေးနေမိသည့်အပြင် တစ်နေ့ပြီးတစ်နေ့ငြီးငွေ့မှုကို မခံနိုင်တော့သည့် အဆုံးတွင် ကျွန်တော် ဆေးခန်းသွားမဖွင့်ဘဲ နေလိုက်သည်။ အိမ်မှာလည်း ဘယ်လိုမှနေမရသည့်အဆုံး အသံတွေ ကြားနေရသည့် ဘုရားပွဲဆီသို့ ကျွန်တော် ထွက်သွားလိုက်သည်။ ဘုရားပွဲထဲရောက်တော့လည်း စိတ်က ဂဏှာမငြိမ်။ ကစားနည်းတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းကစားနေ မိသော်လည်း စိတ်က ဘာလိုနေမှန်းမသိ။ လက်ကလည်း တစ်ခုခု ကိုဆာလောင်နေသလိုမျိုး ဖြစ်လာသည်။ ပွဲခင်းထဲတွင်အတော်လေးကြာသွားပြီးမှပင် ကျွန်တော့်စိတ်ကိုပြေနိုင်ဖို့ တွေ့ သွားသည်။
ဂဏန်းကွက်တွေရေးသားထားသောအကွက်ငယ်လေးတွေကိုကြည့်ပြီး မြားတံဖြင့်ပစ်နေသော ကျွန်တော့်မျက်စိ ထဲတွင် ဂဏန်းတွေပျောက်ပျောက်သွားပြီး အရေပြားတွေ၊ အကြောတွေကိုပဲ မြင်နေမိသည်။ မြင်နေသည့်အတိုင်း လည်း ကျွန်တော်က မလွဲအောင်ပစ်နိုင်သည်။ ဤသို့ဖြင့် မြားပစ်ဝိဇ္ဇာတစ်ယောက် ပွဲခင်းတွေမှာ ဝေ့ဝဲနေသည်ဟု လူ တွေက ပြောလာကြသည်။
မင်းဘဝမှာ စွဲလမ်းစရာတွေက အများကြီးဖြစ်နေဦးမှာပဲ ဒါပေမယ့် ငါတို့လိုကြီးလာရင်တော့ မင်းမှာ စွဲလမ်း စရာ တစ်ခုနှစ်ခုလောက်ပဲ ကျန်တော့မှာပါဟု ရုပ်ရှင်ထဲမှမင်းသားက သူ့သားလူမမယ်လေးကိုပြောတော့ ကျွန်တော် မြားတစ်ချောင်းဖြင့် နံရံကပစ်မှတ်ကို လှမ်းပစ်လိုက်သည်။ တချို့ကျတော့လည်း ပစ်မှတ်အဖြစ်ခံရဖို့ကိုပဲ စွဲလမ်းနေ တတ်ဟု ကျွန်တော်တိုးတိုးလေးရေရွတ်မိလိုက်သည်။
ခရမ်းသစ်အိမ်
စရဏ ဇန်နဝါရီ ၂၀၁၁
Comments
Post a Comment