ခရစ်နှစ် ၂၀၅၀ခန့်မှစ၍ ကမ္ဘာ့အခြေအနေသည် စစ်မက်ဖြစ်ပွားဖို့ဘက် ပို၍ ဦးတည်လာတော့သည်။ ရေနံပေါ်တွင် မူတည်၍ နိုင်ငံအချင်းချင်း ပြဿနာတွေ အကြီးအကျယ် တက်လာကြရာ နောက်တက်လာသောခေါင်းဆောင်များသည် အာဏာရှင်ဆန်ဆန်တွေချည်းဖြစ်လာကြသည်။ ပြည်သူလူထုကလည်း အခြားနိုင်ငံများကို နှိပ်ကွပ်နိုင်မည့် ခေါင်းဆောင်များကိုသာ အလိုရှိကြတော့သည်ဖြစ်ရာ အာဏာရှင်တွေကိုသာ အပြတ်အသတ်ထောက်ခံကြတော့သည်။ လက်သီးလက်မောင်းတန်း၍ “ရေနံမပေးရင်ချမယ်” ဆိုသည်များနှင့် “ရေနံတော့မပေးနိုင်ဘူး။ ငါတို့ကို မချခင် ငါတို့ကအရင်ချမယ်” ဆိုသည်များသာ သတင်းတို့၌ နေရာယူလာတော့သည်။ ကံအားလျော်စွာပင် ကျွန်တော်တို့မြန်မာနိုင်ငံသည်ကား ဗုဒ္ဓဘာသာထွန်းကားသည့်အလျောက် ရောင့်ရဲတတ်ခြင်းနှင့် ဇီဝဒီဇယ်များ အလျှံပယ်ရှိနေမှုကြောင့် အထက်ပါကိစ္စရပ်များမပေါ်ပေါက်ဘဲ ရှေးကအတိုင်းသာ ငြိမ်းချမ်းသာယာလျက်ရှိသည်။
၂၀၇၀ခုနှစ်တွင်ကား အခြေအနေသည် မည်သို့မှ တားဆီးနိုင်ခြင်းမရှိသော စစ်ဆီသို့ရောက်ရှိသွားသည်။ နျူကလီးယားဗုံးများကို အသုံးချမှုကြောင့် လူသန်းပေါင်းများစွာ သေကြေပျက်စီးခြင်းသို့ရောက်ရသည့်တိုင် စစ်ကား မရပ်နိုင်သေးပေ။ လူတစ်ယောက်မှ ရှင်ကျန်နိုင်ဖွယ်မရှိသော အခြေအနေကြောင့် ယခုအချိန်ထိ ဗုံးဒဏ် လွတ်ကင်းနေသေးသောမြန်မာနိုင်ငံသည် ကမ္ဘာကြီး၏ အနာဂတ်အရေးအတွက် အစည်းအဝေးပြုလုပ်ရတော့သည်။ တခဏအတွင်းမှာပင် မြန်မာပြည်ကို ကမ္ဘာမှ ခေတ္တ စွန့်ခွာရေးဆိုသည့်အဆိုကို အစည်းအဝေးတက်သူ အားလုံးက သဘောတူကြလေသည်။ အစီအစဉ်အရ မြန်မာပြည်ကြီးတစ်ခုလုံးကို ဇီဝလောင်စာသုံး မြန်မာပြည်ထုတ် XXX ဒုံးပျံ များသုံး၍ ဂြိုဟ်ပတ်လမ်းပေါ် ဆွဲတင်ပြီး စစ်မက်အေးချမ်းသွားတော့မှ တစ်နည်း အားလုံးသေကုန်မှ ပြန်ဆင်းလာရန်ဖြစ်သည်။ (မဖြစ်နိုင်ဟု မတွေးပါနှင့်။ ကျွနု်ပ်ကလုပ်မည်ဆိုသောအခါ ဖြစ်ကိုဖြစ်ရမည်ဖြစ်သော ဝတ္ထုဖြစ်သောကြောင့်ပင်)
အစီအစဉ်အတိုင်းပင် တစ်ပတ်အတွင်း၌ မြန်မာပြည်နယ်နိမိတ်စည်းတလျှောက်ကို လွှစက်ကြီးများဖြင့်ဖြတ်၍ ဒုံးပျံများ လိုက်လံတပ်ဆင်ပြီးဖြစ်သွားသည်။ ပြဿနာတစ်ခုက အားလုံးနှင့်ပြတ်တောက်သွားသောမြန်မာပြည်ကြီးသည် ပင်လယ်ထဲသို့ တရွေ့ရွေ့မျောပါသွားသောကြောင့် ဘေးပတ်ဝန်းကျင်နိုင်ငံများထံ ခွင့်တောင်း၍ ချိတ်များဖြင့် လှမ်းချိတ်ထားရသည်။ ထို့အတွက် မြန်မာနိုင်ငံမှ ဇီဝဒီဇယ်များ လာဘ်ထိုးခဲ့ရသည်ဟု သတင်းများက လုပ်ကြံရေးသားလိုက်ကြသေးသည်။ အမှန်မှာမူ မြန်မာနိုင်ငံ အနေဖြင့် ထိုနိုင်ငံများမှ လူအချို့ကိုခေါ်ဆောင်သွားပေးမည်ဟု ကတိပြုခဲ့ရခြင်းသာဖြစ်သည်။
နိုင်ငံတစ်ခုလုံး မိုးပေါ်ပျံမည့်ကိစ္စသည် ပေါ့သေးသေး မဟုတ်ရကား ကမ္ဘာ့နိုင်ငံများအားလုံး ထိုအဖြစ်ကိုသိသောအခါတွင် စစ်ပွဲပင်ရပ်သွားသည်။ ကျွန်တော်တို့ကား စစ်ပွဲပြီးသွားလျှင် ကျွန်တော်တို့အခြေအနေသည် ဒုက္ခဟု တွေးမိသည်။ သို့သော်လည်း ထိုလူတွေက အရူးတွေသာဖြစ်သည်။ စစ်ကိုခေတ္တရပ်နားခြင်းသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အောက်မေ့ဖွယ်နှင့် လူမျိုး မတိမ်ကောစေရေးအတွက် လူမျိုးတစ်မျိုးလျှင်မောင်နှံတစ်စုံစီ ထည့်သွင်းရန် စီစဉ်ကြခြင်းသာဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့မြန်မာနိုင်ငံသည်ကား ၂၁ရာစု နောဧ၏သဘောၤကြီးပင် ဖြစ်နေတော့သည်။ ကျွန်တော်တို့ကလည်း လူများကိုသာ အဓိကထား တင်ဆောင်ခဲ့ကြပြီး အထိမ်းအမှတ် ရုပ်ထုများ (ဥပမာ လစ်ဘာတီရုပ်ထု၊ ဘစ်ဘင်နာရီစင်၊ အီဖယ်မျှော်စင် အစရှိသည်) ထဲမှမူ မိမိတို့နှင့် ပလဲနံပသင့်သူများထံမှသာ ယူဆောင်၍ အခြားသူများကိုကား ဝန်မနိုင်သောကြောင့်ဟူ၍သာ ဖြီးဖြန်းခဲ့ကြသည်။
(ဤနေရာတွင် အခြားနိုင်ငံများက အဘယ်ကြောင့် ကျွန်တော်တို့နိုင်ငံကဲ့သို့ ပျံတက်နိုင်ရန်မကြိုးစားရသနည်းဟု စောဒကတက်ဖွယ်ရှိသော်လည်း နည်းပညာကွာဟနေမှုကို အမှတ်ရစေချင်ပါသည်။)
အားလုံး အဆင်သင့်ဖြစ်ပြီဆိုသောအခါ ကျန်ရှိသောနိုင်ငံများလည်းစစ်ကို ဆက်တိုက်ကြ၏။ ခွဲခွာခြင်းအခမ်းအနားကို တစ်ရက်ကြိုတင်ပြုလုပ်ပြီးဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ထားသောကြိုးများကိုဖြုတ်လိုက်သည်။ ထို့နောက် (ဆိုင်ကယ်များ အင်ဂျင်နှိုးသကဲ့သို့ပင်၊ ဤကား စာဖတ်သူများ မှန်းဆကြည့်နိုင်ရန်ဖြစ်သည်။) ဒုံးပျံအင်ဂျင်များကို စတင်စက်နှိုးရန်အတွက် ပါဝါပြည့် မပြည့် လှမ်းမေးကြည့်လိုက်ရာ အားလုံးက အိုကေ ဆိုသဖြင့် စက်နှိုးပြီး စတင်ထွ က်လိုက်သည်။ သို့သော်လည်း မြန်မာပြည်ကြီးသည် အောက်ပိုင်းကသာ တက်သွားပြီး အပေါ်ပိုင်းက ကျန်နေသေးသဖြင့် တစောင်းကြီးဖြစ်သွားသောကြောင့် ကျွန်တော်တို့အားလုံး ဒုက္ခရောက်သွားရတော့သည်။ ချိတ်များ မဖြုတ်မိ၍လားဟု ကျွန်တော်တို့စစ်ဆေးကြသော်လည်း ချိတ်များကဖြုတ်ပြီးဖြစ်သည်။ ခိုးဝင်လာသူများ အလွန် များပြား၍များလားဟု ရှာကြည့်သော်လည်း မပြောပလောက်အောင်နည်းသော ခိုးဝင်သူများသာရှိသည်။ သို့ဖြင့် အင်ဂျင်များကိုပြန်ရပ်၍ ပြဿနာကို တဖန်ပြန်စဉ်းစားကြသည်။
ကျွန်တော်တို့ကဲ့သို့သော လွန်စွာ့လွန်စွာမှ တက်ကျွမ်း နားလည်လှသော ပညာရှင်များကို ခေါ်ယူ၍ စုံစမ်းရေးအဖွဲ့များ ဖွဲ့ကာ ပြဿနာ၏ဇစ်မြစ်ကို စုံစမ်းခိုင်းသည်။ ထိုအခါတွင် မှန်းဆချက် အမျိုးမျိုးတို့ ထွက်ပေါ်လာသည်။ တချို့က တောင်များကြောင့်လေးလံသည်၊ တချို့က အင်ဂျင်အားဆိုင်ရာပြဿနာကြောင့်ဖြစ်သည် စသည်ဖြင့် အမျိုးမျိုး ရွှီးရွှမ်းတင်ပြကြသည်။ နောက်ဆုံးတွင် ဇာတ်လိုက်ကြီးကျွန်တော်က အဖြေမှန်ကို တင်ပြလိုက်မှပင် အားလုံး သိရှိသွားတော့သည်။
အမှန်စစ်စစ်အဖြေမှန်မှာ လျှပ်စစ်မီးပြတ်တောက်သွားခြင်းကြောင့်ပင်ဖြစ်သည်။ အခြားနိုင်ငံများ၌ကျရောက်သော ဗုံးများ၏ဒဏ်ကြောင့် မြန်မာပြည်အတွင်းရှိ ဓာတ်တိုင်များ ပြိုလဲကျသွားရခြင်းကို ကျွန်တော်က တင်ပြလိုက်နိုင်သောကြောင့်ပင် မြန်မာနိုင်ငံကြီး ကံကောင်းသွားရတော့သည်။ သို့စဉ်လျက် မူလက ပါဝါများ စစ်ဆေးစဉ်က ဘာကြောင့် အိုကေဟု ပြောရသလဲဆိုသည့်မေးခွန်းများကိုတော့ ကျွန်တော်၏မစ်ရှင်နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်းမရှိသောကြောင့် ဖြေဆိုခြင်းမပြုခဲ့ပေ။
လဲကျနေသောဓာတ်တိုင်များကို တစ်နာရီအတွင်းအမြန်ဆုံးပြန်ထောင်ပြီးနောက် (ယုံပါဗျာ) ကျွန်တော်တို့မြန်မာပြည်ကြီး ကောင်းကင်ဆီသို့ ထွက်လာခဲ့သည်။ ပြီးခဲ့သောပြဿနာမှ နာမည်ကောင်း ရခဲ့သောကြောင့် ကျွန်တော့်ကို နယ်စပ်ဒေသများ၌ လူများ ခိုး၍ လိုက်ပါခြင်းရှိမရှိ စစ်ဆေးသော ဌာနတစ်ခု၏ေ ခါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ငယ်သားများနှင့်ပင် စိတ်မချသောကြောင့် ကျွန်တော်ကိုယ်တိုင် နယ်စပ်များသို့ တတ်နိုင်သမျှ သွားရောက် စစ်ဆေးခဲ့သည်။
တစ်နေရာတွင်မူ စီးပွားရေးတွင် အလွန်လူလည်ကျသော လူမျိုးတစ်ယောက် ခိုပါလာသည်ကိုတွေ့၍ ကျွန်တော်က ချက်ခြင်း ဆင်းရန်ပြောလိုက်သည်။ ထိုသူက မြန်မာစကားကို မပီကလာပီကလာဖြင့်ပြောပြီး ကျွန်တော့်ကို အတင်း လက်ဆွဲနှုတ်ဆက်သည်။ ထိုအဖြစ်အပျက်ကြောင့် ကျွန်တော်လည်း ထိတ်လန့်သွားပြီး ကျွန်တော့် သက်တော်စောင့်များကလည်း သူ့ကို ပစ်သတ်ဖို့ပြင်လိုက်ကြသည်။ သို့သော်လည်း ကျွန်တော်ကပင် သူတို့ကို တားဆီးလိုက်ရသည်။ ကျွန်တော့်လက်ဖဝါး၌ စက္ကူမာခေါက်ခေါက်ကိုခံ စားနေရသည် မဟုတ်ပါလား။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကျွန်တော့်သက်တော်စောင့်ထဲမှ တစ်ယောက်ကို ခပ်တိုးတိုးပြောကာ ထိုနေရာမှထွက်ခွာလာရာ ထိုသူသည် ကျွန်တော့်ကို ထိုင်ရှိခိုး၍ပင် နေတော့သည်။ နောက်ငါးမိနစ်လောက်ကြာတော့မှ ကျွန်တော့် သက်တော်စောင့်က သူ့ကိုမှာကြားခဲ့သည့်အတိုင်း ခိုးဝင်လာသူကို ကန်ချပစ်လိုက်သည်။ ကျွန်တော်သည် လာဘ်မစားတတ်သူ၊ ဥပဒေအတိုင်း လုပ်တတ်သူမဟုတ်လား။ သူ့ကိုကြင်နာသနားလွန်း၍သာ ငါးမိနစ်ခန့်လို က်ပါခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။
စစ်ပွဲများပြီးဆုံးသွားခဲ့သော် ကျွန်တော်တို့ဂြိုဟ်ပတ်လမ်းမှနေ၍ ပြန်ဆင်းခဲ့ကြသည်။ ကမ္ဘာမြေသည်ကား ပြာပုံအတိပင်ဖြစ်တော့သည်။ ဤကမ္ဘာကြီးကို အသစ်ကပြန်စရန်မှာ ကျွန်တော်တို့၏ တာဝန်ပင်ဖြစ်တော့သည်။ မြို့ကြီးများတည်ဆောက်ရန် အသီးသီး တာဝန်ယူကြာရာ၌ ကျွန်တော် တာဝန်ယူသော မြို့တိုင်းတွင် ကုန်ကျစရိတ်ကို တတ်နိုင်သမျှချွေတာပြီး အခြားမြို့များ၌ ကျွန်တော်ပိုင်အိမ်များ၊ စက်ရုံများ တည်ဆောက်ခြင်းဖြင့် တာဝန်ထက်ပင် ပိုမို၍ ကြိုးစားထမ်းဆောင်ခဲ့သည်။ လူဦးရေ အမြန်တိုးပွားလာရေးအတွက်လည်း ရနိုင်သမျှမိန်းမတွေကို ယူခဲ့ရသည်။ (ယူချင်လို့တော့ မဟုတ်ပါဘူး) ထိုမျှနှင့်ပင် အားမရသေးဘဲ ကျွန်တော်၏ ကိုယ်ပွားကလုန်းများကိုလည်း ခွင့်ပြုပမာဏ ထက်ကျော်လွန်သည်အထိ ထုတ်လုပ်ထားခဲ့သည်။ ထိုအချိန်က ကလုန်းများ ထုတ်ခြင်းကို ရာထူးအဆင့်အတန်းပေါ် မူတည်ပြီး အရေအတွက် အနည်းအများဖြင့် ခွင့်ပြုထားသည်။ ကျွန်တော်သည်ကား တာဝန်ကိုကျေပွန်သည်ထက်ပင် ပိုမိုကြိုးစားသူဖြစ်သည့်အလျောက် ပိုမို၍ ထုတ်ထားရခြင်းဖြစ်သည်။
ကမ္ဘာသစ်တွင် ကျွန်တော့်လို လူမျိုးတွေပင်ဖြစ်ရကား လူဦးရေကော ကလုန်းဦးရေပါ အဆမတန် တိုးလာတော့သည်။ သို့သော်လည်း ကိစ္စမရှိပေ။ ငလျင်လေး နည်းနည်းလှုပ်ရုံဖြင့်ပင် အဆောက်အအုံပြိုကျမှုကြောင့် လူဦးရေလျော့သွားရကား ကျွန်တော်တို့၏ အနေအထားက အေးဆေးပင်ဖြစ်သည်။ အလုပ်လုပ်ဖို့ မလောက်ငှ၍ပင် စက်ရုပ်များကို ထုတ်ထားရသေးသည်။ စက်ရုပ်များကလည်း နည်းပညာမြင့်မားသည့်အလျောက် လူနှင့် တစ်ထေရာတည်းတူနေခြင်းကပင် ပြဿနာဖြစ်နေတော့သည်။
ကျွန်တော်လည်း အသက်ကလေးနည်းနည်းရ၊ ဥစ္စာလေး များများရလာသည်တွင်တော့ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အနားယူလိုက်သည်။ ထို့နောက်ဝါသနာပါရာ ဆေးကုစားရန်အတွက် အလကားနီးနီးပေးနေသော ဆေးပညာဘွဲ့များကို ယူ၍ ပါရဂူအဖြစ် အသက်မွေးနေသည်။ ထို့နောက် ကမ္ဘာသစ်၏ အလှည့်အပြောင်းဖြစ်စေမည့် စာတမ်းတစ်ရပ်ကို တင်ပြလိုက်သည်။ ကမ္ဘာဟောင်း၏စစ်ပွဲများသည် ခံစားမှုများ (ဥပမာ အမုန်း၊ အတ္တ) ရှိနေသောကြောင့် ဖြစ်ပွားနေရခြင်းဖြစ်၍ ကမ္ဘာသစ်၌ ကမ္ဘာသားစိတ်ဓာတ်မှလွဲပြီး ခံစားချက်များကိုပျောက်ကွယ်သွားစေရန်လေ့ကျင့်ပေးရမည် ဆိုသော စာတမ်းပင်ဖြစ်သည်။ သုတေသနဆိုင်ရာ ရလဒ်များအရဟု ကျွန်တော်ဖြီးထားလိုက်တော့ အားလုံးက လက်ခံကြသည်။
ကျွန်တော်၏စာတမ်းက မည်သို့ပင်ဆိုစေကာမူ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် အောင်မြင်ခဲ့သလိုပင် ဆောင်ရွက်ချက်များလည်း အောင်မြင်လာသည်။ ထိုအခါ ကမ္ဘာကြီးသည် ပျင်းစရာကောင်းလောက်အောင် တိတ်ဆိတ်နေတော့သည်။ အခြားသူများကတော့ ပျင်းမှာမဟုတ်။ ကျွန်တော်ကသာ ခံစားချက်ကိုမပျောက်အောင် ကိုယ်ဖော်သောဆေးကို ကိုယ်မသောက်ဘဲနေသောကြောင့် ပျင်းလာခြင်းဖြစ်သည်။ ထို့အတွက် ရယ်မောခြင်းသည်ကောင်း၏ဆိုသော စာတမ်းကိုတင်ကာ လူသားအားလုံးရယ်မောသင့်သည်ဟူ၍ အကြံပေးလိုက်ရာ အားလုံးက လက်ခံကြပြန်သည်။
ရယ်မောခြင်းCampaign များဖွင့်၍ လူများကို ရယ်အောင်လုပ်ပြန်သည်။ လူများနှင့်စက်ရုပ်များကိုခွဲခြားနိုင်သည်မှာ ရယ်မောခြင်းသာဖြစ်သည်၊ လူနှင့်စက်ရုပ် ခွဲခြားရန်အတွက် ရယ်မောခြင်းကိုသာ အသုံးပြုတော့မည်ဟု သက်ဆိုင်ရာကကြေညာလိုက်သည်တွင်တော့ မရယ်တတ်သူများ ကျွန်တော့်ဆေးခန်းကို ပြေးလာကြရတော့သည်။ ကျွန်တော်ကလည်း သူတို့ကိုစာနာစွာဖြင့်ပင် ထိုက်တန်သော အဖိုးအခဖြင့် ကုသပေးခဲ့ရသည်။ (ကျွန်တော့်ဆေးခန်းကဲ့သို့သောဆေးခန်းများ အလျှိုလျှိုပေါ်လာမည်ဖြစ်ကြောင်းကိုတော့ ခန့်မှန်းမိလောက်ပြီးဖြစ်မှာပါ။)
တစ်ရက်တွင်တော့ ထူးဆန်းသော လူငယ်လေးတစ်ယောက် ရောက်လာသည်။ ဆေးခန်းများစွာ၌ ပြသခဲ့ပြီးဖြစ်သော်လည်း မထူးခြား၍ ကျွန်တော့်ဆီရောက်လာခြင်းဖြစ်သည်။ ကျွန်တော်ကတော့ မည်သို့မှ သဘောထားမနေတော့ဘဲ ဆေးမျိုးစုံကို တိုက်ကျွေးကြည့်သည်။ မည်သို့မှ မထူးခြား။ ထို့ကြောင့် ကျွန်တော်ဖတ်ဖူးသော ဝတ္ထုထဲကအတိုင်း ဟာသစာအုပ်များ ဖတ်ခိုင်းကြည့်သည်။ သို့သော်လည်း လူငယ်လေးက မည်သို့မှမခံစားရ။ ဘယ်စာအုပ်ဖတ်ဖတ် ရယ်မောခြင်းမရှိ။ လူမှ ဟုတ်ရဲ့လားဟု သေသေချာချာပြန်စစ်ကြည့်တော့လည်း လူအစစ်ဖြစ်တာသေချာသည်။
ထိုပြဿနာကို ဆွေးနွေးပွဲတစ်ခု၌တင်ပြခဲ့ရာ လူအများက နည်းအမျိုးမျိုးပေးကြသော်လည်း ကျွန်တော် စမ်းသပ်ခဲ့ပြီးသောနည်းများပင်ဖြစ်နေသည်။ သို့သော်လည်း တစ်ချိန်က အထက်အရာရှိ ကျွန်တော့် ဆရာသမား တစ်ယောက်က သူ့စာအုပ်ကိုဖတ်ခိုင်းပါဟု အမိန့်မပေးရုံတမယ် အကြုံပြု၍ ကြိုးစားပါမည်ဟု ကတိပြုခဲ့ရသည်။ သူ့စာအုပ်ကား အရယ်သန်သူများပင် ဘာကြီးမှန်းမသိ ဆိုကာ မရယ်နိုင်ကြသော်လည်း အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်ပင် အရောင်းရဆုံး နံပါတ်တစ်မှ မဆင်းသလို စာပေဆုတွေလည်း တသီကြီးရထားသည်။ ကျွန်တော်ကိုယ်တိုင် ရှောင်လွှဲမရ၍ ဖတ်ခဲ့ဖူးရာ တစ်စက်ကလေးမှမရယ်ရသော်လည်း သူ့ရှေ့၌ဖြစ်၍ ခွက်ထိုးခွက်လန် ရယ်ပြ ရဖူးသည်။ သူကတော့ သူ့စာအုပ်နောက်ကျောတွင် “လူမှန်က ရယ်ရမည့်စာအုပ်” ဟု ကြော်ငြာထားသည် ဆိုတော့ ကျွန်တော်တို့မှာ အောင့်သက်သက်ဖြင့်သာ ရယ်ပြရုံပဲရှိတော့သည်။
စိတ်မပါလှသော်လည်း ထိုစာအုပ်ကို လူငယ်လေးအား ပေးဖတ်ကြည့်ရာ ထင်သည့်အတိုင်းပင် မရယ်ပါ။ ထိုအကြောင်းကိုပြန်ပြောပြတော့ ကျွန်တော့်ဆရာက သူ့ရှေ့တွင်ပင် ဖတ်ခိုင်းသည်။ လူငယ်မှာ ရယ်ဖို့နေနေသာသာ သတ်သေတော့မည့်နှယ်ပင် ဖြစ်နေတော့သည်။ ကျွန်တော့်ဆရာလည်း မျက်မှန်ကြီးကိုချွတ်ပြီး (ကွဲမှာစိုး၍) ထခုန်ကာ အားကုန်အော်ပါတော့သည်။
“မင်း လူမဟုတ်ဘူး။ လူမဟုတ်ဘူး”
ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ ထွက်ပြေးရမလို။ ပြေးချော့ရမလို။
ထိုသို့ဗျာများနေခိုက်မှာပင် သကောင့်သားလူငယ်က အားရပါးရထရယ်လေ၏။ (ဘာကိုသဘောကျသွားမှန်းမသိ)
ထိုနေ့မှစ၍ ကျွန်တော့်ဆေးခန်းနှင့် ဆရာ့စာအုပ်သည် ရယ်မောခြင်းအတွက် ဆေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကဲ့သို့သော ကမ္ဘာသစ်၏ အမြင့်ဆုံးဆုကို ဆွတ်ခူးခဲ့သည်အထိ လူသားတို့၏ပြဿနာကိုဖြေရှင်းပေးနိုင်သောအရာများအဖြစ် ထင်ရှားခဲ့လေသတည်း။
ခရမ်းသစ်အိမ်
Comments
Post a Comment