ဆရာကြီးမင်းသိင်္ခရဲ့ စာတွေလိုအစပျိုးရရင်တော့ မြန်မာပြည် မြေလတ်ပိုင်းရှိ ရွာကြီးတစ်ရွာတွင်ပေါ့ဗျာ။ အဲဒီရွာမှာ ရိုးသားကြိုးစားတဲ့ လူငယ်လေးတစ်ယောက်က ပညာကိုလည်း ကြိုးစားပြီး ရပ်ရေးရွာရေးဆောင်ရွက်ရင်းနဲ့ အားလုံးကြိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရွာရဲ့ သူကြီးပေါ့ဗျာ။ ပြဿနာက သူ ခေါင်းဆောင်ဖြစ်တာမဟုတ်ပါဘူး။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့သားတော်မောင်က ဆက်ပြီး သူကြီးဖြစ်သွားတဲ့ကိစ္စပါ။
တချို့က မကြိုက်ကြသလို တချို့ကျတော့လည်း အားကိုးစရာမှမရှိတာ သူသာလျှင် မျိုးရိုးကောင်းပြီးတော့ စုမိဆောင်းမိလေးတွေလည်း ရှိတော့ ရပ်ရွာအတွက် အချိန်ပေးနိုင်တယ်ဆိုပြီး သဘောကျကြတယ်။ ဒီလိုနဲ့ နေနေကျတာ ပြဿနာ အထူးအထွေရယ်လို့မဖြစ်သေးပါဘူး။ တစ်နေ့ မတိုင်ခင်အထိပေါ့လေ။ ပြဿနာတွေ စလာတဲ့ တစ်နေ့မတိုင်ခင်ထိတော့ ပြဿနာရယ်လို့ မရှိသေးပါဘူး။
ပြဿနာရဲ့အစမှာတော့ အရင်ကတည်းက တိုးတိုးတိတ်တိတ်ကြားနေခဲ့ဖူးတဲ့ သတင်းလေးက တဖြည်းဖြည်းကျယ်လာတာကနေပြီးတော့ နောက်ဆုံးမှာ ပေါက်ကွဲထွက်သွားရာကနေ အစပြုတော့တာပါပဲ။ တချို့ကျတော့လည်း ပုပ်လို့ပေါ် ဟုတ်လို့ကျော်ပါပေတယ် ကောင်းချီးပေးကြတာပေါ့ဗျာ။ တချို့ကျတော့လည်း ဒါကြီးကိုတော့ဖြင့် မပြောသင့်ပါဘူးဟယ် သူ့ခမြာ ရှက်ရှာမှာပါပေါ့လို့ အပြစ်တင်ကြတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေမတူကြပေမယ့် ဟိုဘက်နဲ့ဒီဘက်လို့ဆိုရမယ့်သူတွေရဲ့ အမျိုးတွေကတော့ သူတို့မှမှန်တယ် တခြားသူမှာဖြင့် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့မှားတယ်ဆိုတာကို မဟာသမ္မတမင်းက စပြီးချီလည်း ချီကြရဲ့။ သြကာသလောကကြီးနဲ့ နှိုင်းယှဉ်ပြတဲ့လူကလည်း နှိုင်းကြနဲ့ပေါ့။ ပွဲကတော့ တရုန်းရုန်းပါပဲ။
အဲဒီလို သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ကိစ္စမှာ ဘယ်သူ့ကို ဆုံးဖြတ်ခိုင်းမယ်ဆိုတာကလည်း တချီတမောင်း အငြင်းပွားကြပါလေရောဗျာ။ ရွာက လူကြီးအဖွဲ့ကို ဆုံးဖြတ်ခိုင်းမလားဆိုတော့လည်း ဟိုတစ်ခါလို အပြောခံရပြီး နှပ်ပစ်ခံရမှာကြောက်လို့ လူကြီးအဖွဲ့ကလည်း သူတို့နဲ့ မဆိုင်ပါဘူး။ လူထုကိုသာ ဆုံးဖြတ်ခိုင်းပါဆိုလေရောဗျ။ လူထုကို ဆုံးဖြတ်ခိုင်းရအောင်လည်း ဒါက ဖွဲ့စည်းပုံပြင်ဖို့မှမဟုတ်တာ။ ဟိုလူကြီးရဲ့ တိုးတိုးတိတ်တိတ်ကိစ္စလေ။
ကိစ္စက ဒီလိုပါ။ ရွာကလူတွေအနေနဲ့ အရင်တုန်းကတည်းက တိုးတိုးတိတ်တိတ်ကြားဖူးနေကြပြီး ဟိုလူကြီးမကြားလောက်ဘူးဆိုရင် အတင်းတုပ်နေကြကိစ္စပါပဲ။ ခုမှသာ ရပ်ကျော်ရွာကျော် ဘုတ်ပေါ်မှာ လာရေးသွားတာလေ။
သူကြီးဖင်မှာ အမြီးပါသည် တဲ့လေ။
ဘယ်သူလက်ကမြင်းသွားမှန်းမသိပါဘူး။ လူနာမည်နဲ့ ဓာတ်ပုံအမှန်မပါတဲ့ ဖေ့ဘွတ်ဆိုတာကြီးမှာ ရေးတာဆိုလည်း မသိချင်ယောင်ဆောင်ထားလို့ရသေးတယ်လေ။ နောက်ဆုံးမခံနိုင်လွန်းလှဖြစ်လာရင်တောင် ကော်မရှင်တွေ ဘာတွေဖွဲ့ပြီး နောက်ဆုံးကျမှ ဟိုလိုလိုဒီလိုလို လျှောချရင်းနဲ့ မြွေမသေ တုတ်မကျိုးလေး လုပ်လို့ရသေးတယ်။ ခုဟာက အဲဒီ အမြီးပါသည်ဆိုတဲ့စာတမ်းအောက်မှာ ပုံ ဆိုပြီး နာမည်တွေ တန်းစီလို့ရေးထားတာများ ရဲဘော်သုံးကျိပ်မှတ်ရတယ်။ ပြီးတော့လည်း ရပ်ထဲရွာထဲမှာ ငါတို့ရေးလိုက်တာလေ တွေ့ပြီမလားဆိုပြီး လိုက်ကြော်ငြာထားကြလေတော့ ပါးရိုက်မခံရတာ ကံကောင်းပါပဲဗျာ။ သူကြီးတို့အဖွဲ့ ပါးရိုက်ကြမ်းကြမ်းလေ။
သူကြီးဖင်မှာ အမြီးလေးပါတယ်ဆိုတဲ့ကိစ္စက အရင်တုန်းကတည်းက တိုးတိုးတိုးတိုးတော့ ပြောခဲ့ကြတာပဲဗျ။ အဲဒီတုန်းက သူကြီးအဖေကို ကြည်ညိုလေးစားကြလေတော့ သနားတာနဲ့ ပေါ်ပေါ်ထင်ထင် မပြောရက်ကြလေဘူးဗျ။ ဒါပေမယ့်လည်း ခုသူကြီးရဲ့အဖေ အဲဒီတုန်းက သူကြီး ဆုံးရတာတောင်မှ ခုသူကြီး သူ့သားလေးရဲ့ ပယောဂမကင်းလေဟန် ဆိုခဲ့ကြတာပဲ။ ခိုက်တယ် ဘာညာပေါ့ဗျာ။ ဒါပေမယ့်လည်း အမြီးပါတယ်ဆိုတာတော့ ဟိုပြောဒီပြောပဲလေ။ သူ့အိမ်မှာပဲ ဘွားအေကြီးက မွေးပေးပြီး မြို့မှာပဲ ကြီးပြင်းခဲ့ရတာဆိုတော့ ဘယ်သူမှ မသိကြဘူးဗျ။
အံ့သြစရာကောင်းတာက ဘယ်သူမှ မသိကြဘူးသာပြောတာ တစ်ရွာလုံးကတော့ ဒီကောင်လေးမှာ အမြီးရှိတယ်ပဲ ပြောပြောလာခဲ့ကြတာလေ။ အဲဒီအမြီးနဲ့ သတ္တဝါက သူတို့သူကြီးလာဖြစ်တော့လည်း တောသူတောင်သားများ အေးအေးဆေးဆေးပဲ။ ထမင်းကြမ်းခဲ ယပ်ခတ်စားနေရပြီးရော နေခဲ့ကြတာဗျ။ မဟုတ်ရင်လည်း ပဲဟင်းစားရမယ်ဆိုတာကို သူကြီးက သင်ပေးခဲ့တာကိုး။
ခုနေခါမှာတော့ ဒီမိုကရေစီရေစီးက ခေတ်ကောင်းနေတော့ အမြီးနဲ့သူကြီး (ဘွာတေး ဘွာတေး တရားစွဲခံနေရဦးမယ်။ ဒီခေတ်ကြီး ဂျာနယ်အချင်းချင်းတောင် တရားစွဲတဲ့ခေတ်ဆိုတော့) သူကြီးကလည်း ဟိုပြောင်းဒီပြောင်းနဲ့ သူ့အိမ်ရှေ့က ဆိုင်းဘုတ်ကို သူကြီးအစား အုပ်ချုပ်ရေးမှူးလို့ ပြောင်းပေးလိုက်တယ်။ ပြီးတော့လည်း ရွာထိပ်က ဇရပ်မှာ ဘယ်သူမှ လာမရေးလောက်ပါဘူးလို့တွေးပုံရပြီး ဘောတစ်ချပ်ချိတ်ပေးလိုက်တယ်လေ။ အဲဒီမှာပဲ သူ့အမြီးကိစ္စက အဲဒီဘောပေါ် ရောက်လာတော့တာပေါ့။
သူကြီးလည်း မွှန်ထူပြီး နယ်တကာလှည့်ပါးရိုက်ပစ်မယ်တွေ ဘာတွေဖြစ်လာတာပေါ့။ ဒါပေမယ့်လည်း သူ့ရဲ့ခေါင်ချုပ်ကြီး အကြံပေးကောင်းတဲ့ မဟေသီက ဖယောင်းတိုင်ထွန်းပြီး အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေးနေခိုင်းတာနဲ့ (ယတြာတွေဖြစ်မှာပေါ့ဗျာ) ပုဆိုးလှန်ပြတဲ့အဆင့်တော့ မရောက်သွားဘူးဗျ။
အမှန်တော့ ဖယောင်းတိုင်မထွန်းဘဲ ပုဆိုးလှန်ပြလိုက်ရင်လည်း တစ်ခါတည်း ကိစ္စကရှင်းသွားတယ်လေ။ အမြီးရှိမရှိ မြင်သွားမှာကို ပြောပါတယ်။ ခုတော့ သူကြီးကလည်း ပြုပြင်ပြောင်းလဲရေးတွေ အရှိန်ကောင်းပြီး အရက်အစား နွားနို့ကို ပြောင်းသောက်နေပြီဆိုတော့ ပုဆိုးလည်းလှန်မပြရဲတော့ဘူးပေါ့။
ဒီလိုနဲ့ ဒီဇာတ်ထုပ်ကြီး စတော့တာပေါ့။ သူကြီးကလည်း သူပိုင်တဲ့ရဲကို ခေါ်ခိုင်းပြီး သူ့အမြီးအကြောင်း ရေးရကောင်းလားလို့ ရတဲ့အမှုတပ်ခိုင်းတယ်။ အဲ ရေးတဲ့သူတွေရဲ့ အမျိုးတွေကလည်း ဘာလို့ဖမ်းမှာလည်း သူကြီးရယ်၊ သူကြီးမှာ အမြီးမပါဘူးဆိုရင် အားလုံးသိသွားအောင် တင်ပါးလှန်ပြလိုက်ပါလားလို့ ဝိုင်းအော်ကြတယ်ဗျ။
ကဲ ဘယ်လိုလုပ်ကြမလဲဗျာ။ သူကြီးခမြာလည်း တစ်သက်လုံးဖုံးလာသမျှကို မကုန်းဘဲနဲ့ ပေါ်ပြရမယ့်ကိန်းဆိုက်နေပြီ။ ရွာသားတွေဘက်ကကြည့်ပြန်တော့လည်း အရင်လို တိုးတိုးတိတ်တိတ်ဆို ကိစ္စမရှိဘူး။ ခုလို လူသိရှင်ကြားကြီးဖြစ်လာပြီးမှ သူကြီးဘက်က မရှင်းပြနိုင်ရင် ဘေးရွာသားတွေက ဝိုင်းပြောကြတော့မယ်လေ။ အမြီးနဲ့ဆိုမှတော့ လူလို့ သတ်မှတ်လို့ရဦးမှာလား ဆိုပြီး တွေးစရာကိုး။
သူကြီးဘက်ကလည်း သက်သေတွေထုတ်ပြပေမယ့် သက်သေခံမယ့်သူကလည်း သူ့အကြံပေး မဟေသီကြီးဖြစ်နေလေတော့ ဘယ်သူကမှ မယုံကြတော့ဘူး။ မိတ်ဆွေတို့ဆိုရင်ကော ဘာဆက်လုပ်ကြမလဲဗျ။ ကျွန်တော်ကတော့ ရွာသားပဲဆိုတော့ အဲဒီသူကြီး အမြီးပါမပါတော့ သိချင်တယ်။ ဒါပေသိ သူ့တင်ပါး မည်းတုန်းတုန်းကြီးလည်း မမြင်ချင်ပါဘူးဗျာ။ ဆုံးဖြတ်ရမယ့် အဖွဲ့ထဲဝင်ဆိုလည်း မဝင်ချင်ပါဘူး။ တပည့်တော်တို့မှာလည်း သူတို့ကို ကြောက်ရပါတယ်ဘုရား ကိုး။
ကဲ ဒီတော့ မိတ်ဆွေတို့ပဲ ဘာဆက်လုပ်ကြရင်ကောင်းမလဲ စဉ်းစားကြပေါ့ဗျာ။ ကျွန်တော်တို့သဘောကတော့ အပေါ်မှာ ပြောခဲ့သလို သိလည်းသိချင်တယ် မြင်တော့ မမြင်ချင်ဘူးဗျ။ ရွာအမှုဘုန်းကြီးပတ်ပြီး ဘုန်းဘုန်းဘုရားကသာ သူကြီးတင်ပါးကို အစားအသောက်အပျက်ခံပြီး စစ်ဆေးပေးရင်လည်း ကောင်းသား။ ဘောပေါ်မှာ ရေးတဲ့သူတွေကိုတော့ မော်တော်ပီကယ်တွေ ယာဉ်စည်းကမ်းဖောက်တဲ့သူတွေဖမ်းတုန်းကလို ဗီဒီယိုထိုင်ကြည့်ခိုင်းပြီး ပြန်လွှတ်လိုက်ရင်တော့ နားအေးတာပေါ့ဗျာ။ အဲဒီထဲမှာ ကျွန်တော့်ယောက်ဖလောင်းလေး ပါနေလို့လေ။
ကဲ ကျွန်တော်ကတော့ ဒီလောက်နဲ့ပြီးပြီ။ ပြဿနာကတော့ မပြီးသေးဘူး။ မိတ်ဆွေတို့ကလည်း ဆက်ပြီး ကီးဘုတ်ကိုကိုင်လို့ ဆက်လက်တိုက်ပွဲဝင်လိုက်ကြဦး။ ဒါမှသာလျှင် သမ္မတကြီးရဲ့ဆန္ဒအတိုင်း သေနတ်အစား လက်တော့ကိုင်ရာရောက်လိမ့်မယ်။
အမြီးနေပုံ ပေါ်ရမည်
ခရမ်းသစ်အိမ်
Feb 18, 2014 7Days
Newspaper
http://www.free4readers.com/daily_issue/2014/7Day/7Day_140218_19.jpg

Comments
Post a Comment